Sunday, December 9, 2007

ရောမရောက်ရင် ရောမလိုကျင့်ရင်း ဒေါင်းယောင်ဆောင်သော ကျီးမဖြစ်အောင် ဘယ်လိုနေမလဲ

ယောက်ျားဘသား ဆိုသူများသို့ ပေးစာလေး ရေးမိပါတယ် ယောက်ျားတွေ အကြောင်း ဆွေးနွေးချက် သိပ်မရဘဲ မိန်းမတွေ အကြောင်းကို ဆွေးနွေးတာ ပွဲဆူနေပါရော.. ကြည့်ရတာ လောကမှာ မိန်းမတွေက ပိုအာရုံစိုက် ခံရပုံပါပဲ။ မိန်းမတွေ အချင်း ချင်း ထောက်ပြ နေကြမယ့် အစား ကြားက အချောင်လွတ်နေတဲ့ စည်းလွတ်ဝါးလွတ် ယောက်ျားတွေ၊ (ယောက်ျားတိုင်းကို မဆိုလိုဘူးနော်.. စည်းလွတ်ဝါးလွတ် ယောက်ျားသား များကိုသာ ဆိုလိုတာပါ) သူများကို အာရုံလွှဲပေးပြီး ကိုယ်တိုင်က သူ များ အာရုံ ပြောင်းမှုကို အခွင့်အရေးယူ အသားယူ နေတဲ့ လူတွေကို ကျွန်မက သတိတရ ထောက်ပြ ချင်တာပါ။ (ယောက်ျား ကောင်းများက ကိုယ့်အလုပ် ကိုယ်လုပ်နေကြပြီး သူများကို သွားဝေဖန် ထောက်ပြ ရမှာကို ၀န်လေး နေကြလို့ လူဆိုးတွေ စားသာ နေတာကို မကြိုက်လို့ ကျွန်မက ထောက်ပြ တာပါ)။ ဒီပို့စ် လောက်ကို တခါမှ အဲလောက် ကောမန့် အများကြီး မရဖူး ပါဘူး။ ကောမန့်တွေကို ၃ခေါက်လောက် ပြန်ဖတ်ယူရတယ်။ ဒါနဲ့ပဲ ပေးထားတဲ့ ကောမန့်တွေကို တခုချင်း ပြန်ရှင်း မယ့် အစား ကျွန်မရဲ့ ဆွေးနွေးချက်ကို ပို့စ်အသစ် အဖြစ် တင်လိုက်တာ ပိုကောင်းမယ် လို့ စဉ်းစားလိုက်မိတာနဲ့ ဒီ ဆောင်းပါး ကို ရေးလိုက်တာပါ။

ဒါထက် ကောမန့်ပေးကြသူတွေထဲမှာ ဘလော့ဂါ နာမည်ရင်းနဲ့ ၀င်ရောက် ဆွေးနွေးကြသူများက လွဲရင် ကျန်သူများက မိန်းမ ယောင်ဆောင်ထားသော ယောက်ျားများ ဖြစ်ကြတာ ဒီလိုပဲ သိလိုက်ရပါတယ်။ ယောက်ျားတွေဘက်ကို မျှားဦး မလှည့် ခင် ကောမန့်မပေးခင် မိန်းမတွေဘက်ကို အာရုံပြောင်းပေးပြီး မိန်းမချင်း အပြန်အလှန် ပြောကြ တိုက်ခိုက်ကြသယောင် ဖြစ် အောင် လုပ်ထားသလို ဖြစ်နေတာကို မှတ်ချက်များကို ပြန်ဖတ်ကြည့်ရင် သဘောပေါက်ပါ လိမ့်မယ်။ အဲဒီထဲက အနောနီး မတ်စ် ဆိုသူကတော့ မိန်းမဆိုးများ ပါးစပ်က ဖွင့်မပြော မှတ်ချက် ၀င်မရေးပေမယ့် စိတ်ထဲက ဆင်ခြေ ကန်လောက်ခြေ ရှိ တာတွေကို တမင် မိန်းမလို ဈာန်သွင်း စဉ်းစားပြီး မှတ်ချက်ရေးခဲ့ကြောင်း၊ ကျန်သူများမှ စေ့စပ်စွာ ပြန်လှန် ချေပ မှတ်ချက် ရေးနိုင်ကြစေဖို့ ရည်ရွယ်ကြောင်း ဒီလိုလုပ်ခြင်းဖြင့် မိန်းကလေးများ ပိုမို ထောင့်စေ့စွာ တွေးခေါ်၊ ချေပ၊ နေထိုင် ပြုမူနိုင်မယ် လို့ မျှော်လင့်ကြောင်း မေးလ် ပို့လာပါတယ်။ ကောင်းပါပြီ။ ခုလို စိန်ခေါ်လာမှတော့ ကျွန်မလဲ ဘွာမခတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးကြောင့် ပို့စ်တင်နှေးသွားတာကိုတော့ တကယ်ကို စိတ်မကောင်းပါဘူး။

