Sunday, March 16, 2008

တနင်္ဂနွေ ပုံပြင်ကဏ္ဍ (ဣဋ္ဌာရုံ ဇာတ်)

တနင်္ဂနွေနေ့ ရောက်ရင် မြန်မာ့အသံ ရေဒီယို ကနေ တနင်္ဂနွေ နေ့လယ် ဆယ့်နှစ်နာရီ တိတိမှာ လာလေ့ ရှိတဲ့ ကလေးများအတွက် ပုံပြင် ကဏ္ဍ ကို ခုထိ လွမ်းပါတယ် .. ဒါကြောင့် အလွမ်းပြေ အမှတ်တရ အဖြစ် ဘလော့ လာ မိတ်သဟာ များကို ပုံပြင်လေး တစ်ပုဒ် တလှည့် ပြန်ပြောပြ ချင်ပါတယ်။
***************************************************
မောင်နှမလေးတို့ရေ
ဒီအပတ် ပုံပြင်ကဏ္ဍမှာ အလှည့်ကျလာတဲ့ ပုံပြင်လေးကတော့ ဂေါတမ မြတ်စွာဘုရား အတိတ်ဘ၀မှာ ဖြစ်ခဲ့တဲ့ ဘ၀တွေအကြောင်း ပြန်ပြောင်းဟောပြ ထားတဲ့ ငါးရာငါးဆယ် နိပါတ်တော်လာ ဣဋ္ဌာရုံ ဆိုတဲ့ ဇာတ်လေးကို ပြောပြမှာ ဖြစ်ပါတယ်ကွယ်။

ဟိုးရှေးရှေးတုန်းက ဗာရာဏသီ ပြည်ကြီးမှာ ဗြဟ္မဒတ် မင်းကြီး မင်းပြု နေပါ တယ်တဲ့။ သူ့မှာ သားတော်တွေ များလွန်း အားကြီးလို့ သားတော် အငယ်ဆုံး လေးဟာ မင်းဖြစ်ဖို့ အလားအလာ အင်မတန်မှ နည်းပါး နေပါသ တဲ့ကွယ်။ ဒါပေမယ့် ပညာဉာဏ်နဲ့ သတိတရား ရှိတဲ့ အဲဒီ မင်းသားငယ် လေးဟာ နန်းတော်ကို ဆွမ်းခံကြွတဲ့ ပစ္စေက ဗုဒ္ဓါ များကို ဆွမ်း ဆက်ကပ် လုပ်ကျွေးရင်း သူ့ရဲ့ ဘ၀ တက်လမ်း ကို မေးမြန်း လျှောက်ထား ပါသတဲ့။ ဒီအခါမှာ အရှင်မြတ်များက ဒီနိုင်ငံမှာ နေရင်းနဲ့ မင်းမဖြစ်နိုင်ဘဲ ဒီနိုင်ငံကနေ ယူဇနာ ၅၀၀ ကွာဝေးတဲ့ တက္ကသိုလ် ပြည်ကြီးဆီကို ၇ ရက်နဲ့ အရောက်သွားနိုင်မယ် ဆိုရင် မင်း အဖြစ်ကို ရရှိနိုင်ကြောင်း ဒါပေမယ့် ကြားထဲမှာ ဘီလူးမတွေ ကျက်စားတဲ့ ကန္တာရ တစ်ခု ရှိတဲ့အကြောင်း။ အဲဒီ ဘီလူးမတွေဟာ ကန္တာရကို ရွာ အဖြစ် ဖန်ဆင်းပြီး ဖြတ်သွားဖြတ်လာ လူများကို ရုပ် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ စတဲ့ အာရုံ ငါးပါးကို တန်ခိုးနဲ့ဖန်ဆင်းပြီးချော့မြူ ဖျားယောင်းလေ့ ရှိကြောင်း၊ ဒါကြောင့် မင်းသားဟာ သိပ်ကို သတိ ထားပြီး ဒီဘီလူးမတွေရဲ့ မာယာတွေကို ရှောင်တိမ်း ထိန်းမတ် နိုင်ပြီး ဟိုတိုင်းပြည်ကို ၇ရက်နဲ့ အရောက် သွား နိုင်ရင် မင်းဖြစ်နိုင်မှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဆီအပြည့်ထည့်ထားတဲ့ ခွက်ကို သယ်တဲ့လူကို လည်ပင်းပေါ် ဓားမိုးထားပြီး ဆီဖိတ် ရင် သတ်မယ်လို့ ပြောတဲ့အခါ ဒီလူဟာ ဆီကို မဖိတ်အောင် အလွန် သတိ ကြီးစွာ ထားပြီး သယ်သလို အဲလို သတိမျိုးနဲ့ မပြတ်နေပြီး ဒီကန္တာရ ကို ဖြတ်နိုင်မယ် ဆိုရင် သင်မင်းသားဟာ မင်းအဖြစ်ကို ရနိုင်ကြောင်း ပြောပြပါသတဲ့။

