Thursday, February 21, 2008

သင်ခန်းစာ ပေးရာဝယ် (၂)

ဒီနေ့ ကေ စောရောက်သဖြင့် မှတ်တိုင်မှာ သန့်ကို စောင့်ရသည်။ သန့်ရောက်လာတော့ ၂ယောက် သား မတိုင်ပင်ဘဲ အနီ ဆင်တူ ၀တ်ဖြစ်နေလို့ တို့ကို ယိမ်းသမ ထင်တော့မှာပဲ လို့ ပြောရင်း ရီကြ ရသေး.. ကျောင်းရောက်တော့ ကားဂိတ်မှာ ပုဂ္ဂိုလ်က အခန့်သား.. လူစူးစူးကြီးလို့ ကေက နာမည် ပြောင် ပေးထားသော ထို အရောင်စူးစူး ၀တ်သူ ကျောင်းသားကားး အရင်လက စပြီး ကားဂိတ်ကို ကေ မလာခင် ကြိုစောင့်ရင်း ကေ ဘတ်စ်ပေါ်က ဆင်းသည်နှင့် ကေ့ နောက်က ပါလာပြီး ကျောင်းမှာ ကေ အတန်းထဲ သေချာ နေရာ ယူပြီး ထိုင်ပြီးမှ ကေ့ နောက်မှာ လိုက်ထိုင်လေ့ ရှိသော်လည်း ကေ့ကို လူချင်း မျက်နှာချင်း ဆိုင်ပြီး စကား တခွန်းမှ မပြောသေး။ သူ ကေ့ စားပွဲ အံထဲ ထားခဲ့သမျှ စာများကို ကေ ဘယ်တော့မှ မထိ သည်ကိုလဲ သူ အသိ။ ဒါကို လက်လဲ မလျှော့၊ ရှေ့လဲ မတိုးဘဲ ဒီလို အချိုး ချိုးနေသည်ကို သူငယ်ချင်းများက အခြေအနေ လာမေးတိုင်း အမှန် အတိုင်း ဖြေသော်လည်း သူတို့ စကားများကြောင့် ကေ က စိတ်တို လေသည်။

ကေရေ.. ရှင် သူ့ကို အဖြေ ပေးပြီးပြီလား

အောင်မယ် ဘာကိစ္စ ပေးမလဲ သူမှ မတောင်းတာ

သူ စာတွေတော့ ခုံထဲ ထားခဲ့သားပဲ ကေရဲ့

ပံ့သကူ ပစ်တဲ့စာကို ရင်ခုန်မယ့် သူထဲ ကေ မပါဘူးလေ

ရှင်ကလဲ မာန ကြီးလိုက်တာ .. သူ ဒီလောက် ချောတာကို.. ချမ်းလဲ တော်တော် ချမ်းသာတယ်တဲ့.. ၆မိုင်ခွဲထဲတင် နေတာတဲ့.. ဆရာ တွေနဲ့လဲ သူက ခင်တယ်လေ.. အပေါင်းအသင်း များတယ်နော်

အဲဒါ ပြုတ်စားလို့ ရလား

ရှင်ဟာလဲလေ

သူလုပ်နေတဲ့ အချိုးတွေက လူသားချင်း လေးစားမှုကို မရှိဘူး။ မိန်းကလေး တစ်ယောက်ကို လိုက်ပြီး စိတ်အနှောင့်အယှက်ပေးနေတဲ့ အချိုးပဲ ရှိတယ်။ သူတကယ် ကေ့အပေါ် စိတ်ဝင်စားရင် ရိုးရိုး သားသား မိတ်ဖွဲ့လို့ ရတယ်။ ကေက လှောင်ဟား ဗရုတ်ကျ နေတဲ့ မိန်းကလေးမို့ လန့်လို့ ဆိုလဲ တမျိုး။ ပွင့်ပွင့်လင်းလင်း ဖွင့်ပြော အဖြေတောင်းလဲ ရတယ်.. ဒါကို ခုလုပ်နေတဲ့အချိုးက ငါက နင့်ကို စိတ်ဝင်စားပေမယ့် ငါကလဲ အမြင့်စား ထဲကမို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ.. နင့်ကို ပြောချင် မှ ဖွင့်ပြောမယ်။ နင့်ထက် သာတာ ငါ့နား ၀ိုင်းလို့။ ငါလိုချင်တဲ့ အချိန်ကျမှ ပြောမယ် ဆိုတဲ့ အထာတော့ လာမချိုးနဲ့လေ.. တာ့တာပဲ