ဒီနေရာမှာ flower ဆိုသူ ရေးတဲ့ မှတ်ချက်ကိုတော့ ကျွန်မ အတိကျဆုံး အတိအလင်း ကန့်ကွက်ပါတယ်။ ကိုယ့်ဟာကို နေ ချင် သလိုနေ သူများ မထိခိုက်ရင် ပြီးရော.. သူများကို လိုက် ဝေဖန် လက်ညှိုးထိုးနေတဲ့ ကဲ့ရဲ့ ရှုံ့ချ နေသူတွေဟာ အဆင့် အတန်း နိမ့်သူတွေလို့ စွပ်စွဲ မှတ်ချက် ပြုသွားပါတယ်။ ဒီလိုလူတွေများရင်ဖြင့် လူ့လောက ပျက်ရချည့်။ ဒီမှတ်ချက် ရေးသူ ဟာ လူ့အဖွဲ့အစည်းအကြောင်းကို လုံးဝ နားမလည်တဲ့ လူ့အဖွဲ့အစည်း ပြင်ပက လူများ ဖြစ်နေလေမလားလို့တောင် တွေး မိပါတယ်။ လူ့အဖွဲ့အစည်းအတွင်း လူသား ဂုဏ်သိကာ မြင့်မားပါမှ လူသားများ အေးချမ်း တည်ငြိမ်စွာ နေနိုင်မှာပါ။ လူဆိုး ကို လက်သင့်ခံလို့ လုံးဝ မဖြစ်နိုင် ပါဘူး။ လူဆိုး လူယုတ်မာကို သူပြောသလို လွှတ်ထားရမှဖြင့် တကမာလုံး ထောင်တွေလဲ မလို၊ အစိုးရလဲ မလို၊ ဖြစ်ချင်တိုင်း ဖြစ်၊ လုပ်ချင်ရာ လုပ် လွှတ်ထားရရင် ဘယ်လောက် ဖရိုဖရဲ နိုင်ပါလိမ့်မလဲ။ လူဆိုးကို ပို မဆိုးအောင်၊ လူဆိုးက လူကောင်းတွေကို လူဆိုးဖြစ်အောင် စည်းရုံး သိမ်းသွင့်ခွင့်မရအောင်၊ လူကောင်းတွေ လူဆိုးဖြစ် မသွားအောင် လူသားအချင်းချင်း ထိန်းကျောင်း တည့်မတ်ပေးနေရတာ ကိုက လူ့အဖွဲ့အစည်းရဲ့ ထူးခြားချက်ပါ။ မိဘ ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ အကြီးအကဲ ကျင့်ဝတ်၊ ရဟန်း ကျင့်ဝတ် အားလုံးထဲမှာ လူ့အဖွဲ့အစည်းတွင်းက သက်ဆိုင်ရာ လူများကို ထိန်းကျောင်း ပဲ့ပြင် ရမှာ လူ့ကျင့်ဝတ် တစ်ရပ်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။

နောက်တစ်ချက် ဗုဒ္ဓမြတ်စွာဘုရားတောင်မှ ဒေ၀ဒတ်လို လူဆိုးလူမိုက်ကို တံတွေးစား လို့ ပြောဆို နှိပ်ကွပ်သလို အလှမာန် တရားလွန်ဝင့်နေတဲ့ မာဂဏ္ဍီကို အပြင်ပန်းတွင် အဆန်းတကြယ် ပြုပြင်စီရင်ထားတဲ့ မစင်အိုးလို့ တည့်တည့်လင်းလင်း ပြော ဆို နှိပ်ကွပ်ပါတယ်။ flower ဆိုသူရဲ့ သတ်မှတ်ချက်နဲ့ဆို ဘုရား ဘာဖြစ်သွားမလဲ။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ လူများအ တွက် ပုံ ဥပမာ လူပုဂ္ဂိုလ်များကတော့ ဂရိ တွေးခေါ် ပညာရှင် ဆိုကရေးတီး၊ တရုတ် တွေးခေါ် ပညာရှင် ကွန်ဖြူးရှပ်စ်နဲ့ အခြားသော မြောက်များစွာသော ပညာရှင်များ ဖြစ်ပါတယ်။ သူတို့လဲ လူ့အဖွဲ့အစည်းထဲက မကောင်းသူများကို အသက်နဲ့ ကို ရင်းပြီး ဝေဖန်ပြောဆို သွားကြပါတယ်။ ရှင်းပါပြီနော်.. ဝေဖန်ရေး ဘယ်လောက် အရေးကြီးလဲ ဆိုတာကို။ ဒါပေမယ့် ကို ကလိုစေးထူး ထောက်ပြသလို တလွဲဆံပင် မကောင်းကြဖို့ လိုပါတယ်။ Privacy and principal ကို ချိန်ခွင်လျှာ ညီမျှအောင် သုံးစွဲ ကျင့်ကြံပါမှ လူပီသမှာ ဖြစ်ပါတယ်။

