Monday, December 31, 2007

နှစ်သစ်အတွက် အိုဘယ့် ‘ ကံ ’

နှစ်ဟောင်း ကုန်ခါနီး နှစ်သစ်ကို ကူးတော့ မှာမို့ အားလုံး နီးပါးက နှစ်ဟောင်းကို နှုတ်ဆက် ရင်း နှစ်သစ်ကို ကြိုဆိုဖို့ ပျော်ရွှင် တက်ကြွစွာ ပျော်ပါး မြူးတူးဖို့ စီစဉ် သလို တချို့ ကတော့ နှစ်ဟောင်းကို သုံးသပ် နှစ်သစ်မှာ လုပ်စရာ ရှိတာတွေ ဖြစ်ချင် လုပ်ချင်တာတွေကို စီမံကိန်း ဆွဲပြီး စာရင်း လုပ်နေ ကြပါတယ်။ တချို့ကတော့ ဖြစ်သမျှ အတိတ်ကံ ကြောင့်မို့၊ ကိုယ်ဖြစ် ချင်သလို မဖြစ်ရဘဲ သူဖြစ်ချင် သလို ဖြစ်တတ်တဲ့ သဘာဝ မို့ (အဲ.. ဘုရား ကိုတောင် ဆွဲထည့် လိုက်ပါသေး.. အနတ္တ၊ အတိတ်ကံ အကြောင်း တရား၊ ရေစက် အစ ရှိသဖြင့်) ငါလဲ လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သူတွေလဲ ရှိတတ်ပါတယ်။

ဂေါတမ မြတ်စွာ ဘုရားကတော့ အတိတ်ကံ အကြောင်း တရား ကြောင့် ပစ္စုပ္ပန် အကျိုး တရား ဖြစ်ပေါ်တယ်.. ပစ္စုပ္ပန် မှာ ကိုယ်လုပ်တဲ့ ကံရဲ့ အကြောင်း တရား ကြောင့် အနာဂတ်မှာ အကျိုး ဖြစ်ပေါ်တယ် လို့ ဆိုပါတယ်။ ဒီလိုဆိုရင် အတိတ်ကံကြောင့် ဖြစ်ပေါ်တဲ့ အကြောင်း တရား ကြောင့် အကျိုး ရတဲ့ ပစ္စုပ္ပန် အခြေ အနေ တွေကို ကိုင်တွယ် ဖြေရှင်း တုန့်ပြန်ပုံ လုပ်ရပ် တွေက ပစ္စုပ္ပန် ကံပေါ့။ အဲဒီ ကိုယ့်လုပ်ရပ် တွေက အနာဂတ်မှာ လာအကျိုး ပေးတာ ပဲပေါ့။ ဒီလို ဆိုရင် လက်တွေ့ ဘ၀ လူကြီးတွေ ဖြစ်သမျှ အတိတ်ကံကို ချည့် ပုံချနေရင် လူငယ် ဘ၀က ကိုယ်ပြုခဲ့တဲ့ ပစ္စုပ္ပန်ကံ တွေကို တာဝန် မယူရဲလို့ အတိတ်ကံကို လွှဲချ တယ်လို့ ယူဆလို့ ရနေပါပြီ။

တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ လောကကြီး ထဲမှာ ကျွန်မတို့ ဘလော့ဂါ တွေ ဘလော့ ရပ်ဝန်းမှာ ဆုံတွေ့ ကြတာ ရှေးရေစက် ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် ဘလော့ဂါတွေ အချင်းချင်း စည်းလုံး ချစ်ခင် အားပေး ပံ့ပိုး ကြတာဟာ ပစ္စုပ္ပန် မှာ ကိုယ်တိုင် ပြုလုပ်တဲ့ ကံပါ။ ခု လတ်တလော ကိုယ်ပြုတဲ့ ချစ်ခင်မှု၊ ရန်လိုမှု၊ အတ္တနဲ့ ပရ စိတ်ဓာတ် တို့ဟာ အနာဂတ် ဘလော့ဂါ ရပ်ဝန်းကို ပုံဖော် ပါလိမ့်မယ်။ အတိတ်ကံကို အတိတ်ကံ အတိုင်း မျှောချ ထားတာ သိပ်ကို passive ဖြစ်လွန်းတယ်လို့ ကျွန်မ ယူဆ ပါတယ်။ အတိတ်ကံကို ပစ္စုပ္ပန် ကံနဲ့ ပြုပြင် ယူတာကို ကျွန်မ ပိုနှစ်သက် သဘောကျ ပါတယ်။ ရေစုန် မျောလိုက် ရတာနဲ့ ရေဆန်ကို ကူးရတာတော့ ပင်ပန်းတာ ကွာချင် ကွာမှာပေါ့လေ။ ဒါပေမယ့် ရေစုန်ကို မျောလိုက်ရင် နောက်ဆုံး ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ထဲ ရောက်မှာ ဖြစ်ပြီး ရေတံခွန်ကို ဆန်တက် နိုင်ရင်တော့ နောက်ဆုံးမှာ အရာရာကို အပေါ်စီးက မြင်နိုင်တဲ့ တောင်ထိပ်ပေါ် ရောက်မှာ ဖြစ်ပါတယ်။

ကျွန်မကတော့ အတိတ် ကံထက် ပစ္စုပ္ပန် ကံကို ပိုအားကိုးပါတယ်။ အတိတ် ကံက မြင်မှ မမြင် ရဘဲလေ။ လက်ရှိ အချိန်မှာ ကိုယ်လုပ် တာကို ပိုယုံကြည် တာပါ။ လုပ်သလောက် မဖြစ်ထွန်း ရင် ဘာအကြောင်း တရားတွေ လာထည့် အားဖြည့် လို့လဲလို့ ပြန်ဆန်းစစ် တတ်ပါတယ်။ ခုတော့ ကျွန်မ ၂၀၀၇ နဲ့ အတိတ်နှစ် များကို ပြန်လည် ဆန်းစစ်လို့ ၂၀၀၈ မှာ ကိုယ်မမြင် ရတဲ့ မပိုင် နိုင်တဲ့ အတိတ် ကံက ဖန်တီး ပေးလာတဲ့ အခြေအနေ တွေကို ပစ္စုပ္ပန်မှာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် မှန်စွာ တုန့်ပြန် တတ်မှုနဲ့ ပြုပြင် ယူနိုင်ပြီး ကိုယ်လိုရာ အခြေအနေကို ဖန်တီး ယူနိုင်ဖို့ အားမွေး လိုက်ပါ ဦးမယ်ရှင်။

No comments: