Thursday, April 3, 2008

ဇာတိမြေနဲ့ အိမ်

ညီမလေး လင်းလက် ကြယ်စင် က တက်ထားတာ ကြာပါပေါ့.. အဟောင်းတွေ အစုတ် ဖြစ်ရတဲ့ အတိတ်ကို မတူးဆွ ချင်ပေမယ့် အတိတ် သမိုင်း ဆိုတာ မေ့ဖျောက် ပစ်ချင် လို့မှ မရနိုင်ဘဲလေ.. အတိတ် သမိုင်းကို မေ့ဖျောက်ဖို့ ကြိုးစားရင် ကိုယ်မုန်းတဲ့ အဖွဲ့ တဖွဲ့နဲ့ တူသွားမှာ စိုးလို့… သမိုင်းဆိုတာ မေ့ဖျောက် ပစ်ဖို့မှ မဟုတ်တာလေ.. သင်ခန်းစာ ယူဖို့ပဲ မဟုတ်ပါလား… ဒီလိုနဲ့ ဒီပို့စ်လေး ဖြည်းဖြည်းချင်း ရေးဖြစ်ဖို့ အတိတ် ကန့်လန့်ကာကို ဆွဲဖယ် ဖွင့်လှစ် လိုက်တဲ့ အခါ….

ဇာတိမြေဟာ ရန်ကုန်မြို့ ဖြစ်ပေမယ့် ကျွန်မက အိမ်ကို သတ်မှတ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ကျွန်မရဲ့ ဇာတိ မြေမှာ ကျွန်မရဲ့ အိမ် မရှိတာကြောင့် ကျွန်မ ရဲ့ အိမ်ရှိရာ ကျွန်မရဲ့ အဖိုးရဲ့ ပတ်ဝန်းကျင်ကိုပဲ ညွှန်းဆိုခွင့် ပြုပါလို့ တောင်းဆို ချင်ပါတယ်။ အိမ်ဆိုတာ မိသားစုများ ရင်းနှီး ချစ်ခင်စွာ လောကဓံကို တူတူ ရင်ဆိုင်ရာ နေရာ၊ လောကဓံရဲ့ အရိပ်က ရှောင်ထွက်ရင်း အချင်းချင်း နားလည် ဖေးမရင်း နားခိုရာ နေရာလေး ဖြစ်သင့် ပါတယ်။ အိမ် ဆိုတာ မိသားစုဝင်များ လောကဓံရဲ့ ထိုးနှက်မှုကို မခံနိုင်တိုင်း စိတ်ထွက်ပေါက် ရှာကာ ကြီးနိုင် ငယ်ညှင်း ကိုယ်နိုင်ရာ မဲတဲ့ နေရာ ဌာန မဖြစ်သင့် ပါဘူးလို့ ကျွန်မက ယူဆပါတယ်။

ပုဂံဟာ မြန်မာရဲ့ နှလုံးသည်းပွတ် နေရာမှာ ရှိတယ် ဆိုရင် ကျွန်မ ပျော်ခဲ့ ဖူးတဲ့ ကျွန်မရဲ့ အိမ်စစ်စစ် လေးဟာ မြန်မာ နိုင်ငံရဲ့ ရင်ညွန့် လောက်မှာများ ရှိနေလေ မလား ပါပဲ။ နွေရာသီ မှာပဲ ကျောင်းပိတ်ရက်မို့ ရောက်လေ့ နေလေ့ ရှိတဲ့ ဒီအိမ်လေးဟာ တမာမြေမှာ တည်ရှိပါတယ်။ သူတပါး အတွက် အညာနွေနဲ့ တမာမြေဟာ ပူပြင်း ခါးသက် ကောင်း ခါးသက် နေနိုင်ပေမယ့် ကျွန်မ အတွက်တော့ သိပ်ကို အေးချမ်း ချိုမြိန်တဲ့ နေရာပါ။ ကလေး သိပ်ချစ် တတ်သလောက် ကလေးတွေကို သိပ်နားလည် တတ်တဲ့ အဖိုးနဲ့ အဖွား၊ အထိန်းတော်ကြီး ကြီးကြီး ငြိမ်း၊ ကြီးတော်ကြီး ကြီးဝိုင်းကြည်၊ ဆော့ဖော် ဆော့ဖက် ကလေးထိန်း အကိုတော်များ (အမများက အပျိုဖော် ၀င်စ ပဲများ နေသောကြောင့် ကိုယ့်ကို တခါမှ မထိန်းဖူးပါ.. ဟိ ကြုံတုန်း အတင်း တုတ်တာ) ၊ ဆော့လွန်း၊ အဖိုးဆီက မျက်နှာသာ ရလွန်း သောကြောင့် ကိုယ့်ကို ကြည့်မရ သော်လည်း အဖိုးကို ကြောက်ရလို့ ကိုယ့်ကို အောင့်ကာ နမ်းရ ရှာသော ဆွေတော် မျိုးတော်များ၊ အဖိုးကို သူတို့ မိဘထက် ပိုချစ်ကြောက် ရိုသေ သလို ဆော့သလောက် ရက်ရောစွာ မုန့်ဖိုး ပေးတတ်တဲ့ ကိုယ့်ကို ချစ်ကြတဲ့ ရာနဲ့ ချီတဲ့ သူ့ဝန်ထမ်းများ၊ သူတို့ အားလုံးရဲ့ မေတ္တာကြောင့် အညာနွေနဲ့ တမာမြေဟာ ကျွန်မ အတွက် သိပ်ကို အေးချမ်း ချိုမြိန် နေတာပါ။

