Sunday, December 16, 2007

အမေရိကန်က ဒီနှစ်အတွက် အကောင်းဆုံး အမေ

သတင်းလေး တစ်ပုဒ်ကို ဖတ်ရင်း ဒီတမနက်လုံး ကျွန်မ ငိုနေပါတယ်။ ကျွန်မရဲ့ စိတ်ခံစားမှုကို ကျွန်မ ဘယ်လို ပြောပြ ရမယ် မှန်းကို မသိတော့ ပါဘူးရှင်။ သိပ်စိတ် ဆင်းရဲ လွန်းလို့ ငိုချင် ရင်တောင် အပေါ် မော့ပြီး လမ်း လျှောက် တတ်တဲ့၊ မိုးရွာထဲမှာ ထီးမဖွင့်ဘဲ လမ်းလျှောက်ရင်း ငိုတတ်တဲ့ ကျွန်မ ခုတော့ ငိုမိပါပြီ။

အမေရိကန် နိုင်ငံ၊ ကာလီဖိုးနီးနယား ပြည်နယ်က တိရစ္ဆာန်ရုံမှာ ကျားမကြီးတစ်ကောင်ဟာ ရှားရှားပါးပါး ကျား သုံးမွှာ ပြူးလေး မွေးပါတယ်တဲ့။ ကံမကောင်း စွာပဲ ကိုယ်ဝန် ဆောင်စဉ်က ဖြစ်တောင့် ဖြစ်ခဲ ရှုပ်ထွေးမှု များ ကြောင့် ကျားလေး သုံးကောင်ဟာ လမစေ့ဘဲ မွေးပြီး ပေါင်မပြည့်မီတဲ့ အတွက် မွေးပြီး မကြာခင်မှာ သေဆုံး သွားပါတယ်။ မိခင် ကျားမကြီးဟာလဲ ကလေးမွေးပြီး မကြာခင်ပဲ ခန္ဓာကိုယ်တွင်း ချို့ယွင်းမှု လုံးဝ မရှိဘဲ ကောင်းနေ လျက်နဲ့ ကျန်းမာရေး ချို့တဲ့ လာခဲ့ ပါတယ်။ မိခင် ကျားမ ကြီးဟာ ကလေးတွေ ဆုံးရှုံး ရတဲ့ အတွက် စိတ်ဓာတ် ကျတဲ့ အတွက် နေမကောင်း ဖြစ်တာ ဖြစ်ကြောင်း တိမွေးကု ဆရာဝန်က ခံစားမိပါသတဲ့။

ဒါကြောင့် တိမွေးကု ဆရာဝန်ဟာ ကျားမကြီးအတွက် မွေးစားဖို့ တခြား ကျားရဲ့ သားပေါက် သားသမီး ရှာပေး နိုင်ရင် သူ့ ကျန်းမာရေးကို အထောက်အကူ ပြုတန် ကောင်းရဲ့လို့ ဆုံးဖြတ် လိုက်ပါ သတဲ့။ တနိုင်ငံလုံးက တခြား တိရစ္ဆာန်ရုံတွေကို စုံစမ်း စစ်ဆေး ပြီးတဲ့အခါမှာ စိတ်ဓာတ်ကျ စရာ သတင်းက နေမကောင်းဘဲ ငြီးငြူ နေတဲ့ ကျားမကြီး ဆုံးရှုံးခဲ့တဲ့ သူ့ကလေး ကျားပေါက် အရွယ် တခြား ကျားသားပေါက် မရှိပါဘူးတဲ့။ ဒီတော့ ကျားမကြီး နေပြန် ကောင်းဖို့ အတွက် တိရစ္ဆာန်ရုံ ပတ်ဝန်းကျင်မှာ တခါမှ မစမ်းသပ် ဖူးတဲ့ စမ်းသပ်ချက် တစ်ရပ် ကို ပြုလုပ်ဖို့ တိမွေးကု ဆရာဝန်က ဆုံးဖြတ် လိုက်ပါ တယ်တဲ့။