ပြီးတော့ အခုတလော တအား ခေတ်စားနေတဲ့ ရည်းစားထည်လဲ တွဲတာနဲ့ လက်မထပ်ခင် အတူနေတဲ့ ကိစကို မြန်မာမလေး တွေ လက်ခံကျင့်သုံး လာတဲ့ ကိစပါ။ နိုင်ငံခြားမှာ ပညာသင် အလုပ် လုပ်ကိုင်နေရာမှာ မိဘ မိသားစု အုပ်ထိန်းသူမရှိတာမို့ ကိုယ့်ကိုယ်ကို ထိန်းပြီး နေရတာမို့ ကာမပိုင် ဆိုတဲ့နေရာမှာ ကိုယ့်ကာမ ကိုယ်ပိုင်ရင် ကိုယ်ပိုင်ပစည်းကို တန်ဖိုး ထားသင့် တာပေါ့။ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံး ဆိုတဲ့သူက ကိုယ့်ကိုယ်ကို တန်ဖိုး မထား မှတော့ သူများကို ဘယ်လို တန်ဖိုး ထား တတ် တော့မလဲ။ သူများ ကရော သူ့ ကိုယ် သူတောင် တန်ဖိုး မထား တဲ့သူကို အထူးတလည် တန်ဖိုး ထားနေ ပါ့မလား စဉ်းစား မိတာလေး တွေပါ။ ၀မ်းမှာ အချင့် လူမှာ အကျင့် လို့ စာဖတ်သူ ကပဲ ပြောပါတယ်။ ဟုတ်ကဲ့.. စမ်းလုပ်ရင်း ကိုယ့် စိတ်ကို အလို လိုက်ရင်း အာရုံ ခံစားရင်း တတက် စားလဲ ကြက်သွန် နှစ်တက်စားလဲ ကြက်သွန် ဆိုပြီး အကျင့်ပါ သွားရင် အကျင့် ဖြစ်ပြီးမှ ပြင်နိုင်မှာ မို့လား။ ဘယ်သူ အောင်အောင် မြင်မြင် ပြင်နိုင် ပါသလဲ။ ပြင်ပြီး တော့ရော.. ဟုတ်ကဲ့.. တခါမှ မစုတ်ဖူး တဲ့ အ၀တ်နဲ့ အစုတ်ကြီးကို ပြန်ချုပ် ထားတဲ့ အ၀တ်တောင် တန်ဖိုး ကွာပါ တယ်နော်။ မပျက်ခင် ကြိုတင် ကာကွယ် တာ ပိုမကောင်း ဘူးလား။ အပျက် ကြီးကို ပြင်သုံး ရတာ တကယ်ရော ကောင်းမှာ မို့လို့လား။ အစုတ်ကြီး အတိုင်း ပစ်ထား ရတာနဲ့ စာရင်တော့ အစုတ်ကြီးကို ပြင်သုံးရတာ ဘာပဲ ပြောပြော တော်သေး တာပေါ့လေ။ ဒါတွေက လူသား အားလုံး အတွက် ယေဘုယျ ဆွေးနွေးချက်ပါ။ မြန်မာ မိန်းကလေး များအတွက် အခုမှ စပြီး ဆွေးနွေးပါမယ်။

အနောက်နိုင်ငံမှာ မွေးတဲ့ မြန်မာမိန်းကလေး ဆိုရင် ဘယ်လို ပြောမလဲ။ စည်းဆိုတာ ဘယ်လို မျိုးကို သတ်မှတ်ထားလို့  စည်းလို့  ခေါ်တာလဲ။ မိန်းကလေးအတွက် စံနမူနာ စည်းကမ်းတွေကို စံထားလို့ စည်းလို့ ခေါ်မလား ဆွေးနွေး ကြရအောင်ပါ။ အနောက်နိုင်ငံသူတိုင်း လက်မထပ်ခင် အတူနေကြပါသလား။ ဘယ်လို မိန်းမစားများက လက်မထပ်ခင် အတူနေကြပါသလဲ လေ့လာဖူးကြပါသလား။ အော်သိုဒေါ့စ် ခရစ်ယာန်များဟာ အနောက်နိုင်ငံမှာ နေကြပေမယ့် လက်မထပ်ခင် အတူနေခြင်း လုံးဝ ကင်းရှင်းသလို တခြား ကိုယ့်ကိုယ်ကို တန်ဖိုးထားသူ အနောက်နိုင်ငံသူများ လက်မထပ်ခင် အတူနေခြင်း မပြုကြပါဘူး။ ရှင်းပါပြီနော်။ ဘယ်နိုင်ငံ ဘယ်အသိုင်းအ၀ိုင်းမဆို ကိုယ့်ကိုယ်ကို တန်ဖိုးထားသူ လူ့အဖိုးတန်များက ကိုယ့်တန်ဖိုး ကိုယ် ထိန်းသိမ်းပါတယ်။ ဒါပေမယ့် ခုနက ပြောသလို ရည်စားထားပြီးမှ အကျင့်သိလို့ ကွာတယ် ဆိုတာ ဆင်ခြေပါ.. မထားခင်က သေချာအောင် အကျင့်သိအောင် သူငယ်ချင်း အဖြစ် ဖြစ်စေ၊ တခြားနည်းလမ်း များဖြင့် ဖြစ်စေ လေ့လာစရာ နည်းလမ်းတွေ က အများကြီးပါ။ ရည်းစားတောင် ထည်လဲ ထားတတ်မှတော့ ဒီလို လေ့လာနည်းတွေ မသိလောက်အောင်တော့ မြန်မာမ လေးတွေ မနုံ မအ ပါဘူးနော်။

