Thursday, April 3, 2008

ဓမ္မနဲ့ အဓမ္မ ကို သင်္ချာပေါ် တင်ကြည့်ခြင်း

တခါက အဘိုးအို တစ်ယောက်ဟာ သေခါနီးမှာ သူပိုင် မြင်း ၁၇ ကောင်ကို သားသုံးယောက်ကို အမွေ ပေးပါ သတဲ့။ သူနဲ့ အတူ အကြာကြီး စီးပွားရှာခဲ့တဲ့ သားကြီးက မြင်းအားလုံးရဲ့ တစ်ဝက် တိတိကို ယူစေ။ သားလတ် က သုံးပုံ တစ်ပုံကို ယူစေ။ သားငယ်က ကိုးပုံ တစ်ပုံကို ယူစေလို့ သေတမ်းစာ ထားခဲ့ ပါသတဲ့။
အဘိုးအို သေလွန်တဲ့ အခါမှာ သား ၃ယောက်ဟာ မြင်း ၁၇ ကောင်ကို ခွဲဝေ ယူဖို့ ကြိုးစား ကြတဲ့ အခါ

မြင်း ၁၇ ကောင်ရဲ့ တစ်ဝက် = ၈ (၁/၂)
မြင်း ၁၇ ကောင်ရဲ့ သုံးပုံ တစ်ပုံ= ၅ (၂/၃)
မြင်း ၁၇ ကောင်ရဲ့ ကိုးပုံတစ်ပုံ= ၁ (၈/၉)
၁၇ = ၈ (၁/၂) + ၅ (၂/၃) + ၁ (၈/၉)
= ၁၇/၂ + ၁၇/၃ + ၁၇/၉
= ၁၅၃/၁၈ + ၁၀၂/ ၁၈+ ၃၄/ ၁၈
= ၂၈၉/၁၈
= ၁၆.၀၅ < ၁၇ ကောင်
တစ်ကောင် အလေအလွင့်ဖြစ်သွားပါတယ် နော်…. ဒီနည်း အတိုင်း ဆိုရင် မြင်းတွေကို သတ်ပစ်ပြီး မြင်းသားကို ခွဲဝေ ယူရမယ့် အနေအထား ဖြစ်နေသတဲ့။ မြင်းတွေ ကံကောင်း သွားတာက ဒီညီအကို သုံးယောက်ဟာ မြင်းတွေကို ချစ်လို့ မသတ်ရက်ဘူးတဲ့။ မြင်းတွေကို မသေရအောင် တစ်ယောက်ယောက်က အလျှော့ပေးပြီး ခွဲဝေ လိုစိတ်လဲ မရှိဘူးတဲ့။

ဒီအခါ ဘယ်သူကမှ လျှော့ မယူလိုတဲ့ ညီအကို သုံးယောက်ဟာ ဒီလို ရှုပ်ရှုပ်ထွေးထွေး အမွေပေးတဲ့ အဖေ့ကို နားမလည် နိုင်ကြဘူးတဲ့။ ဒါ့အပြင် ဒီနည်းကို သင်မပေးဘဲ ဘာလို့ ဒီလို စီစဉ် ရသလဲ လို့လဲ မတွေးတတ် အောင် ဖြစ်နေသလို စိတ်တွေလဲ တိုလို့တဲ့။ ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့ကို အကြံပေးတဲ့ လူကြီး တစ်ယောက် ရဲ့ အစီအစဉ် အတိုင်း ရွာဦးကျောင်း ဆရာတော်ထံ သွားပါသတဲ့။ သူတို့ အမွေ ကိစ္စကို မြင်းတွေကို သတ်မပစ် ဘဲ အညီအမျှ အလေအလွင့် မရှိ ခွဲဝေ လိုချင်တာ ဘယ်လို လုပ်ရမလဲ ဆိုတာ သွားမေးပါသတဲ့။ ဒီအခါ ဆရာ တော် က ဘုန်းကြီး ကျောင်းဝင်းထဲ ဘေးမဲ့ လွှတ်ထားတဲ့ မြင်းအို တစ်ကောင် ကို ခဏ ယူပြီး သူတို့ အမွေရတဲ့ မြင်းအုပ်ထဲ ထည့်လိုက်တဲ့ အခါမှာ မြင်း စုစုပေါင်း ၁၈ ကောင် ဖြစ်သွား ပါသတဲ့။ ဒီအခါ