အဲဒီမြို့လေးမှာ စာတတ်ပေတတ် ဘွဲ့တံဆိပ်တော် စစ်စစ်ရ ဘုန်းတော်ကြီးတွေ ပေါများတယ်။ ဘုန်းကြီး ကျောင်းတွေမှာ ဆွမ်းကွမ်း ပေါများတယ်။ ဘုန်းကြီး ကျောင်းဝင်း တွေထဲမှာ ဆော့စရာ ဇရပ် ပေါတယ် (ဟိဟိ.. ဥပုသ်သည် တွေလဲ ပေါပါတယ်).. ၀ါဂိုဒေါင်လို့ ပြောလို့ ရလောက်အောင် ၀ါတွေ ပေါတယ်။ နှမ်းဆီ၊ ပဲဆီ ပေါတယ်။ ပဲစင်းငုံ ပေါတယ်။ မန်ကျည်းပင်နဲ့ ထန်းပင် ပေါတယ်။ ထွက်ကုန်နဲ့ လိုက်ဖက်ညီစွာ ပွဲရုံတွေ ပေါ သလို ဆီစက်၊ ၀ါစက် ပိုင်ရှင် တွေနဲ့ ပွဲရုံ ပိုင်ရှင် တွေလဲ ပေါတယ်။ ဒီမြို့လေး အတွက် ထေရ၀ါဒ သာသနာ စစ်စစ် တရားကို ဟောတဲ့ ဆရာတော် ရဝေထွန်းကို သံဃ မဟာ နာယက ဆရာတော် တွေဆီက မရမက တောင်းပန် ပင့်ယူ လာတဲ့ အဘိုးရဲ့ ကျေးဇူးကြောင့် နတ်ကနားပွဲ ရှားတယ်။ အရှားဆုံး ကတော့ ဘုရားတစ်ဆူ ရဲ့ အစောင့် ခြင်္သေ့ကြီး ပါးစပ် ပိတ်နေတယ် ( မြင်ဖူးသမျှ တခြား ဘုရား အားလုံးက ခြင်္သေ့တွေ အားလုံး နီးပါး က ပါးစပ်က ဖြဲဟ ထားကြတယ်)။ ကျွန်မက အဲလို ပါပဲ.. စပ်စုသလောက် သတိနဲ့ မှတ်ဉာဏ် ကောင်းတယ်.. ဒါကြောင့်လဲ အဖိုးရဲ့ ရှားရှား ပါးပါး တစ်ဦး တည်းသော အချစ်တော် ဖြစ်ခဲ့ ရတယ်။ ဒါဟာ မဟာ ဆုလာဘ် တစ်ခုလို့ တမြို့လုံးက သတ်မှတ် ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ တမြို့လုံးက တစ်ဘက်၊ ကျွန်မ အဘိုးက တစ်ဘက် ထည့်ချိန် လို့ ညီမျှ လောက်အောင် ကျွန်မရဲ့ အဘိုးက ချမ်းသာ ခဲ့တယ် (လို့ ဆိုကြတယ်)။ ပြီး တော့ သူဟာ သိပ်ကို ပြုံးခဲ ရယ်ခဲ သလို စကားလဲ သိပ်နည်းတယ်။ ကျွန်မနဲ့က လွဲရင်ပေါ့..

အဲဒီမြို့လေးရဲ့ ကျတ်တီးမြေတွေပေါ်မှာ နေ့ခင်း ကြောင်တောင် ရေရိပ် ထင်နေတဲ့ တံလျှပ်တွေ ရှိတယ်။ နွေ ညနေခင်း တွေမှာ တော်လည်း သံနဲ့ သွပ်ပြား ပျံတဲ့ လေနီ ကြမ်းတွေ ရှိတယ်.. စူးမိရင် ပြန်ထွင်လို့ မရဘဲ တဆစ်ဆစ် ကိုက်ခဲအောင် နာစေတဲ့ ကန္တာရ ဆူးခြုံနဲ့ ရှားစောင်း ပင်တွေ ရှိတယ်… ဖုတ် ပူပူတွေ အောက်မှာ တွင်းအောင်း နေတတ်တဲ့ ကင်းမြီးကောက်နဲ့ ကင်းမ လက်မဲတွေ ရှိတယ်..