Choice & Selection ကို နားလည်ထားရင် မိန်းကလေးတွေ ရည်းစားများတာ ဟာ အပြစ်မဟုတ်ဘူး ။ ဘယ်မိန်းကလေး ကမှတော့ ရည်းစား ၁၀၀၀ မထားချင်ပါဘူး။ ထားတုန်းကတော့ အတည်ထားတာပဲ။ ကောင်လေး လုပ်တဲ့သူ က အရည် အချင်းမရှိတာနဲ့ ။ စိတ်သဘောထားချင်း မတိုက်ဆိုင်တာနဲ့ ။ ငွေကြေး ဓန ဥစ္စာတွေ ဆိုတဲ့ အမျိုးမျိုးသော အကြောင်း တွေ ကြောင့် ၁ ယောက်ကနေ ၂ ယောက် ၊ ၃ ယောက် ဖြစ်ရတာ။လို့ အနောနီးမတ်စ်က ပြောလာပါတယ်။ ရည်းစားထား ပြီးမှ အိမ်ထောင်ဖက်ကို ပြန်ရွေးမှာလား။ အိမ်ထောင်ဖက်အဖြစ် လျာထားသူကိုပဲ ချစ်သူရည်းစားအဖြစ် လက်ခံတာလား ဆိုတာ ၂ခု ပြန်ကွဲပါလိမ့်မယ်။ ရည်းစားထားပြီးမှ ရည်းစားတွေထဲက အိမ်ထောင်ဖက်ကို ပြန်ရွေးမယ် ဆိုရင်တော့ မှားနေပြီ လို့ပဲ ပြောချင်ပါတယ်။ ရည်းစား အဖြစ် မတွဲခင် Choice & Selection စိတ်ကြိုက်လုပ်နိုင်ပါတယ်။ စိတ်တူ အရည်အချင်းရှိ၊ ငွေ ကြေး ဓန ကြိုက်တဲ့စံနဲ့ လူကို ရည်းစားအဖြစ် ရွေးနိုင်ပါတယ်။ မိန်းမကောင်း ပန်းပန် တပွင့်တန်တဲ့။ မြန်မာ စကားပုံ ရှိပါ တယ်။ ဒါ့အပြင် ၃ကျောင်းပြောင်းသော ရှင်၊ သုံးလင် ပြောင်းသော မိန်းမ ကို အရပ်က လက်မခံ ရွာပြင်ထုတ်သော ဓလေ့ မြန်မာပြည်မှာ ရှိခဲ့ဖူးပါသည်။ ရည်းစားအဖြစ် ထားပြီးမှ ကိုယ့်ကို လက်မထပ်နိုင်ဘူး ဆိုပြီး ယောက်ျားလေးကို ပြန်ငြင်းရင် တော့ ဟုတ်ကဲ့ ဘယ်ယောက်ျား သားများက သည်းခံ ချင်မလဲ သိချင်ပါသေးတယ်။ ထို့အတူ တကယ်တမ်းတော့ ရည်းစား ပျက်ဖူးသော မိန်းကလေးကိုတောင် ပထမဆုံး ထင်မြင်ချက် ချက်ချင်း ခံစားချက် အနေဖြင့် ရည်းစား တခါမှ မထားဖူးသေး သော မိန်းကလေးလောက် တန်ဖိုးထားသူ ယောက်ျား ရှားပါသည်။ နောက်ပိုင်းတွင်မှ စိတ်ထား၊ လူရည်လူသွေးနှင့် ရည်းစား ပျက်ခြင်း အကြောင်းရင်းများကို ပြန်သိမှ တန်ဖိုးထားပုံ ကွာခြား လာတတ်တာ သဘာဝ ဖြစ်ပါသည်။ အတိတ်ကံ အကြောင်းမလှလို့ ရည်းစားပျက် အိမ်ထောင်ပျက်သူများကို မဆိုလိုပါ။ ဒါပေမယ့် တလွဲဆံပင်လဲ မကောင်းစေချင်ပါ