ဒီအခါ မင်းသားဟာ သူ့လက်စွဲတော် ငါးယောက်ကို ဒီအကြောင်း ပြောပြပြီး သူနဲ့ အတူ လိုက်ချင်ရင် လိုက်ခဲ့ဖို့ မလိုက်ချင်ရင် နေခဲ့ဖို့ ပြောသတဲ့။ ဒီအခါ သူနဲ့ စိတ်တူ ကိုယ်တူ သူငယ်ချင်းဖြစ်တဲ့ သူ့လက်စွဲတော်များက မခွဲမခွာ လိုက်ခဲ့ပါမယ်လို့ ၀န်ခံသတဲ့။ ဒါနဲ့ သူတို့ သူငယ်ချင်း ၆ယောက်သား အတူ ကန္တာရ ခရီးကို ဖြတ်လို့ တဖက် တိုင်းပြည်မှာ မင်းလုပ်ဖို့ ထွက်ခဲ့ပါသတဲ့ကွယ်။
**********************************************************
မင်းသားလေးနဲ့ သူ့လက်စွဲတော် ၅ယောက်ဟာ ကန္တာရ ခရီး အစမှာပဲ ဘီလူးမတွေ ဖန်ဆင်းထားတဲ့ ပထမဆုံး ရွာဖြစ်တဲ့ ရူပါရုံ အဆင်းရွာကို ရောက်သတဲ့ကွယ်။

ရူပါရုံ ရွာဖြစ်တဲ့ အတွက် မြင်ရသမျှ အစစ အရာရာဟာ သိပ်ကို လှပ နေပါသတဲ့။ ဘီလူးမတွေဟာလဲ နတ်သမီးယောင်ဆောင်ထားတဲ့ အတွက် သိပ်ကို အလွန်အင်မတန်ကို လှပချစ်စရာ ကောင်းနေသတဲ့။ တန်ခိုး ရှိကြတာကိုးနော်။ အရွယ်စုံ အဆင်းစုံ စတိုင်လ် ပေါင်းစုံနဲ့ အချောအလှ မိန်းမပျိုလို ဖန်ဆင်းပြီး မင်းသား လေးတို့ သူငယ်ချင်း ခြောက်ယောက်ကို အမူအရာ တီတီ တာတာ ခရာ ညုတုတု အလွန် ပြုစု ကြပါသတဲ့။ မျက်နှာပေး အမူအရာ ပေါင်းစုံ နဲ့ မျက်စ ပစ်လိုက်၊ မျက်ခုံး ချီလိုက် မျက်တောင် လေးတွေ ၀င့်ကြည့်လိုက် ပြုံးတော့ မယောင် ငိုတော့ မယောင် မဲ့ယောင် ရွှင်ယောင် လွမ်းယောင် မျှော်တော်ယောင်တွေနဲ့ မခို့တရို့ အသည်းယား အူယား စဖွယ် လေးတွေ လဲ လုပ်ပြကြ ပါသတဲ့။ ဒီမှာတင် မင်းသားရဲ့ ပထမ လက်စွဲတော်ဟာ ရုပ်အဆင်းကို အလွန် မက်မော တပ်မက် မိတဲ့ အတွက် လမ်း လျှောက် သွားရာမှာ နောက်ကျ ကျန်ရစ် နေပါ သတဲ့။ ဒီအခါ ကျန်သူ တွေက မေးတော့ ခြေနာ နေလို့ နားလိုက်ဦးမယ် သွားနှင့်လို့ ပြောသတဲ့ကွယ် ...