အဝေးပြေး ကားလမ်းမလဲ ဖြစ်၊ မြို့လယ် လမ်းမလဲ ဖြစ်တဲ့ ကတ္တရာ လမ်းကြီးက အဖိုးရဲ့ တိုက်နဲ့ ဘုရားကို အလယ်ခေါင် ကနေ ခြားထားတယ်။ ဒါကြောင့် မနက်တိုင်း ဆည်းလည်း သံကို နာခံရင်း အိပ်ယာက နိုးရတယ်။ စည်၊ ညင်းဖြင့် နိုးထရသော စည်းစိမ်ကို ရလို သောကြောင့် ဆိုတဲ့ ကျောက်စာကို သင်ရတော့ အဖိုးက အဲဒီ အမတ်ကြီးများ ၀င်စား သလားလို့ ကြံကြံ ဖန်ဖန် တွေးမိ အမှတ် ရမိ သေးတယ်။ အိပ်ရာက နိုးတာနဲ့ အဖိုးရဲ့ ပုခုံးပေါ် မှီရင်း အချီ ခံရင်း အောက်ထပ်ကို ဆင်းရတဲ့ ကျွန်မကို အားလုံးက အားကျ ကြဖူးတယ်။ မနက်စာ အဘိုးနဲ့ တူတူ စားပြီးတိုင်း မြေးအဘိုး နှစ်ယောက် မနက်ခင်း ဝေလီဝေလင်းမှာ ပံ့သကူပစ် ထွက်ကြတယ်။ တစ်ခါတလေ မနက်စာကို အိမ်မှာမစားဘဲ လမ်းက ဆိုင်မှာ ကြုံသလို ၀င်စား ကြသေးတယ်။ အကြော်တစ်ခု ငါးပြား၊ မုန့် ဟင်းခါး တစ်ပွဲ တစ်မတ် ခေတ်က အရင်နေ့က စတိုးဆိုင်က ရောင်းရ ငွေတွေ ထဲက ရှိသမျှ ကျပ်စေ့ တွေကို အိတ်ထဲ အကုန်ထည့်၊ ဆင်းရဲသား လက်လုပ် လက်စား ရပ်ကွက်ထဲ လမ်းလျှောက် ထွက်ရင်း တလမ်းလုံး ခြေလှမ်း လေးဆယ်လောက် လှမ်းပြီးတိုင်း ကျပ်စေ့ တစ်စေ့နှုံး ပစ်ချ၊ ကျောင်းသား ရှိတဲ့ အိမ် ပေါက်ဝက ခြုံတွေထဲ ကျပ်စေ့တွေ ပစ်ထည့်နဲ့ ပံ့သကူအလှူကို စိတ်ဖြူစင်စွာ မနက်တိုင်း လှူဖြစ် ကြတယ်။ ၀န်ထမ်းတွေ နဲ့လဲ လက်ပွန်းတတီး နေတတ် ဆော့တတ်တဲ့ ကျွန်မက ၀န်ထမ်း ကောင်းလို့ ပြောသူရဲ့ အိမ်ရှေ့ ဆို ဆုအနေ နဲ့ ကျပ်စေ့ များများ ချပေး တတ်သေးတယ်။ ခုထိ ပျော်ဆဲ၊ ၀ါသနာ ပါဆဲပါ။

လေးနှစ်သမီး အရွယ် သူ့မြေးကို အဖိုး ပေးတဲ့ မုန့်ဖိုးက သူ့လုပ်ငန်းတွေ အများကြီး ထဲက လက်လီ ရောင်းတဲ့ ဆေးလိပ် ဆိုင်လေးရဲ့ ရောင်းရ သမျှ ၀င်ငွေပါ။ အဲဒီ ငွေတွေနဲ့ ပံ့သကူ ပစ်ကြ တယ်လေ။ အရောင်း ၀န်ထမ်း နှစ်ယောက် ရှိတဲ့ ဒီဆိုင်က ကုန် အ၀င် အထွက်နဲ့ ငွေစာရင်းကို ကလေး ဘ၀ တည်းက သင်္ချာ အတွက် ကောင်းတဲ့ ကျွန်မက စစ်ရ ပါတယ်။ ဒီတော့ ကျွန်မ စာရင်း နိုင်တာ ဆန်းသလားရှင်။ အဲဒီ ဆိုင်ရဲ့ ပိုက်ဆံ သေတ္တာ သော့ကို ကျွန်မ မသိအောင် ခိုးယူပြီး ဆေးလိပ် တောင်းထဲ ထည့်ဖွက် ထားတဲ့ အဒေါ် ၀မ်းကွဲ (သူ့ တူမ) တစ်ယောက်ကို အဘိုးက သေသည် အထိ စကား မပြောတာ မှတ်မိ ပါတယ်။ သူ့ရဲ့ ဆုပေး ဒဏ်ပေး စနစ်လေး တစ်ခုပါပဲ။ သူ့ရဲ့ မနက်ခင်းကို မြေးကို ပေးပြီးတဲ့ နောက်မှာ အဖိုးဟာ စီးပွားရေးနဲ့ လုံးပမ်း နေရ သလို ကျွန်မ မှာလဲ အကိုတွေနဲ့ ဆော့ရတာ မအား နိုင်ပါဘူး။ လမ်းမ တန်းမှာ ခြံပြည့် တိုက်အ ကြီးကြီး ဆောက် ထားတဲ့ အတွက် ကျွန်မတို့ရဲ့ ဆော့စရာ နေရာဟာ အဘိုးပိုင် ဂိုဒေါင်များ၊ ဆေးလိပ် ခုံများ၊ ပွဲရုံ များ နဲ့ အဖိုး ပစည်း လေးပါး ထောက်ပံ့ ထားတဲ့ ဘုန်းကြီး ကျောင်း များ ပါပဲ။ ဘုန်းဘုန်း များက ဘုရားစာလဲ သင်ပေးရင်း၊ ထန်းလျက် ဖြူဆုပ်များ ကျွေးရင်း၊ ရပြီးသား ဘုရားစာ များ ပြန်ရွတ် ခိုင်းခြင်း၊ ကလေးကြိုက် ပုံပြော ဆုံးမခြင်း များလဲ ပြုတော် မူကြ ပါတယ်။