အယ်.. ကောင်းရော

အင်းလေ.. သူ့လုပ်ပုံကလဲ.. ကေ ပြောလဲ ပြောစရာ

အင်းးးး

ကျောင်း အဆင်း ကေတို့ လေးယောက် အပြင် သူငယ်ချင်း အသစ်များရော တပြုံကြီး သစ်ပုတ်ပင် ဆီ အမှတ်တရ ဓာတ်ပုံ သွားရိုက် ကြသည်။ ထို ပုဂ္ဂိုလ် နောက်က ပါလာလေသည်။ ဒါနဲ့ ကေတို့ အစီအစဉ် ဖြစ်သော ကံ့ကော်တန်းမှာ ပေါက်ပေါက်ဖောက်မယ့် အကြံကို အကောင်အထည် မဖော် တော့ဘဲ လှည်းတန်းဈေး သွားကြမည် ဆိုပြီး ပြည်လမ်းဘက် ပြန်ထွက် လာတော့လဲ သူက နောက်က လိုက်လာ ပြန်သည်။ မာလာ မှတ်တိုင် အရောက်

ကေရေ ရှင့်လူကြီးက ဈေးလိုက်ဝယ်ပေးဦးမလို့လား မသိ

တော်ပြီ ကေ ဈေးကို မလိုက်တော့ဘူး အိမ်ပြန်တော့မယ် အခု ကေ စီးရမယ့်ကားလာရင် ပြန်မယ်

သန့်လဲ ပြန်လိုက်တော့မယ်.. မဟုတ်ရင် အပြန်ကျ သန့် တစ်ယောက်တည်း ပြန်နေရမှာ စိုးလို့

ဟယ် ရှင်တို့ကလဲ

ဟော ကားလာနေပြီ တာ့တာနော်

တားမရလဲ ကြွတော်မူ… တာ့တာ

ကားပေါ် အရောက် သူငယ်ချင်းများကို တပြန် ကြည့်မိတော့

ဟယ် ကေရေ ဟိုလူ ကားဂိတ် ကနေ ရှင့်ကို လှမ်း လက်ပြ နေတယ်တော့
ဘာ
ကေ လှမ်းကြည့်တော့ သကောင့်သားက ပါးစပ် နားရွက်ချိတ်လျက် လက်တယမ်းယမ်း ကျန်ခဲ့ လေသည်။
*************************************************
နောက်နေ့ ကျောင်းရောက်တော့ မစန်းနဲ့ မနော်က လေးလေးနက်နက် ကေ့ကို စိုက်ကြည့်ရင်း စဉ်းစား အကဲခတ် နေသလောက် ကျန် သူငယ်ချင်း များက ပြုံးစိစိနဲ့ မျက်စောင်း ခဲရင်း

ကေနော်.. ရှင်ဟာလေ တော်တော် ဟန်ဆောင် ကောင်းတယ်

အင်.. ကေ ဘာဟန်ဆောင်လို့လဲ.. ကေက ဟန်ဆောင် တာ အမုန်းဆုံးနော်

ရှက်မနေ ပါနဲ့အေ .. တို့ လဲ နားလည်ပါတယ်

ဟာ.. ဘာတွေလဲ

မနေ့ကလေ.. ရှင် ကားပေါ် တက်သွားတော့ ဟိုတစ်ယောက် လက်ပြ ကျန်ခဲ့တာလေ

အဲဒါဘာဖြစ်

အော် တို့က ၀ိုင်းမေးတာပေါ့.. မသစ်နဲ့ သူနဲ့က အိမ်နီးချင်းမို့ သိတယ်လေ.. ဒီတောာ့ာ့ာ့…