မောင်နှမလေးတို့ရေ.. ရုပ်ချောတာနဲ့ မူရာ မာယာ လေးတွေကို မက်မောမှုဟာ အင်မတန် ကြောက်စရာ ကောင်းတာ ပဲနော်။ ပညာ၊ သတိ၊ သမာဓိ မရှိတဲ့ အားနည်းတဲ့ ယောက်ျားဟာ ဘီလူးမတွေက လမ်းမှာ ဒီလို မြှူဆွယ်မယ် ဆိုတာ သိလျက်.. သူတို့ တွေဟာ ဘီလူးမတွေ ဖန်ဆင်းထားတဲ့ ဒီရွာကို ဖြတ်သွား ရမယ်မှန်း ဆရာ ပစေက ဗုဒ္ဓ ဟောထားလို့ သိလျက် နဲ့တောင် ဒီတပ်မက်စိတ်ကို မတားနိုင် ဘူးကွဲ့။ ဒီအခါ ပညာ နဲ့ သတိ အရှိဆုံး မင်းသားလေးဟာ အလွန် သတိ ရှိသူ ဖြစ်တဲ့ အတွက် သူ့သူငယ်ချင်းဟာ ဘီလူးမ တွေကို စွဲလန်းစိတ် ဖြစ်နေပြီ ဆိုတာ ရိပ်မိလို့ အလွန် စိတ်မကောင်း ဖြစ်ရှာသတဲ့။ ဒါကြောင့်သူငယ်ချင်းကို ခုလို သတိပေးရှာသတဲ့။

သူငယ်ချင်း.. မင်းကို ချဥ်းကပ်နေတာဟာ လူ အစစ် မဟုတ်ဘူး ဘီလူးတွေနော်။ သူတို့တွေဟာ မင်းကို စားချင်လို့ ချစ်ယောင် ခင် ယောင် ကြင်နာယောင်နဲ့ ဟန်ဆောင် ပလီပလာ လုပ်နေ ကြတာ။ သူတို့ရဲ့ မူလ ရုပ်သွင်ကို တန်ခိုးနဲ့ဖုံးကွယ်ပြီး နတ်သမီးလေးလို ချောအောင် လှအောင် ဖန်ဆင်း ထားတာပါ။ တကယ်က ဘီလူးက ဘီလူး ပါပဲ။ သူတို့ ဘယ်လို ပြုံးပြုံး သူတို့ မျက်လုံးကို မင်း စိုက် ကြည့် လိုက်ပါ။ ရဲတင်းတဲ့ အကြည့်၊ နီရောင် သန်းပြီး ရက်စက်တဲ့ အရိပ် တွေကို မင်းတွေ့ လိမ့်မယ်။ ၀ါရင့် ဘီလူးမ တွေက တန်ခိုး ပိုကြီးလို့ ပို ဖန်ဆင်း နိုင်စွမ်း ကောင်းရင်တောင် ခံစားချက် မရှိတဲ့ မျက်ဝန်း အကြည့် အထိပဲ သူတို့ တတ်နိုင်တယ် ဘာလို့ လဲ ဆိုတော့ နူးညံ့ သိမ်မွေ့မှု အစစ်နဲ့ မေတ္တာ တရား ဆိုတာ သူတို့ ဆီမှာ လုံးဝကို မရှိလို့ပဲ။ နောက်ပြီး သူ့ ဖနောင့် ကို မင်းကြည့်စမ်း၊ ဖနောင့်က တိုပြီးဇောက်နက်လို့ သူတို့ ခြေရာတွေဟာ ဒေါသတကြီး ခြေဆောင့် နင်း ထားလို့ ကျန်တဲ့ ခြေရာတွေလို ဖြစ်နေတယ်ကွ။ နောက်ဆုံး ကုန်ကုန် ပြောမယ်ကွာ သူတို့မှာ လူတွေလို အရိပ် မထွက်ဘူးကွ။ လူစစ်ရင် လူတိုင်း အရိပ် ထွက်သလို အရိပ်နဲ့ တူတဲ့ နောက်ကြောင်း ရာဇ၀င် ရှိတယ်။ ဘယ်သူဟာ ဘယ်ရွာက ဘယ်လို အသိုင်းအ၀ိုင်းက လာတယ် ဆိုတဲ့ နောက်ကြောင်း ရာဇ၀င်ကို စုံစမ်းလို့ ရတယ်။ ခုဒီဘီလူးမတွေကို ကြည့်။ အရိပ်လဲ မထွက်သလို တရွာလုံးလဲ ချစ်စရာ ပုံစံနဲ့ မိန်းမပျို ချည့်ပဲ။ ဘယ် မလဲ သူတို့ ဆွေမျိုးသားချင်း လူအိုတွေ။ ဘာတခုမှ မေးမရ သလို ဖြေသမျှ ကလဲ မယုံနိုင် စရာ ချည့်ပဲ။ ဒါကြောင့် ဘီလူးမ သေချာပါတယ်ကွာ… မယုံပါနဲ့.. မင်းကို သူတို့ မစားရ သေးခင်တော့ သူတို့ လိုဘ မပြည့် သေးခင်မို့ မင်းကို အရာရာ အလိုလိုက် ကြလိမ့်မယ်။ မင်းက သူတို့ အလိုလိုက် သမျှ မိန်းမူးပြီး သတိ လစ်တဲ့ အခိုက် ကျမှ မင်းကို ကျွတ်ကျွတ် ၀ါးစား ကြလိမ့်မယ်။ ဒါကြောင့် ငါတို့ ခရီး တူတူ ဆက်လျှောက် ကြရ အောင် ပါ လို့ ရှင်းလင်း ဖြောင်းဖျ ပြောဆို ပါသတဲ့။