ညနေ စောင်းရင် အဖိုးက သူပိုင် ဂျစ်ကားပေါ် ရေတိုင်ကီ တင်ပြီး သူ့ခြံထဲ သွားလေ့ ရှိသလို ကျွန်မ ကလဲ အမြဲ လိုက်နေကျ ပါပဲ။ ဆယ့်ခုနှစ် ဧက ကျယ်တဲ့ သူ့ခြံဟာ အညာ ဒေသရဲ့ အိုအေစစ်ပါ။ စိုက်ပျိုးရေး ကျွမ်းကျင် နိုင်နင်း လွန်းလှတဲ့ အဘိုးရဲ့ ခြံဟာ နေပြောက် မထိုးပါဘူး။ သရက်ပင်များ တန်းစီ စိုက်ထားတဲ့ လေကာ ရပြီး တဲ့ အောက်မှာ ဗူးစင်များ၊ စပျစ်စင်များ၊ ရှောက်ပင်တန်းများ၊ ငှက်ပျောတန်းများ၊ ကြက်သွန်ခင်းများ စသဖြင့် သူ့နေရာနဲ့သူ အတန်းလိုက် ရှိနေပါတယ်။ ရေရှားတဲ့ အညာ ဒေသ ဖြစ်ပေမယ့် ရေကြောရှာ ကျွမ်းလွန်းတဲ့ အဖိုး လက်ညှိုးညွှန်ရာ မြေနေရာက ရေတွင်းက ရေထွက် ပါတယ်။ ခြံထဲမှာ ရေတွင်း ၃တွင်း ရှိပြီး တတွင်း က တော့ စိုက်ပျိုး ရေးသုံး သက်သက် ဖြစ်ပါတယ်။ အဘိုးကလဲ တော်တော် ကြမ်းပါတယ်။ တလ တစ်ခါ သူ ကိုယ် တိုင် စပ်ထားတဲ့ ဓာတ်မြေသြဇာကို ရေတွင်းထဲ လောင်းချ၊ ၀ါးလုံးနဲ့ မွှေ၊ ရေစုပ်စက်နဲ့ စုပ်ထုတ်ပြီး တခြံလုံးကို ဆေးဖျန်း ပါတယ်။ သူ မြေနေရာ အဆင့်ဆင့် လှေကားထစ် လုပ်ပြီး စိုက်ထားတဲ့ အတွက် မြေသြဇာ ပါတဲ့ ရေဟာ မြေ အမြင့်ကနေ အနိမ့် အထိ အဆင့်ဆင့် စီးသွား လိုက်တာဟာ မြေသြဇာ များများ လိုတဲ့ အပင် အမျိုး အစားကနေ နည်းနည်း လိုတဲ့ အပင်ထိ အလိုက်သင့် စနစ်တကျ စီးဆင်း ရောက်ရှိ သွားတာ မို့ သစ်ပင် ရေ လောင်း ရုံနဲ့ မြေသြဇာ လောင်းပြီးသား ဖြစ်တဲ့ အတွက် တမြို့လုံးသာ မက ပတ်ဝန်းကျင်က ရွာများပါ အဘိုး ရဲ့ ခြံက အသီးအနှံကို လတ်လတ် ဆတ်ဆတ် ပေါပေါ များများ စားသုံး ကြရသလို ရေဆင်း တက္ကသိုလ်က ပညာရှင် များပါ လာရောက် လေ့လာ ရပါတယ်။ အဘိုးရဲ့ ခြံထဲက ဒူးရင်း သရက်က ခုထိ နာမည် ကျော်ပါ။ ဒူးရင်းသီးနံ့ သင်းနေတဲ့ သရက်သီးကို အင်ဒိုနီးရှားက မျိုးကို မှာယူပြီး ကိုယ်တိုင် ကိုင်းစပ် မျိုးစပ် ထားတဲ့ သရက် ပင်တွေပါ။ ဒါပေမယ့် အဘိုး ဆုံးချိန်က စပြီး အဲဒီ သရက်ပင် တွေက လုံးဝ အသီး မသီး တော့တာ ထူးဆန်း လွန်းလှ ပါတယ်။

အဘိုးက သူ့ခြံ အလုပ်သမားတွေက ညွှန်ကြားနေချိန် ကျွန်မနဲ့ အကိုတော်များ ဘယ်ရောက် နေတယ် ထင်ပါ သလဲ။ ရှောက်ပင်တန်းမှာ သူခိုးလက်က သူဝှက် လုနေပါတယ်.. ဟိဟိ.. တိရစ္ဆာန်တွေ အသိဉာဏ် မရှိဘူး ဆို တာကို လုံးလုံး မယုံတာ ကျွန်မ တို့ပါ။ ငှက်ကလေး တွေဟာ အဘိုး စိုက်ထားတဲ့ စပျစ်စင် ပေါ်က အချိုဆုံး၊ အကောင်းဆုံးနဲ့ အကြီးဆုံး စပျစ်သီး များကို စပျစ်ခိုင် အတွဲလိုက် တွေ ကြားထဲက စိတ်တိုင်းကျ ရွေးချယ် ဆွတ်ယူပြီး ရှောက်ပင် တွေပေါ်က ရှောက်ဆူး လေးတွေ မှာ လာရောက် စိုက်ထားပြီး ဦးထား ကြပါ တယ်။ ပြီးမှ သူတို့ အဲလို ခူးလို့ မောပြီ ဆိုမှ ရှောက်ကိုင်းမှာ အေးအေး ဆေးဆေး နားပြီး ဇိမ်ခံကာ စပျစ်သီး စားကြ ပါ တယ်။ ဒီတော့ အချိုဆုံး အကောင်းဆုံး စပျစ်သီးကို မရွေး တတ်တဲ့ ကျွန်မ တို့က ငှက် ကလေးတွေ အဆင် သင့် ရွေးထား ပေးပြီးသား စပျစ်သီးကို သူတို့ နောက်ထပ် စပျစ်သီး သွားခူး နေတုန်း ဖြုတ်ခိုး စားကြ ပါတယ်။ ပြီးတော့ ပါးစပ်က ပြောပါ သေးတယ်။ မင်းတို့ ဒီလို ပေါပေါ များများ စားနိုင်အောင် အဖိုးက စိုက်ပေး ထားတာ မို့ ငါတို့ကို ဒီလောက်တော့ ဆက်ကြေး ပေးသင့် ပါတယ်လို့။