“လူ့ ဘောင် အသိုင်းအ၀ိုင်း အတွင်းမှာ ဆိုတော့ လူ့ စည်းကမ်းလို့ ပြောရမှာ အနောက်နိုင်ငံမျာ living together ဆိုတဲ့ အလေ့ ဟာ လေ့လာနေဆဲ ကာလလို့ ခေါ်တယ်၊ ကလေးတွေဘာတွေ ရတဲ့ အထိ မယူသေးဘူးနော်။ ဖြတ်လို့ လည်း ရတယ်။ လွတ်လပ်တဲ့ မိန်းမနဲ့ ယောက်ျား လွတ်လပ်စွာ ဆွေးနွေးတယ် ဆိုတာ အဲဒါကို ခေါ်တာ“ လို့ တရားလွန် လွဲမှားစွာ တွေးခေါ် လက်ခံနေကြသူ မြန်မာများ ရှိနေတာ ရင်လေးစွာ တွေ့ရပါတယ်။ ကျွန်မ ရဲ့ ကိုယ်ပိုင် ခံယူချက်ကို မညှာတမ်း ပြောခွင့် ပြုပါ။

ဒီလို အတူနေပြီးလေ့လာမှ သိရမှာတဲ့လား။ တခြားနည်းနဲ့ လေ့လာတာ မလုပ်တတ်တော့ဘူးလား။ အာရုံငါးပါးကို တာဝန် မယူဘဲ ခံစားချင်တာကို လေ့လာရေး ခေါင်းစဉ်တပ်လို့ မလျော်ကန်ပါ။ ကိစပြီးမှ မကောင်းမှန်းသိလို့ ခွာရှဲတော့ အဲလို လေ့လာသူ များလာရင် ကိုယ် ဘယ်လို အတန်းအစား ဖြစ်သွားမလဲ။ ကြေးစားတောင် မဟုတ်ပဲ အလကားရတဲ့ မိန်းမ (ကန်တော့ပါရဲ့ ယောက်ျားလေးများက ကြိုက်ကုန်းလို့ ခေါ်ကြတဲ့ မိန်းမစား) အဖြစ်ခံကြမလား။ မြန်မာမှာလည်း အရင်တုန်း က ၃ နှစ်၃ မိုး မိန်းကလေး အိမ်မှာ လေ့လာတာ ရှိမှာပေါ့။ ဘယ်သူပြောနိုင်မလဲ အဲဒီ ၃ နှစ်အတွင်း တိတ်တစ်ဆိတ် မဖောက်ပြန်ဘူးလို့ လို့ ကြောက်စရာကောင်းစွာ ပြန်လှန် ဝေဖန်သူများလဲ ရှိပေသည်။ အာရုံငါးပါး လိုက်စားခြင်းကို လေ့လာခြင်းဆိုတဲ့ ဘောင်ထဲ ဆွဲထည့်လို့ မရပါ။ မြန်မာ့ရိုးရာမှာ ၃နှစ်၃မိုးလေ့လာတယ် ဆိုတာ မိဘမောင်ဘွား အရပ်ထဲ လေ့လာတာ တိတ်တိတ်ဖောက်ပြန်ရင် ဒေါက်ထောက်ကြည့်နေတဲ့မျက်စိအောက်မှာ တွံတွေးခွက်ထဲ မျောသွားမှာ ဖြစ်ပါတယ်။ ဖောက်ပြန် တယ် တိတ်တစ်ဆိတ် ဖြစ်တယ်ဆိုမှ တော့ လူသိအောင် ဘယ်လုပ်ပါ့မလဲ လို့ ဆင်ခြေကန် လာရင်လဲ လောကမှာ ဆိတ်ကွယ်ရာ မရှိပါဘူး လို့ အတိအလင်း ဖြေရုံပါပဲ။ လူမသိအောင် လုပ်လဲ သိမှာပဲ။ ပတ်ဝန်းကျင် က လူတွေက ငအတွေမှ မဟုတ်တာ။ ပိရိပေ့ ဆိုပြီး ခိုးလုပ်တာတွေ ကျွန်မလို အူတူတူ အတတ လူတောင် သိတာ တော် တော် များနေပြီ မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာမရှိ လို့ ဘုရားဟောတာပေါ့ရှင်။ တချို့ ရဟန္တာတွေ လူတွေရဲ့ အတွေး စိတ်ကူးကို သိတာ ကြားဖူး ကြုံဖူးလား.. နတ်နဲ့ ၀ိဇ္ဇာတွေ လူတွေရဲ့ စိတ်ကို အတွေးအကြံကို သိတာ ကြားဖူးကြုံဖူးလား။