သားကြီး အတွက် ဝေစု= ၁၈/၂= ၉ ကောင်
သားလတ် အတွက် ဝေစု= ၁၈/၃= ၆ကောင်
သားငယ် အတွက် ဝေစု= ၁၈/၉= ၂ကောင်

အားလုံး ဝေစုထက် ပိုရလို့ ကျေနပ် ပြုံးပျော် နေကြပါတယ်။ ဒါပေမယ့် ၉+ ၆+ ၂ = ၁၇ ကောင်မို့ ပိုတဲ့ ဘေးမဲ့ လွှတ်ထားတဲ့ မြင်းကြီး ကို ရွာဦးကျောင်း ဆရာတော်က ပြန်ထုတ် ယူထား လိုက်ပါတယ်။ ၁၈ ကောင် တစ်ကယ် ပါစရာမှ မလိုခဲ့တာလေ။
ပြီးတော့မှ ရွာဦးကျောင်း ဆရာတော်က မိန့်ပါတယ်။

မောင်ရင်တို့ရဲ့ ဖခင်ဟာ ပညာဉာဏ် အမြော်အမြင် အလွန် ကြီးလို့ ဒီလို အမွေ ပေးပုံကို စီစဉ် ခဲ့တာ ဖြစ်ပါ တယ်။ တစ်ယောက်ကမှ လျော့နည်း မယူချင်ဘဲ ငါ့ဟာမှ ငါ့ဟာလို့ အတ္တ များလွန်း နေခဲ့ရင် မြင်းတွေကို သတ်ပြီး အညီအမျှ ခွဲယူနေရင် မြင်းလဲ သေ၊ ဝေစုလဲ အတိအကျ မရနိုင်ဘဲ တစ်ကောင်လဲ အလေအလွင့် ဖြစ်ဦးမှာ ဖြစ်တယ်။ ပြင်းထန်လွန်းတဲ့ ရယူပိုင်ဆိုင် လိုမှုဟာ တကယ်တော့ ယုတ်လျော့ ဆုံးရှုံးခြင်း ကိုသာ ပေးပါတယ်။ ခုတော့ တစ်ကောင်မှ အလေ အလွင့် မရှိဘဲ အားလုံးဟာ နဂို တွက်ချက် ထားတာရဲ့ ဝေစုထက် ပိုရလို့ ကျေနပ်ရသလို ဘယ်သူမှ မလျော့ယူ ရဘဲ အားလုံး ရွှင်လန်း ၀မ်းမြောက် ကြရတာ ဘာကြောင့်လဲ။ သူတပါးကို အကျိုး ရှိစေချင်တဲ့ ပညာ ဦးစီးတဲ့ ပေးဆပ် စွန့်လွှတ်ခြင်းဟာ ဘယ်သူ့ ကိုမှ မထိခိုက် မနစ်နာ စေဘဲနဲ့ကို ပါဝင် ပတ်သက်သူ အားလုံး လိုချင်တာထက် ပိုရစေတဲ့ အထိ ကောင်းကျိုး ပေးပါတယ်။ သင်္ချာ နည်းနဲ့ တွက်ချက် တဲ့နေရာ မှာတောင် ဖြေရှင်းပုံ နည်းလမ်း၊ ချဉ်းကပ်ပုံ နည်းလမ်းက စိတ်ကောင်းလေးပေါ် အခြေခံ လိုက်တာ နဲ့တင် အဖြေက ဆန့်ကျင်ဘက် ကြီးကို ထွက်သွား ခဲ့ပါတယ်။ အတ္တကြီး တစ်ခွဲသားနဲ့ ဖြေရှင်းပုံဟာ ပါဝင် ပတ်သက်တဲ့ လူတိုင်းကိုရော ဘုံ အဖြေ ကိုပါ အရာရာ ယုတ်လျော့ နည်းပါး စွာ ရရှိ စေပြီး အဖြေ ထွက်စေ ခဲ့ပါတယ်။ စွန့်လွှတ် ပေးဆပ်မှု အရင်းတည်တဲ့ ဖြေရှင်းပုံဟာ ပါဝင် ပတ်သက်တဲ့ လူတိုင်း ကိုရော ဘုံ အဖြေ ကိုပါ မျှော်လင့်တာထက် ပိုမို များပြား အကျိုးများစွာ ရစေပြီး အဖြေထွက်စေ ခဲ့ပါတယ်။ ဒကာ ကြီးတို့ ဒီအဖြစ်ကို နမူနာ ယူပြီး ဘ၀ကို ရှင်သန် နေထိုင် ကြပါ.. တဲ့။