ဒါကြောင့် ဒီဝဋ်တွေ ဘ၀ မကူးဘဲ ပြန်လည်တာ ထင်ပါရဲ့။ ကျွန်မ ပင်ပင် ပန်းပန်း လုပ်ထားတဲ့ စာတမ်းတွေ၊ ဒီဇိုင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ သူများ ခိုးယူတာ ခံရ ပါတယ်။ ကျွန်မရဲ့ မေးလ်ကို ဖောက်ယူတဲ့ မောင်မင်း ကြီး သားများ၊ မယ်မင်း ကြီးမ များကလဲ ပိပိ ရိရိ ခိုးသွားရင် ကျွန်မ မသိရရင် အကောင်းသား… ခုတော့ ကျွန်မ မပို့တဲ့ မေးလ်တွေက sent mail နဲ့ draft folder တွေထဲမှာ အစန့်သား။ ဘယ်အချိန် ဟက်သွားတယ် .. ဘာ တွေ ခိုးသွားတယ် ဆိုတာ အထင်းသား သိနေ ရပါတယ်။ စိတ် အနှောင့် အယှက် ပေးချင် လို့ပါ တမင် သက် သက် လုပ်သလား အောက်မေ့ ရပါတယ်။ တော်သေး တာက ကျွန်မရဲ့ မေးလ် ထဲမှာ ဟိုအရင် သုံးနှစ်လောက် ကသာ ကျွန်မရဲ့ စာတမ်း များကို သိမ်းဖူးပြီး network ကျွမ်းကျင်သူ ကုလား ကျောင်းသား တစ်ယောက် ကျွန်မ ရဲ့ မေးလ်ကို ဖောက်တာ ခံရ ပြီးတဲ့ နောက်ပိုင်း (မေးလ်ထဲမှာ သိမ်းထားတဲ့ ကျွန်မရဲ့ စာတမ်းကို ၏ သည် မလွဲ ကူးပြီး သူ အရင် ဦးအောင် ကျောင်းကို တင်လို့ ပြန်သိရ ပါတယ်) ပြီးတော့ သူတို့ ကျွန်မရဲ့ စီးပွားရေး အ ဆက် အသွယ် တွေနဲ့ ဒီဇိုင်း တွေကို ဖြတ်လု တာကို မနှစ် တည်းက သက်သေနဲ့ တကွ မိပြီး တဲ့နောက်၊ ဘယ် တော့မှ မေးလ်ထဲမှာ ဘာမှ မထား တော့တာမို့ သူတို့ ခမျာ ဘာမှ မရလိုက် ရှာ ပါဘူး။ အဲဒီ ကျောင်းသားနဲ့ သူတို့ ကို အမြင် ကတ်လို့ ရွဲ့ပြီး တလွဲ ရေးထား တာတွေပဲ အဟုတ် လုပ်ပြီး ယူသွားကြ ရှာပါ တယ် ဟိဟိ။ သနား ပါတယ်… ကရော်.. ကရော်..

ခြံထဲမှာ အဲလို စားသောက် နားနေ ဆော့ကစား နေလိုက် တာဟာ အဘိုးက သူ့ခြံ လုပ်သား တွေကို မှာစရာ ရှိတာတွေ မှာလို့ ခိုင်းလို့ ပြီးမှ ဂျစ်ကားထဲက ရေတိုင်ကီ နှစ်လုံးထဲ ရေ အပြည့် ဖြည့်ထည့်ပြီး မြေးအဘိုးတွေ အတူတူ ပြန်လာ ကြပါတယ်။ ရေရှားတဲ့ အညာ မြေမို့ မြင်းလှည်းကို အားထားတဲ့ အဲဒီ မြို့လေးမှာ ငွေကြေး တတ်နိုင်သူ အချို့ က လူသောက်ဖို့ ရေချမ်းစင် လေးတွေ၊ မြင်းသောက်ဖို့ ရေစည်လေး တွေကို အိမ်ရှေ့မှာ ဆောက်ထား တည်ထားလေ့ ရှိပါတယ်။ ရေချမ်းစင် ပေါသလောက် မြင်းရေသောက် ကျောက်စည်က ရှားပါ တယ်။ မြင်းကလဲ တခါ ရေသောက်ရင် စည်တ၀က်လောက် ချောတော့ ရေရှားတဲ့ အညာမှာ ရေနိုင်အောင် မလှူနိုင် ကြတာ များပါတယ်။ လူသွားလူလာ များတဲ့ လမ်းတလျှောက်မှာ ချထားတဲ့ ကျောက်စည် လေးတွေကို ဂျစ်ကား တစ်စီးတိုက် ရေတိုင်ကီ ထဲက ရေတွေ လိုက်ဖြည့် ရေအလှူ ပေးပြီး တဲ့နောက် အိမ်ပြန် ရောက်ပါ တော့တယ်။ မန်ကျည်းရွက်နုတွေ ထွက်စေချင်တဲ့ မန်ကျည်းကိုင်းရဲ့ အောက်မှာ သစ်ရွက်ခြောက် အမှိုက်ပုံကို မီးရှို့ ထားတတ် ကြတာကို မြင်တွေ့ရ တတ်ပါ သေးတယ်။ မီးခိုးမှိုင်း မိတဲ့ မန်ကျည်းရွက် ရင့်ရင့်တွေ ကြွေ ကျပြီး ရက်သတ္တ နှစ်ပတ်လောက်ဆိုရင် သုပ်စားလို့ ကောင်းတဲ့ မန်ကျည်းရွက် နုနုတွေက နီတာရဲလို့…