အင်း ဘာပြန်ဖြေလဲ

ရှင်တို့ချင်း နားလည်မှု ရှိနေကြ ပြီးသားပါတဲ့.. အတူတူ စုံတွဲ မခုတ်တာက ရှင့် အတွက်

စဉ်းစားပေး တာပါတဲ့.. ရှင် ရှက်နေမှာ စိုးလို့ သွားမစ ပါနဲ့နော်တဲ့

((( ဘာပြောတယ်.. ဟုတ်လဲ ဟုတ်ဖဲနဲ့)))
*******************************************
အတန်း မစခင်က သတင်းဆိုးကြောင့် အသားများ တဆတ်ဆတ် တုန်နေသော ကေ့ကို သူမတို့ ၃ယောက် ကန်တင်းန်ကို ခေါ်လာ ခဲ့ကြသည်။ ချစ်မများ မှာပေးသော လိမ်မော်ရည်ကို တကျိုက်ပြီး တကျိုက် ကြိုက်ချရင်းက နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသော ကေ့မှာ စကားကို မပြော နိုင်သေး..

မနော်။ ။ ကေရေ စစ်ကြေညာပြီ ထင်တယ်
မစန်း။ ။ ဒါ ကေက ဘာမှ ပြန်မပြော ပြန်မလုပ်ရင် သူက ဒီအရှိန်နဲ့ မှေးသွားမှာပဲ။
သန့်။ ။ ဒါပေမယ့် ယောက်ျားလေးဆီ မိန်းကလေးက သွားရှင်းရ မှာလဲ တော်တော် အောက်တာ..
ကေ။ ။ တော်တော် လူပါးဝတဲ့ လူ…
မနော်။ ။ ကေ .. စိတ်ထိန်းနော် .. ဒေါသ ကြီးရင် အမှားပါမယ်.. ကေ ဘယ်လို ဖြေရှင်း ချင်လဲ။ အမတို့ လိုက်ပေးမယ်..
ကေ။ ။ ဒီကိစ္စကို ကေ ရှင်းမှာပါ။ သူ့ဆီ သွားတွေ့ပြီး ကိုယ်က စပြီး သူ့ကို စကားပြောပြီး ရှင်းမှာ တော့ မဟုတ်ဘူး။ ပြီးတော့ အမတို့ လိုက်ရှင်းလို့ သူက ကာယကံရှင် နဲ့ပဲ ပြောမယ် ဘာညာ လုပ်နေရင် အမတို့ ထပ် ခံပြင်းနေရဦးမယ်။ ကေ ကိုယ်တိုင် ကိုယ့်ဟာကိုယ် ရှင်းပါမယ်။ ကေ ခေါင်းအေးအေးနဲ့ စဉ်းစားလိုက်ဦးမယ်။
***************************************************
စိတ်ဆိုးခံပြင်းစရာ ဖြစ်ရပ် ရဲ့ နောက်နေ့က စပြီး ပုံမှန် အမူအရာ မပျက် ကျောင်းမှန်မှန် တက်နေ သော ကေ့ကို ဟိုပုဂ္ဂိုလ်က အရင် အတိုင်း အချိုး ချိုးမြဲ။ ကေ ကလဲ နည်းနည်းလေးမှ စိတ်ဆိုး ရန် ထောင်ခြင်း မရှိတော့ဘဲ ပုံမှန်လေး ငြိမ်နေသဖြင့် အားလုံးက ကေနဲ့ သူ့ကို အဆင်ပြေ နေကြပြီလို့ သတ်မှတ် ထားလိုက် ကြသည်။ ဒီလိုနဲ့ ၃လ မြောက်တဲ့ ဒီနေ့ … ကိုယ့်အကြံနဲ့ ကိုယ်မို့ ကေ က ဆွစ်ဇာလန်က အကို ပို့သော ဇာကွက် ထူထူ အစလေးဖြင့် စိတ်ကြိုက် ချုပ်ထားသော ပန်းနုရောင် ၀မ်းဆက် လေးကို မဲ့ပြုံး တ၀က်နဲ့ ထုတ်ယူ ၀တ်ဆင် လိုက် သည်။ ကျောင်းသူ တစ်ယောက်အတွက် အတော်ကို ခမ်းနား နေသော ၀တ်စုံ ဖြစ်သော်လည်း သည် ၀တ်စုံ ၀တ်ရခြင်းမှာ အကြောင်း ရှိလေ သည်။ ခါးတို လက်ပြတ် ဘေးဇစ်ဆွဲ အင်္ကျီ လေးမှာ ကေ့ရဲ့ သေးကျဉ် နေ သော ခါးနဲ့ ကိုယ်လုံး အလှ ကို တိတိ ပပ လေး ပုံဖော် ကျန စေသည်။ ထမီ စကတ် လေးကလဲ ခြေ မျက်စိ ဖုံးသည် အထိ ကေ့ ကိုယ်ပေါ် မှာ ချပ်ချပ်ရပ်ရပ်။ ကျောလယ် ရောက်ပြီး ထူထဲ မဲမှောင် လှ သည့် ဆံပင်ကို စိတ် ရှည်ရှည် ဖြီးသင်ပြီး နဖူးပြောင် ထားလျက် French roll လေး ထုံးနှောင် လိုက် သော အခါ ကေ့ နဖူး က ဆံဦးချွန်လေးက မဟာဆန်ဆန် ထင်းကနဲ.. ခါတိုင်း တမင် ဖြန့်ထားသော ဆံပင်က အခု ကွယ် မနေ သောကြောင့် ယဉ် တကိုယ်လုံး အလှက ရှင်းသန့် နေသည်။ မျက်နှာ ကို ဘာဆို ဘာမှ မလိမ်း ကျံဘဲ သဘာဝ အတိုင်း ထားလိုက်သော်လည်း နှုတ်ခမ်းရဲစိုစိုနဲ့ ပင်ကိုယ် မျက်တောင် စိပ်စိပ် တို့ ကြောင့် အထူး အလှ ပြင်ရန် မလိုသော ကေ့ အတွက် ပြီးပြည့်စုံ နေချေပြီ။ ပြီးမှ မောင် ကို နေ့လယ် ၁၂ နာရီ တိတိတွင် ကျောင်းလာကြိုရန် မှာပြီး ကေ တစ်ယောက်တည်း ဖိုင်ဆွဲလျက် ထွက်ခဲ့သည်။