မောင်နှမလေးတို့ရေ.. ရုပ်အဆင်း တပ်မက်မှု ရာဂ မွှန်နေတဲ့ သတိ လုံးဝ ကင်းမဲ့ နေတဲ့ လက်စွဲတော် သူငယ်ချင်းဟာ မင်းသားရဲ့ စကားကို နားမထောင် နိုင်တော့ဘဲ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ ငါ့ကို ထားခဲ့ပါ။ မင်းတို့သာ သွားပါ။ ငါ့ထိုက်နဲ့ ငါ့ကံ သာ ရှိပါ စတော့လို့ ပြန်ပြော ပါသတဲ့။ မင်းသားနဲ့ ကျန်တဲ့ သူငယ်ချင်း လေးယောက်ဟာ သူတို့ သူငယ်ချင်းကို ဘယ်လိုမှ တားမရ တဲ့အဆုံး လက်လျှော့ ထားခဲ့ပြီး ခရီးဆက်ထွက် ခဲ့ပါသတဲ့။ ဒီအခါ ဘီလူးမတွေ ကြားထဲမှာ ကျန်ခဲ့တဲ့ လက်စဲတော်ဟာ လတ်တလော မှာတော့ ဘီလူးမတွေ ကြားထဲမှာ အပျော်ကြီး ပျော်နေသတဲ့ကွယ်။ လွတ်ပြီ ကျွတ်ပြီ ဆိုပြီးတော့ပေါ့။ မကြာခင် မင်းသားနဲ့ အပေါင်းပါ တို့ ပြန်လာပြီး ကူလို့ မရနိုင်လောက်အောင် ခပ်လှမ်းလှမ်းကို ရောက်တဲ့ အခါမှာ ဘီလူးမ များဟာ ဖန်ဆင်း ထားတာ တွေကို ဖျောက်လို့ ကျန်ရစ်သူ လက်စွဲ တော်ကြီး ကို အရှင်လတ်လတ် ကျွတ်ကျွတ်ဝါးလို့ စားလိုက် ပါရောတဲ့။ ဒီအခါမှာ ဘီလူးမတွေ ဖန်ဆင်း ထားတဲ့ ၇ွာနဲ့ အိမ်တွေ အကုန် ပျောက်ကွယ် သွားပြီး သဲကန္တာရ ကြီး ပြန်ပေါ် လာပါရောတဲ့။
*********************************************************
မင်းသားနဲ့ သူငယ်ချင်း လေးယောက်ဟာ ခရီး ဆက်ထွက် လာခဲ့ ရာက တော်တော် ကြာတဲ့ အခါ သဒ္ဒါရုံ တေးသံသာ တရွာကို ရောက် ပြန် ပါရောတဲ့။ ဒီတခါ မင်းသားနဲ့ သူငယ်ချင်းတွေကို သာယာတဲ့ ဆည်းလည်းသံ၊ စောင်း၊ ညင်း ပတ်သာ တူရိယာ သံတွေအပြင် နတ်သမီး တမျှ လှပအောင် ဖန်ဆင်းထားတဲ့ မိန်းမပျို တွေဟာ တီတီ တာတာ ခရာသံ ညုသံ ပါတဲ့ အသံချို ချိုတို့နဲ့ ဆီးကြို နေပါသတဲ့။