ညစာ စားချိန်မှာ အကြိုက်ဆုံးက ပဲရာဇာ (ပဲနီလေး လို့လဲ ရန်ကုန်က လူတွေ ခေါ်ကြ ပါသည်) ဟင်းချို၊ ဆတ် သား ခြောက်ဖုတ်၊ ကုက္ကို ရွက်သုပ်၊ နှမ်းဖတ် ချဉ်သုပ်၊ မန်ကျည်း ရွက်သုပ်၊ ငရုတ်သီး ထောင်း၊ ဝေယာ ရွက် ပြုတ်၊ ဘောဇကိုင်း သီးနု ပြုတ်နဲ့ တမာရွက်ပြုတ် တို့စရာ တွေပါပဲ။ ခုချိန်မှာ ဘယ်ဟိုတယ် ပေါ်က ဘယ်လို ညစာ စားပွဲ ၀ိုင်းကြီး ကမှ အဲဒီ အချိန်က အညာ ထမင်း ၀ိုင်းကို မမှီနိုင် ပါဘူး။ မိသားစု ဆွေမျိုးများ ပေါက် ပေါက် ဖောက်သလို စကားပြောရင်း ရင်းနှီး နွေးထွေးစွာ လက်ဆုံစားရင်း တစ်ယောက်ရဲ့ ဟင်းချက် လက်ရာ ကို တစ်ယောက်က ချီးကျူး ဝေဖန်ရင်း စားရတာဟာ မြိန်လွန်း လှပါတယ်။ ညနေ ရောက်တိုင်း တနေ့တာ ဖြတ်သန်း ခဲ့တဲ့ အတွေ့ အကြုံ တွေ၊ ခံစား ချက်တွေကို အဖိုးကို ပြန်ပြော ပြနေကျ နေရာ လေးကတော့ နှစ်ထပ်တိုက် ခေါင်မိုး ပေါ်က လသာဆောင် ပေါ်မှာ ပါပဲ။ အချိုပွဲ အဖြစ် နှမ်းဆုပ်၊ ထန်းမြစ်ဖုတ်၊ ထန်းလျက်ဖြူ၊ အုန်းထန်းလျက်၊ နှမ်းထန်းလျက်၊ မြေပဲပြုတ်၊ မြေပဲယို၊ နှမ်းပျစ်၊ လက်ဖက်ပွဲ၊ ရေနွေးကြမ်းတို့က အမြိုင်သားပါ။ အဖိုးက ပုံပြောတာ နားထောင်လိုက်၊ မြေးက တနေ့တာ ကြုံသမျှ ပြန်ပြောလိုက်နဲ့ ကောင်းကင်က ကြယ်တွေ က ဒီမြေးအဖိုးရဲ့ အချစ်တွေကို အားကျ နေကြ လေရဲ့။

လွမ်းလွမ်းနဲ့ ရေးလိုက်တာ လက်လွန်သွားပြီ.. ပို့စ် အရှည်ကြီး ဖြစ်သွားပြီ။ အဖွားက အရင် ဆုံးပြီး အဖိုးက နောက်မှ ဆုံးပါတယ်။ ဒီအိမ်လေးနဲ့ ခွဲရချိန်က အဖိုး ဆုံးချိန်ပါ။ ဘာလို့လဲ ဆိုတော့ ရှိသမျှ အမွေ တွေကို အဖွားရဲ့ ညီမက အကုန် လုယူ လိုက်လို့ပဲ ဖြစ်ပါတယ်။ နှလုံးရောဂါသည် အဖိုး နေမကောင်း ဖြစ်စဉ်မှာ အမွေလွှဲ လက်မှတ် သေတမ်းစာကို လက်မှတ် ထိုးစဉ် နာမည်ချင်း လွှဲထည့် လိုက်တာ ပါပဲ။ ဒါ့အပြင် အဘိုး နှလုံးရောဂါ သည်းနေချိန်မှာ ရင်ဝကို ခေါင်းနဲ့ ဆောင့်ပြီး အတင်း ဖက်ယမ်းကာ ငိုချင်ယောင် ဆောင်ခဲ့လို့ အသက်ရှူ ကြပ်ပြီး ဆုံးခဲ့ရ ရှာတဲ့ အဖိုးဟာ ဆုံးပြီး ပြီးချင်း မကျွတ်ရှာ ပါဘူး။ ရှစ်လကြာ ကုသိုလ်လုပ် အမျှ ပေးမှ ကျွတ်ရှာ ပါတယ်။ အဖိုး မဆုံး ခင်က လူတွေနဲ့ အဖိုး ဆုံးပြီး ချိန်က လူတွေ ဒီလူ တွေချည့် ဖြစ်နေ ပေမယ့် လူတချို့ ကတော့ အရှင် လတ်လတ် ဘ၀ပြောင်း ဆက်ဆံမှု ပြောင်းသွား တာကို ကိုယ်တွေ့ ခံစား လိုက်ရတဲ့ ဆယ်နှစ် သမီး ကျွန်မဟာ ငယ်ငယ် ရွယ်ရွယ် နဲ့ပဲ လူတွေကို မယုံ တတ်တဲ့၊ သံသယ အပြည့်နဲ့ သတိထား ကြည့်တတ်တဲ့၊ မပျော် တတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့ ပါတယ်။