တခါတရံမှာ မျိုးစိတ် မတူတဲ့ မိခင် တစ်ယောက်ဟာ တခြား မျိုးစိတ်က ကလေး တစ်ယောက်ကို မွေးစားတတ် ပါတယ်။ ကြက်မကြီးရဲ့ ၀ပ်ကျင်းထဲ ဘဲဥ ထည့်လို့ သားပေါက်ရင် ကြက်မ ကြီးက ဆက် စောင့်ရှောက် သလို ခွေးမကြီးရဲ့ နို့ကို ကြောင်ကလေးက စို့သလိုပေါ့။ ဒါပေမယ့် အခုဟာက အသားစား ကျားပါ။ သူ့အတွက် ရှာရ အလွယ်ဆုံး မိဘမဲ့ ကလေး ကတော့ ကလေး များကို နို့ဖြတ် နေတဲ့ ၀က်မကြီးရဲ့ ၀က်သား ပေါက်လေး များပါ ပဲ။ တိရစ္ဆာန် ရုံကို စောင့်ရှောက်သူဟာ ၀က်သားပေါက် ကလေး များကို ကျားသားရည်နဲ့ ပတ်ပါတယ်။ ပြီးတော့ သူတို့ကို ကျားမကြီး အနားမှာ ချထားလိုက်ပါသတဲ့။ သူတို့ ရင်သွေး ကလေးတွေ ဖြစ်သွားသလား၊ ၀က်သား တုံးလေးတွေ ဖြစ်သွား သလား ကြည့်ပါဦး။ ကိုယ့်မျက်စိကိုယ် မယုံစရာပါ။






ကျေးဇူးပြုပြီး ကျွန်မကို တစ်ခုလောက် ပြောကြ ပါဦးရှင်။ ကျွန်မတို့ လူသားများ ကရော၊ ဒီဥပမာကို အတု မယူ နိုင်ကြ ဘူးလားရှင်…

မီးဟုန်းဟုန်းတောက်တဲ့ တိုင်းပြည်

ကမ္ဘာမီးလောင်လို့ သားတောင် ချနင်းတာလား…
ဘယာ မီးလောင်လို့ သားတောင် ချနင်းတာလား…
ငါးရာ့ငါးဆယ် နိပါတ်မှာတော့
အရက်မူးလို့ သားကို သတ်မိတဲ့ ဖခင်
အာဏာမူးလို့ သားကို သတ်မိတဲ့ ဖခင်
ရာဂမူးလို့ သားကို သတ်ဖို့ ကြိုးစားတဲ့ မိခင်တဲ့
မယုံဘူးလို့ ဇွတ်မှိတ် အော်ခဲ့ ဖူးတယ်…
မိဘက သားသမီးကို ပြန်သတ်တဲ့ အဖြစ်တွေ
ဘာကြောင့် ဗုဒ္ဓဘာသာ ထွန်းကား လှပါတယ် ဆိုတဲ့
မြန်မာနိုင်ငံမှာ သိပ်များလာ နေရ တာလဲ…
လူ့လောကထဲ မရောက်ခင် ဖျက်ချ ခံလိုက် ရတဲ့ သန္ဓေသားတွေ
လူ့လောကထဲ ရောက်ပြီးမှ မွေးကင်းစမှာ သတ်ခံ လိုက်ရ တဲ့ ကလေးငယ်တွေ
လူလား မြောက်ခါမှ လူပွဲစား လက်ထဲ ပါကင် ဖောက်ဖို့ အပ်ခံ လိုက်ရတဲ့ သမီးတွေ
ဂုဏ်သရေ မရှိတရှိဟန်နဲ့ သူဌေး ပျော်တော်ဆက် ပေးဆပ် လိုက်ရတဲ့ သမီးတွေ
ဘယ်လိုမိဘတွေပါလဲ…
မိဘမေတ္တာ ဆိုတာတွေက
ကိလေသာမီး ဆယ့်တစ်ပါးကို မငြိမ်း နိုင်ကြ တော့ဘူးလား..
လောဘမီး.. ဒေါသမီး.. မောဟမီး.. သောကမီး.. ရာဂမီး.. ဘယာမီး… ရမက်မီးတွေ
တဟုန်းဟုန်းတောက်ရင်း
ပြည်မြန်မာလဲ ကပ်မီး ဟုန်းဟုန်း တောက်ဦး တော့မယ်..
မြန်မာပြည်သား တွေလဲ ငရဲမီးနဲ့ သံသရာမီးတွေ ဟုန်းဟုန်း တောက်ဦး တော့မယ်
သံဃာတော်တို့က မေတ္တာ ရေစင်နဲ့ မီးငြိမ်းဖို့ ကြိုးစားချိန်
ဒီမေတ္တာ ရေစင်နဲ့ မီးထွန်းချင်သူက ရှိသေး
ကျားလေး တစ်ကောင်စာလောက် မေတ္တာ ရှိနိုင်ကြပါစေသာ ဆုတောင်းမိရဲ့…

3 comments:

NayPhoneLatt said...

Great Post !
I like it ... Cheer friend ...

Anonymous said...

ညီမရေ--ဖတ်ရတာ--ပျော်လိုက်တာ--

သဇင်ဏီ said...

ထူးဆန်းလိုက်တာနော်.. ကျားမကြီးတောင် မေတ္တာဓာတ်
အပြည့်ရှိတယ်... အော်..လူတွေ..လူတွေ...