ဘုရားရှင်ဆိုလိုတာကတော့ က ကံကံ ရဲ့ အကျိုး ကြောင့် ဆိတ်ကွယ်ရာ မရှိလို့ ပြောတာပဲ ရဟန္တာ ပုဂိုလ်တွေက သူများ တွေကို အလကား ရှောက်ပြောနေတာ မဟုတ်တာမို့ ခိုးလုပ်လို့ ဖြစ်လောက်တယ်လို့ ရသေ့ စိတ်ဖြေ လျှော့တွေး နေကြ သူများကို ပြောချင်ပါတယ်။ လောကကြီးမှာ တကယ်ကို ဆိတ်ကွယ်ရာ မရှိပါ။ ခုလို နည်းပညာ ဖွံ့ဖြိုး တိုးတက်ချိန်မှာ ပို လို့တောင် ဆိတ်ကွယ်ရာ မရှိပါ။ နောက်ဆုံး ကိုယ့်လိပ်ပြာ ကိုယ်မလုံပါဘူး ဒါအဆိုးဝါးဆုံးလေ။ ကိုယ် အပြစ်လုပ်ထား တာကို ကိုယ်တိုင်သိနေတဲ့အတွက် ငါဟာ အပြစ်ကင်းသူ မဟုတ်ပါလား ဆိုတဲ့ အသိနဲ့တင် တော်တော်ခြောက်ခြားစရာ ကောင်းနေပါပြီ။ ဒါကို ရသေ့စိတ်ဖြေ လုပ်ပြီး ငါလုပ်တာ တခြားဘယ်သူမှ မသိပါဘူး ဆိုပြီး နေလို့မှ မဖြစ်တာ။ အဲဒါတင် မကဘူး ဘုရားလောင်း တောထွက်ကတည်းကနေ ပရိနိဗ္ဗာန် ပြုချိန်အထိ ဘုရားရဲ့ စိတ်ကို မာရ်နတ်က တောက်လျှောက် စောင့်ကြည့်ခဲ့တယ် ဆိုတာ ကျမ်းဂန် အထောက်အထား ရှိတယ်။ အဲလိုပဲ သာဝကတွေ လည်း စောင့်ကြည့်ခံရတယ်။ အဲဒီမာရ်နတ်တွေနဲ့ မာရ်နတ်လို လူတွေ ကတော့ သူများကို လျှောက်ပြောတာတို့ အဖြစ်မှန် ပေါ်အောင် ပြန်လုပ်တာတို့ လုပ်လောက်ပါတယ်နော်။

ရောမရောက်ရင် ရောမလိုကျင့်ပေမယ့် ရောမသားဖြစ်လို့မရသလို ရောမသားလဲ ဖြစ်သွားမှာ မဟုတ်ပါဘူး။ တကယ်က ရောမရောက်ရင် ရောမက တရားဥပဒေနဲ့ ဓလေ့ထုံးတမ်း တချို့ကို လိုက်နာရမယ်လို့ ပြောခြင်းပါ။ အကုန် အစအဆုံး ရောမသားလို လိုက်လုပ်နေဖို့ မလိုပါဘူး။ ဒါပေမယ့် လူဆိုတာ လုပ်ပါများ အကျင့်ဖြစ်မယ်။ စည်းစောင့်ရတာက ခက် တယ်လေ။ စည်းချိုးတာကို လွတ်လပ်ခြင်းနဲ့ ရောမလိုကျင့်ခြင်းဆိုတဲ့ ဆင်ခြေနဲ့ ကာလို့မှ မရနိုင်တာလို့ ကျွန်မက မြင်ပါတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရမှာမို့ ဆိုပြီး ဒေါင်းတွေကြားရောက်လို့ ဒေါင်းလိုကျင့်ရင် ဒေါင်းယောင် ဆောင်သော ကျီးပဲ ဖြစ်မှာပေါ့ စံနမူနာတွေကို စည်းလိုစောင့်ရင် အကောင်းဆုံးပေါ့နော..

“Virginity ကိုပြောချင်သေးတယ် ဆိုရင် ဘုရားဟောမှာတော့ အိမ်ထောင်ပြုရင် မိန်းမသားဟာ Virgin ဖြစ်ရမယ်လို့ မပါဘူး။ မယားဝတ်တရား ၅ ပါးနဲ့  ကျင့်ကြံတတ်ရင် မိန်းမကောင်းလို့ ဆိုထားပါတယ်။ ပြိးတော့လည်း မိခင်နှင့်တူသော မိန်းမ၊ ကျွန်နှင့်တူသော မိန်းမ ၊ မိတ်ဆွေ ၊သခင် အစရှိသဖြင့် မိန်းမအပြား အမျိုးမျိုးတွေထဲက ကောင်းမွန်တဲ့ မိန်းမမျိုး ဖြစ်အောင် စံနမူနာ ပြနိုင်ရင် အိမ်ထောင်ရေး အဆင်ပြေပါတယ်။ ယောက်ျားလုပ်တဲ့သူတွေကလည်း နားလည်မှု ပေးတတ်လာပါပြီ။ သူတို့ လည်း Beachelor ဟုတ်ပါ့မလား။ “ လို့ ဆိုလာပါတယ်။