မွေးရပ်မြေ ရန်ကုန်မြို့က မိဘတွေ နေတဲ့ အိမ်မဟုတ်တဲ့ အဆောက် အဦ တစ်လုံး ဆီကို ပြန်ရောက် တဲ့အခါ အမွေ မရလို့ နှိမ်သူ၊ ဆက်ဆံရေး ပြောင်းသူ တွေကြောင့် ခံပြင်း နေတဲ့ မိဘများဟာ ဘ၀မှာ ဒီလူ တွေထက် ပိုမို အထက်တန်း ကျကျ ပြန်နေ နိုင်အောင် သားသမီး များက တဆင့် ပြန် အနိုင်ယူမယ် ဆိုတဲ့ ခံယူချက်၊ အားထား ချက်၊ မျှော်လင့်ချက် တွေ တနင့်တပိုးနဲ့ စာသင်ခန်းမှာ အတန်း တိုင်းက စာမေးပွဲ တိုင်းမှာ အဆင့် တစ် မရ တိုင်း အရိုက် ခံခဲ့ရ တာတွေ၊ သူတို့ အတင်းအကြပ် ချမှတ် ထားတဲ့ စည်းကမ်း တွေကို ချုပ်ချယ် လွန်းလို့ကို လွတ်လပ် ချင်စိတ်နဲ့ သိသိနဲ့ တမင် ဖောက်ဖျက် ကျူးလွန် မှုတွေ လုပ်ခဲ့လို့ အဆူ၊ အဆဲ၊ အ ရိုက်၊ အငေါက် ခံခဲ့ ရတာတွေကို ညနေတိုင်း အဖိုးကို ပြန်ပြော ပြချိန် ရောက်လို့ ပြန်စဉ်းစား မိတိုင်း အသည်း နာ လွန်းခဲ့တယ်။ ညတိုင်း မိုးပေါ်ကို မော်ကြည့်ရင်း ဆုံးပါး သွားခဲ့ပြီး နတ်ပြည်ကို သွားတော့မယ် လို့ အိပ်မက် ပေး နှုတ်ဆက် ခဲ့တဲ့ အဖိုးနဲ့ အဖွား တို့ကို တမ်းတ ခေါ်မိ ခဲ့ပါတယ်။ မြေးကို ဘာလို့ တပါတည်း ခေါ်မသွားဘဲ ရက်စက် လွန်းတဲ့ ပတ်ဝန်းကျင်မှာ ထားခဲ့ ရသလဲ လို့လဲ ကြယ်တွေကို ကြည့်ရင်း မေးတတ် ခဲ့ပါတယ်။ အတ္တ တွေ ကျေနပ်ဖို့ အသုံးချခံ ပစ္စည်းအဖြစ်သာ ဆက်ဆံ ခံခဲ့ရပြီး လူလို ဆက်ဆံ မခံရတဲ့ ကျွန်မဟာ စက်ရုပ် တွေလို ခံစားချက် ကင်းနေခဲ့ ဖူးပါတယ်။

သူ့ မြေးကို ဘယ်တော့မှ မဆူ မငေါက် ရုံသာ မက၊ ခြိမ်းခြောက် ရင်တောင် မကြိုက် တတ်တဲ့ အဖိုးသာ သူ့ မြေး အဖြစ်ကို မြင်ရင် ဘယ်လောက် ရင်ကွဲ ရှာမလဲ လို့လဲ တွေးမိ ပါသေးတယ်။ အဲဒီ အချိန်တွေ တုန်းက ပျော်ရတဲ့ ရှားရှား ပါးပါး အချိန်တွေ ရဲ့ ဖန်တီးရှင် တွေကတော့ ဘယ်သူ ပြောင်းပြောင်း ကိုယ့်အပေါ် မပြောင်း လဲတဲ့ အကိုတွေ ပါပဲ။ အမတွေ ညီမတွေ ကတော့ မိန်းကလေး ပီပီ ပတ်ဝန်းကျင်က အရောင် ဆိုးတာကို လွယ် လွယ် လက်ခံ သလား၊ မလွန် ဆန် ရဲတာ လား မပြောတတ် ပါဘူး။ သူတို့က ပိုဆိုး ပါသေးတယ်။ ပြိုင်စရာ လူရှားလို့ ကိုယ်နဲ့မှ လာပြိုင်တာ နားမလည် နိုင်လောက်အောင် ပါပဲ။ သူတို့ရဲ့ နှောင့်ယှက်မှု၊ ဖျက်ဆီးမှုက သူတစိမ်းရဲ့ လုပ်ရပ် တွေထက် အဆ များစွာ ပိုမို အထိနာ စေပါတယ်။ သည်း မခံ နိုင်တော့တဲ့ အဆုံး ကိုယ့် ကိုယ်ကို တကောင်ကြွက်လို့ ကြေညာပြီး အဲဒီ အသိုင်းအ၀ိုင်း ထဲက လုံးဝ ထွက်လာ ခဲ့ပါ တော့တယ်။