သန့်ကို မှတ်တိုင်မှာ တွေ့တော့ သန့်က ထူးဆန်းသလို ဖြစ်ပြီးမှ အတွေး တလွဲနဲ့ ပြုံးရင်း မထိ တထိ စသည်။ ကေက ဘာမှ မပြောဘဲ ယဉ်ယဉ်လေး ပြုံးနေသည်။ ကျောင်းရောက်တော့ တတန်းလုံး ၀ိုင်း ကြည့် လေသည်။ သူက အခန်းထောင့်ကနေ ကေ့ကို ခပ်တည်တည် ငေးကြည့်နေသည်ကို မျက်စွန်း ထောင့်ကနေ လှစ်ကနဲ မြင်လိုက်သည်။ သူ့ကိုတော့ ကေ ဘယ်တုန်းကမှ တည့်တည့် ပြန်မကြည့် ဖူးပါပေ။ အတန်းဖော် သူငယ်ချင်းများ ကပါ တစ်ယောက် တစ်ပေါက်

ကေ ဒီနေ့ သူ့ကို အဖြေ ပေးမှာလား
ကေ တယ်လှ နေပါလား ဘာတွေ ကြံစည်ထားလဲ ပြောစမ်း
အလယ်လယ် .. ကေ က ဒီနေ့ဒီဇိုင်းပြောင်းထားတာ ဘာလို့လဲ