အဲလိုပြောနေပေမယ့် အဲလို အပြောကို သာယာပြီး စိတ်လွယ်လာတဲ့ မိန်းကလေးတွေကို အခွင့်အရေးယူ အသားယူပြီး သူတို့ ကိုယ်တိုင်ကျတော့ မိန်းကလေး အပျိုစင်ကိုမှ လိုချင်တာ.. သူများ ရည်းစားဟောင်းကို ရရင်တောင် နွားကျတယ် ဆိုတဲ့ စကားကို ရှက်၊ ခံပြင်းပြီး ရှောင်ချင်တာ မပိုးချင်တာ ယောက်ျားအများစု ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အပြောလွယ်သလောက် လက်တွေ့ကျင့်ကြံဖို့ ခက်ပါတယ်။ သူများ ရည်းစားဟောင်း အိမ်ထောင်ကွဲကို ကြိုက်ဖို့သာ အပြောလေးနဲ့ ပြောလွယ်မယ် တကယ်တမ်းလက်ထပ်ဖို့ကျတော့ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က လက်ခံ နိုင်ကြလို့လား သေချာရဲ့လား ပြန်မေးပါရစေ စိတ်ကူးယဉ် စကားနဲ့ လက်တွေ့အခြေအနေကို လေးလေးနက်နက် စဉ်းစား သုံးသပ် ဝေဖန် စေချင်ပါတယ်

“ယောက်ျားကို နိုင်မှ ဆိုတာကလည်း ကိုယ်ယူလိုက်ပြီး မှ တွေ့ မြင်လာရတဲ့ ယောက်ျားရဲ့ ညံ့ဖျင်းမှုတွေ ဖာထေးပေးတာကို အပြစ်ဆိုရမလား။ ဒါမှ မဟုတ်လည်း အိမ်ထောင်ပဲ အပျက်ခံမလား။ တစ်လင်ကွာ ဘွဲ့ ကိုပဲ ခံယူမလား ။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ဆိုတဲ့ မယားဝတ္တရားတွေ လိုက်နာ ဆောင်ရွက်တာကို တန်းတူအခွင့်အရေးလို့  ထင်မလား။ “ လို့ ဆိုလာ ပြန်ပါတယ်။ ယောက်ျားက မိန်းမ ကြောက်ရ ချင်ယောင် ဆောင်ပြီး လာဘ်စားမှု ကျူးလွန် တာတွေ၊ ဖြစ်သမျှ မိန်းမကြောင့် ပါလို့ လွှဲချတာတွေ မြင်ရပါများလို့ ယောက်ျား ကို နိုင်ရမှ ဆိုတဲ့ အတွေးအခေါ် သိမ်ဖျင်း တဲ့ မိန်းမများကို သနားတောင် သနားမိပါသေးတယ်။ ယောက်ျားရဲ့ တဖက်လှည့် နဲ့ အသုံးချမှုကို မသိရှာတဲ့ မိန်းမများ မို့ပါ။ မိန်းမမာယာ သဲကိုးဖြာထက် ယောက်ျားမာယာက မန်းကျည်းကိုးပင် က အရွက် နှောတယ် ဆိုတာ အလကား နိုင်ရပြီးရော လျှောက်ပြောတာ မဟုတ်ပါ ဘူး။ သတိထား မြင်တတ်စေ ချင်ပါတယ်။ တကယ် တော့ ဘယ်သူ့ကို ဘယ်သူက နိုင်တာမှ ကြက်သရေ မရှိပါဘူး။ အကောင်းဆုံးက ၂ဦး ၂ဖက် အပေးအယူ မျှတ အဆင်ပြေ နေတာ အကောင်းဆုံးပါ။ မြန်မာပြည်က စိတ်ဓါတ် အတွေး အခေါ် တွေ ဟာ မြန်မာပြည်နဲ့ ပဲ လိုက်လျောညီထွေပြီး အနောက် နိုင်ငံနဲ့ ပြည်ပတွေ မှာ နေထိုင်မယ် ဆိုရင်တော့ အဲဒီက ဓလေ့ထုံးတမ်း တွေနဲ့ Adjust လုပ်နေထိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတဲ့ နေရာမှာလဲ သူ့နေရာနဲ့ သူ ရှိပါတယ် ဒေါင်းယောင် ဆောင်သော ကျီး မဖြစ်ဖို့ အရေးကြီးပါတယ်။