ကန္တာရထဲက ဖြတ်သန်း လာခဲ့ ရတဲ့ သနားစရာ မောင်ကြီးတို့ရယ် ပင်ပန်းလာပုံ ရပါတယ်။ စားပါ သောက်ပါ နားခိုပါ နှမတို့ အထီးကျန် လှ ပျင်းလှလို့ မောင်ကြီးတို့ လိုရာ ပျော်ပါစေဖို့ နှမတို့ ဖြည့်ဆည်း ပေးပါ ရစေ အစ ရှိသဖြင့် လောက၀တ် ချိုသာ စွာနဲ့ ဧည့်ဝတ် ပြုကြ ပါသတဲ့။

ဒီအခါ သာယာ ချိုမြိန် လှတဲ့ အသံလေးတွေ စကားလေးတွေဟာ သတိ လက်လွတ် ဖြစ်သွားတဲ့ လက်စွဲတော် တစ်ယောက်ရဲ့ နားစည်ကို စိုက်ဝင် ထိုးဖောက် သွားပါသတဲ့။ ဒီအခါ ပညာနဲ့ သတိကြီးတဲ့ မင်းသားလေးဟာ သူ့သူငယ်ချင်းကို သည်လို ဖြောင်းဖျ ပြန်ပါ သတဲ့။

သူငယ်ချင်း သည် မိန်းကလေး တွေဟာ အသံကလဲ သာတယ်၊ တူရိယာ တီးခတ်လဲ သူမတူ အောင် ကျွမ်းကျင်တယ်။ ငယ်ဂုဏ် ချောမော လှပတဲ့ ဂုဏ်တွေ ရှိပါလျက် ကိုယ့်ကိုယ်ကို တန်ဖိုး ထားသင့် ပါလျက် ဒီလောက် အညှာလွယ် တန်ဖိုး မဲ့တဲ့ စကားတွေ ပြောဆို နေတာ ထူးခြား လှပါတယ်။ စောစောက တရွာမှာ တွေ့ခဲ့တဲ့ ဘီလူးမတွေ လိုပဲ သူတို့ရဲ့ မျက်စိ၊ ဖနောင့်နဲ့ အရိပ်တို့ဟာ ချွတ်ယွင်းချက်တွေ နဲ့ချည့်ပါပဲ ဒါကြောင့် တပ်မက်မှု တဏှာကို သတိနဲ့ထိန်းပါလို့ ဖြောင်းဖျ ရှာသတဲ့။

ဒါပေမယ့် သည် လက်စွဲတော်ဟာလဲ ပထမ တစ်ယောက် တုန်းကလိုပဲ ကျန်သူများ ဘယ်လိုနားချ ဖြောင်းဖျ ပါစေ တားမရ တော့ဘဲ ချန်နေ ရစ်ခဲ့ပြီး နောက်ဆုံး ဘီလူးမ တို့ရဲ့ ပါးစပ်ဖျား မှာပဲ အသက်ဆုံး ဇာတ်သိမ်း သွားပါ တော့သ တဲ့ကွယ်။

မောင်နှမလေးတို့ရေ.. သဘာဝထက် ပိုတဲ့ ချိုသာလွန်းတဲ့ စကားများဟာ ဘီလူးလို လိုအင် ဆန္ဒ တခုခု ရှိတဲ့ သူများရဲ့ ပါးစပ်ကပဲ ပြောထွက် တတ်ပါ သတဲ့နော်။

မောင်နှမလေးတို့ရေ ပုံပြင်လေးက တော်တော် ရှည်တဲ့ အတွက် ဒီနေ့ အဖို့ ဒီပုံပြင်လေးကို ဒီမျှနဲ့ ခဏ ရပ်နားခွင့် ပြုပါနော်။ နောက် အပတ် ဒီလို အချိန်မှာ ပြန်ဆုံလို့ ဆက်ပြောပြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

မောင်နှမလေးတို့ရေ ဒီအပတ် ပုံပြင် ကဏ္ဍလေးကတော့ သည်မျှ ပါပဲကွယ်။။။

2 comments:

A random thoughts of a Burmese man said...

သတိရစရာလေးပေါ့ဗျာ.....
အခုလို တင်ပေးတဲ့အတွက် ကျေးဇူးပါ

စူး said...

i know what is ur intention. :)
but i like to read storey.