ကေ က လှလှလေး ပြုံးရင်း

ဒီနေ့ မင်္ဂလာ ဧည့်ခံပွဲလေ။ နေ့လယ် တစ်နာရီ။ လှည်းတန်း ပြည်မြန်မာ ကုန်တိုက် အပေါ်ဆုံးထပ်က စားသောက်ဆိုင်မှာ တစ်ဆိုင်လုံး ငှားပြီး လုပ်တာလေ.. ဒန်ပေါက်နဲ့ ရေခဲမုန့် ကျွေးမယ်။ သူငယ်ချင်း တို့ကို ဖိတ်ပါတယ်။ ကြိုမပြောတာ အံ့သြစေချင်လို့ပါ။ အပန်းမကြီးရင် လိုက်ခဲ့နော်။ ကေက အတန်း မလွတ်ချင်လို့.. ဒါတောင် ညနေပိုင်း အတန်း လွတ်တော့မယ်.. မတတ်နိုင်ဘူးလေ နော်.. မိတ်ကပ်နဲ့ ဆံထုံးက ပန်းကို ဟိုရောက်မှ ပြင်မှာ။ အပေါ်ဝတ် ဇာအင်္ကျီနဲ့ ပုဝါလဲ ရောက်မှ အပေါ်က ထပ် ၀တ်လိုက် ရင် ပြီးတာ ပဲလေ။ သူ.. ကေ့ကို လာကြိုမှာပါ.. ကားနဲ့ပဲ တခါတည်း လိုက်ခဲ့နော်.. ကျောင်းနဲ့ ဝေးတာ မှ မဟုတ်တာ..

မာလာပြီးရင် လှည်းတန်းပဲ ဥစ္စာ .. နော်
ဟယ်
ဟောတော့
မိကေရယ် .. လုပ်ချလိုက်ရင် ဗြုန်းစားကြီး
ဒါဆို.. ဟိုတစ်ယောက်တော့

စကား မဆုံးခင် ၀ုန်းကနဲ ထရပ်သံကြောင့် ကေ့ရဲ့ နောက်ခုံကို မျက်လုံးများ ရောက်သွားကြချိန်.. တစ်ယောက်သော သူက ကမူးရှူးထိုး ထ ထွက်သွားချေပြီ

ထိုနေ့က မနက်ပိုင်း အတန်းချိန် တခုလုံး အတန်းထဲက မျက်လုံးများက ဆရာ့ဆီ ဖြောင့်ဖြောင့် မရောက်ကြ.. သူတို့ ထင်ထားသမျှ သဲရေကျသော မြင်ကွင်းကြောင့် ကေ့ကို လှမ်းလှမ်း ကြည့်နေ ကြသည်။

အတန်းဆင်းချိန် ရောက်တော့ အတန်းသူ တစ်ချို့သာ အတန်းပြင် ထွက်သွားကြသည်။ အများစုက ကြည့်ကွက် ကြည့်ကွက်။ ထိုစဉ် အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ ခပ်ဖြောင့်ဖြောင့် ယောက်ျားပျို လူစိမ်း တစ်ယောက် အတန်းရှေ့ အရောက်

((မသန့်၊ မစန်း၊ မနော်.. လိုက်ဖူးဆို တာ့တာနော်။ နက်ဖြန်တော့ ကျောင်းတက်ဘူး။ နောက်နေ့တွေ ကျောင်းပြေးမယ် .. စာတွေ နောက်မှ ပြန်ရှင်းပြနော်။))

အိုကေ.. တာ့တာ..

စာအုပ်တွေ ကမန်းကတန်း သိမ်းရင်း ကေ ထွက်လာပြီး ၂ယောက်သား ကားလေးဆီ လှမ်းလာခဲ့တော့ မျက်လုံးတချို့ နောက်က ကပ်ပါ လာခဲ့ကြသည်။

(ဆက်ရန်)

1 comment:

Winkabar said...

နည်းတောင်နည်းသေးတယ် ခံလိုက်ရတာ။ ပြန် အနိုင်ယူပုံလေးကိုသဘောကျတယ်အစ်မရေ။ ဆက်ရန်ကိုမျှော်နေတယ်နော်။