ဘုရားရှိခိုးလို့ ဆုတောင်းတိုင်းမှာ ဒီလို အသိုင်းအ၀ိုင်းနဲ့ ဘ၀ ဆက်တိုင်း ဝေးပါရစေ။ ဆင်ဖြစ်သော် တကျွန်းစီ ခြားပါရစေ၊ ငှက်ဖြစ်သော် တတိုက်စီ ဝေးပါရစေ၊ အမည်နာမတောင် နားက လေသံမှ မကြား ရသူ ဖြစ်ပါရစေ လို့အထိ ဆုတောင်း မိဖူး ပါတယ်။

ခုတော့ မွေးရပ်မြေ နဲ့ရော ကျွန်မရဲ့ တချိန်က အိမ်လေးနဲ့ပါ နိုင်ငံခြား နေတဲ့ နေရာမှာ.. ကျွန်မရဲ့ အဘိုး လောက်ကို ကျွန်မကို နားလည်ပြီး အနွံအတာခံ၊ အလိုလိုက်တဲ့ ခင်ပွန်းသည်နဲ့ ကံကောင်း ထောက်မစွာ လက်ထပ် ခဲ့ပါတယ်။ ခုတော့ ဆယ့်ရှစ်နှစ် လုံးလုံး နေ့တိုင်း ကြိတ်ငို ခဲ့ရတဲ့ မျက်ရည်တွေ ခမ်းခြောက်လို့ နေပါပြီ။ ဆယ့်ရှစ်နှစ် လုံးလုံး တမ်းတ လွမ်းဆွတ် ခဲ့ရတဲ့ တချိန်က အိမ်လေးကို ခုချိန်မှာ ပြန်လည် တည်ဆောက် ရင်းးး….

ညီမလေး လင်းလက်ရေ.. ကျေနပ် နိုင်ပါစေနော်…

4 comments:

Anonymous said...

ဒီ ပို့စ်လေးကတော့..ဖတ်ရသူ ကျွန်တော့အတွက် ရသပေါင်းစုံ ဖြစ်ပေါ်စေပါတယ်..အမကြီး ခွန်မြလှိုင် ခင်ဗျား…
အမကြီး အဖိုးဟာ..ပခုက္ကူ ဦးအုံးဖေ များ ဖြစ်နေမလား…ခန့်မှန်းကြည့်တာ….အမရေ…
အမရဲ့ ပို့စ်တွေကို နေ့စဉ်တိုင်း ဝင်ဖတ်ခံစားပါတယ်..ခင်ဗျား..

Anonymous said...

really nice post! (I've read this topic on other blogs)
I had to even recall my childhood memorable events while reading your post.:)I also love to play. we palyed in so many kinds more than the ways in your previous posts, even including playing as a couple...) (played innocently since about 7 year old age and it always makes me smile whenever i recall) I also got a great childhood like you.
And your dining table makes me miss my mum, she likes all those thing and i am too. (now, missing "hnann phat chin thote"..he he)
I really admire ur grandpa...and i want to be like him one day...

hmm...as my own experience, honesty and forgiving will win eventually...

Soe Mya Nandar Thet Lwin (Borros Roxo) said...

This is the BEST post so far I enjoy to read from your blog from time to time. I read the other post u written and like it.

But this is simply SUPERB and I feel like watching movie to read it through..,

Keep it up, Ma Ma. Weldone!!

Soe Mya Nandar Thet Lwin

တန်ခူး said...

လှိုင်ရေ...ခွန်မြလှိုင်=ရေခဲပြင်မှာပွင့်တဲ့ပန်း ဆိုတဲ့ အဓိပ္ပါယ်လေးမပျောက်ချင်လို့ နာမည်အပြည့်အစုံခေါ်မိတယ်။ နဲနဲများစိမ်းနေသလားလို့ လှိုင်လို့ပြောင်းခေါ်တော့မယ်နော်။ သရုပ်ဖော်ပီပြင်လွန်းလို့ အဖိုးရဲ့အိမ်ကြီးထဲ တို့ပါရောက်သွားတယ်။ အညာမြေ၊ အညာရနံ့နဲ့ရင်းနှီးသူမို့ ပိုခံစားလို့ကောင်းတယ်။ အမွေနဲ့ပတ်သက်ရင် မတရားမှူမှန်သမျှလုပ်ဖို့ ဝန်မလေးတဲ့ ဆွေမျိုးအရင်းခေါက်ခေါက်တွေနဲ့ လှိုင့်လိုအတွေ့အကြုံတွေရှိဖူးတာကြောင့် လှိုင်ကိုပိုကိုယ်ချင်းစာမိတယ်။ လှိုင်ရေ...မတရားသဖြင့်သူများ ပါးစပ်ဝက ထမင်းလုပ်ကို လုစားသူတွေရဲ့ဘဝဟာ ဘယ်တော့မှမငြိမ်းချမ်းဘူး။ ဥစ္စာသာပေါမယ် အမြဲပူလောင်နေရတာ တွေ့တော့တရားကျမိတယ်။ အလှူအတန်းရက်ရောပြီး၊ ထက်မြက်တဲ့ လှိုင့်အဖိုးကို ကိုယ်တောင်လွမ်းမိသွားအောင် လှိုင်အရေးအသား နိုင်နင်းပါတယ်။