ကျွန်မတို့ တတွေရော… စွန့်လွှတ် ပေးဆပ်မှုနဲ့ ရယူ ပိုင်ဆိုင်မှု တွေကြားမှာ ဘယ်လမ်းကို လိုက်ခဲ့ ကြတာ များပါသလဲ။ ကျွန်မကိုယ် ကျွန်မ ပြန်လည် ဆန်းစစ် နေမိပါတယ်။

လောကမှာ ဓမ္မက ဘာကြောင့် အဓမ္မကို အမြဲ နိုင်တာလဲ။ ဓမ္မက ပါဝင် ပတ်သက်သူ အားလုံးကို စစ်မှန်တဲ့ ချမ်းသာမှု ပျော်ရွှင် ကြည်နူးမှု ပေးလို့ပါ။ သင်္ချာ ညီမျှခြင်းပေါ် တင်ကြည့်တာတောင် အဖြေက ဓမ္မ က အဓမ္မကို နိုင်တာ တွေ့ရ ပါလိမ့်မယ်ရှင်။ ဖြေရှင်းပုံက ဓမ္မ ဦးစီး ဖို့ပဲ လိုပါတယ်။ နော်….

မှတ်ချက်။ ကလေး ဘ၀က တေဇ ရုပ်စုံ (လို့ထင်ပါတယ်) ထဲမှာ ပါတဲ့ ပုံပြင်ကို ထပ်ကွန့် ပြင်ဆင် လိုက်တာပါ။ ငယ်လွန်းသေးလို့ မူရင်း ရေးသူကို မမှတ်မိတာ ခွင့်လွှတ်ပေးကြပါနော်...မူရင်းမှာ မြင်း၁၇ ကောင်နဲ့ အပိုင်းကိန်းတွေ ပါတာတော့မှတ်မိ ပါတယ်.. ဒါပေမယ့် အမွေခွဲခန်း ဖြေရှင်းပုံ အထိပဲ ပါပါတယ်။ ဓမ္မနဲ့ အဓမ္မ ချဉ်းကပ် ဖြေရှင်းပုံ အတွက် ဘုန်းကြီး တရားဟောခန်းကတော့ ကျွန်မ ထပ်ဖြည့်ထည့်လိုက်တာပါ။ အကြံပြုချက် များကို ကြိုဆိုလျက်...

2 comments:

ရွှန်းမီ said...

အင်းနော်.. တစ်ဝက်စား၊ သုံးနဲ့စား၊ ကိုးနဲ့စား ဆိုတော့ ၁၇ ကောင်ကို ခွဲမယ့်အစား ၁၈ကောင် လို့ ဖြည့်ကြည့်လိုက်ရင် ရသားပဲ။ အဖြေပေးပုံက ချစ်စရာလေးနော်။
1/2 + 1/3 +1/9 = 17/18 ဆိုတော့.. ဟုတ်သားပဲ ..
(အလောတကြီး အဖြေကိုပါ ဖတ်ပြီးသွားမှ ၀င်ဝေဖန်နေတာ) :-)

ရွှန်းမီ said...

မီဆိုရင် 8, 6, 3 လို့ ပေးမလို့ .. အကြီးဆုံးက အနည်းဆုံးရတဲ့ အငယ်ကို ညှာစေချင်တာ။