Friday, April 4, 2008

ကလေး အတွေး ထဲက “အိမ်”

သားသား အတွက် အိမ်ဆိုတာ
အဆောက်အဦ အကြီးကြီး မလိုဘူး
သားသား နဲ့ တူတူ တနေ့တာကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေမယ့် လူတွေပဲ လိုတယ်
မေမေက ခေါင်မိုး၊ ဖေဖေက တိုင်နဲ့ နံရံ၊ ဘိုးဘိုး ဘွားဘွား တို့က မီးနဲ့ရေ၊ ဦးဦး ဒေါ်ဒေါ်တို့က ဆိုဖာနဲ့ ကုတင်၊ သားသားက အိမ်ရှေ့ ပေါ်တီကိုမှာ ချိတ်ထားတဲ့ ဆည်းလည်းလေး လုပ်မယ်လေ…

သားသား အတွက် ဇာတိမြေ ဆိုတာ
မြို့ကြီးတမြို့ ဖြစ်ဖို့ မလိုဘူး
သားသား ငယ်ဘ၀ ကနေ လူကြီးဖြစ်ဖို့ အတွက် ကျင်လည် ကျက်စား လေ့လာ သင်ယူရာ နေရာ တစ်ခု ဖြစ်ဖို့ပဲ လိုတယ်.. သားသားဆော့ဖို့ ကောင်းတဲ့ နေရာ ဖြစ်ဖို့ပဲ လိုတယ်… ကစားကွင်းကြီး မရှိလဲ ရှိတာနဲ့ ဖြစ်အောင် သားသား ဆော့တတ် ပါတယ်…

တနေ့ သားသား လူကြီး လုပ်မယ်..
ဘယ်လိုလူကြီးဖြစ်ချင်သလဲ ဆိုတာ သားသား မဆုံးဖြတ်ရသေးဘူးလေ…
ဘယ်လိုလူကြီး ဖြစ်လာမလဲ ဆိုတာ သားသား မသိသေးဘူးလေ …
သားသား လမ်းပေါ်မှာ “ခွေ ” လှိမ့်ရင်း ပြေးလွှားဆော့ကစားရင်း
လမ်းပေါ်က အရာတွေကို သားသား အိတ်ထဲ ကောက်ထည့်မယ်.. ကောင်းနိုးရာရာတွေပေါ့…
သားသား ရဲ့ တနေ့တာ အတွေ့အကြုံ တွေကို အတွေးထဲ ကောက်ထည့်မယ် .. ကောင်းနိုးရာရာတွေပေါ့…

ခင်ဗျားတို့ ကြည့်ချင်ကြလား
ကလေး တစ်ယောက် စုဆောင်းထားတဲ့ အရာတွေလေ…
သင်ပေးတာ တွေက ပညာလား…
အတွေးထဲ မြင်လာတာ တွေက ပညာလား …

ဖေဖေသိလား… သားသား ဒီလို ပြန်ပြောခဲ့တယ်
မေမေသိလား… သားသား ကို ဒီလိုပြောကြတယ်
ဘိုးဘိုးသိလား… သားသား ဒါတွေ မြင်ခဲ့တယ်
ဘွားဘွားသိလား.. သားသား ဒါတွေ ကြားခဲ့တယ်
ဦးဦး သိလား… သားသား ဒီလိုလုပ်ခဲ့တယ်
ဒေါ်ဒေါ်သိလား… သားသားလေ ဒီလို….
ကိုကိုသိလား… သားသား ဒီလို…
ဟော.. ညီလေး ပါလားးး
ညီညီလေး.. လာလာ .. ကိုကို ပြောပြမယ် သိလား…
.
.
.
ရှူး တိုးတိုး!!! သားသား ဆော့နေသည်
ထိုလမ်းကြောင်းမှ သားသား စူးစမ်းသည် လေ့လာသည် တွေးတောသည် သင်ယူသည်… ကြီးလာရင် သားသား လူကြီး လုပ်မည်…

2 comments:

Su said...

BRILLIANT!

ein said...

ကလေးအတွေးလေးကောင်းတယ် အမရေ...း)