“လုပ်ချင်သူက သူ့ဖာသာလုပ်ပါစေ။ ပတ်ဝန်းကျင် လူ့အသိုင်းအ၀န်းက သူ့ဖာသာ သူ တန်ဖိုးဖြတ်ပါလိမ့်မယ်။ ကျမ ဆိုလို တဲ့ တန်းတူ ဆိုတာ အလုပ်တွေမှာပါ။ ကာယအား ဥာဏအားတွေအရည်အချင်း အရည်အသွေးတန်းတူထက်မညံ့အောင် ကြိုးစားအားထုတ်စေချင်တာ... မိန်းမမို့ ဆိုတဲ့ စိတ်မထားပဲ အခွင့်အရေးမယူပဲ လူလူချင်း သူတွေးသလို တွေးနိုင်အောင် သူဆင်ခြင်နိုင်သလို ဆင်ခြင်နိုင်အောင် အသိပညာ ဗဟုသုတတွေကို လေ့လာလိုက်စားဖို့ ကျင့်ကြံအားထုတ်ဖို့... တကယ့် ယှဉ်ရမဲ့ တရားကို သိစေချင်လို့ ပြောပြတာပါ“.လို့ ပြောလာတဲ့ မခင်မင်းဇော်ရဲ့ စေတနာမျိုးက တကယ် ရှားပါတယ်။ မိန်းမ ချင်း မနာလို အူပွ အပုပ်ချ အသုံးချ နေကြတဲ့ မိန်းမတွေ ရှိပါတယ်။ ဒီလိုလူတွေကြားမှာ ကိုယ့်ကိုယ်ကို အမုန်းခံပြီး စေတနာ နဲ့ ဝေဖန်ထောက်ပြတဲ့ စာမျိုး ရေးသား ဖော်ပြလာတာ ရှာမှရှားပါ။ ခုလိုရေးပြလို့ အကောင်းမြင် ခံ၇ဖို့ထက် အဆိုးခေါင်းစဉ် တပ်ခံရတာ ပိုများမှန်း သိသိနဲ့ လုပ်နေတာမို့ ပိုချီးကျူးပါတယ်။ တချို့ က ပြောလာပါတယ်။ ခွန်မြလှိုင် ယောက်ျားကျမ်း ကြေလှ ချည်လားတဲ့။ ဟုတ်ကဲ့။ မြင်အောင် ကြည့်သောသူ မြင်ပါတယ်။ ရိုးရိုးသားသား မှန်မှန်ကန်ကန် တွေးသူများ ကောင်းကျိုး ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ကိုလည်း ကာကွယ်နိုင်ပါတယ်။

“ ကြက်တူရွေး နှုတ်တိုက်ချသလို ချပေးထားတဲ့ သြ၀ါဒ စရိယ တွေနဲ့  အရမ်း ကိုပဲ အရှက်သိက္ခာ ကာယအိနြေ္ဒ ကြီးတယ် ဆိုရင်လည်း ဂျင်းဘောင်းဘီ တွေ ၀တ်မနေနဲ့ တော့ . ခြေဖျားထိ ဖုံးတဲ့ ထိုင်မသိမ်းတွေနဲ့  ဘတ်စ်ကား တိုးစီးကြတော့ ။ မြို့ လယ်ခေါင် ပန်းခြံတွေမှာ စုံတွဲ ခုတ်မနေနဲ့ တော့ ..ကာယအိနြေ္ဒ လုံခြုံတဲ့ လူမမြင်သူမြင်တဲ့ တိုက်ခန်းထဲမှာပဲ တွေ့ ကြတော့. “ ဆိုတဲ့ အရေးအသားကို ကန့်ကွက်ပါတယ်။ အရမ်း ကိုပဲ အရှက်သိက္ခာ ကာယအိနြေ္ဒ ကြီးသယောင် လုပ်ပြတာဟာ ဟန်ဆောင်ဗန်းပြ ကာယအိနြေ္ဒဖြစ်ပါတယ် စိတ်မ မလုံခြုံလို့ပါ။ ရှင်းပါတယ်နော်။ မြန်မာ့ သမိုင်းမှာ ခေတ်နောက်ပြန်ဆွဲ ၀တ်စား ဆင်ယင်မှုကို ဘယ်ခေတ်ကမှ မလုပ်ပါဘူး။ ပုဂံခေတ် ၀တ်စုံနဲ့ ကျန်ခေတ် ၀တ်စုံများ တစ်ခုမှ မတူ ကြပါဘူးနော်။ ဒါပေမယ့် သူများနိုင်ငံက ဖက်ရှင်၊ သူများနိုင်ငံက ရိုးရာ ၀တ်စုံကို ပုံတူ ကူးချတာ တခေတ်မှ မလုပ်ခဲ့ကြပါဘူး။ ကိုယ့် အတွေး နဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ပဲ ၀တ်စား ကြပါတယ်။ ယဉ်ကျေးလာတယ်လို့ ယူဆ လာလေ၊ အ၀တ်အစား ပိုလုံခြုံ လာလေပါပဲ။

ဘာသာရေး နဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း တွေ မရောချင်စမ်းပါနဲ့ လူကလေးရယ်...ဆိုလို့ ပြောပါရစေ။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေဟာ ဘာသာရေးအပေါ် အခြေခံထားတာ ၇၅% လောက်ပါ။ အတိအကျ သုတေသန လုပ်ထားတဲ့ စာတမ်းများ ကျွန်မ မဖတ်ဖူးပေမယ့် ကိုယ်တိုင် သုတေသန လုပ်ဖို့တော့ ပြင်ဆင်နေပါတယ်။

“ မြန်မာပြည်မှာ မိဆုံးမ ဖဆုံးမ ဘွဲ့ ခံယူထားတဲ့ မိဆုံးမ ဖဆုံးမ သားသမီးလေးတွေ ပြည်ပရောက်သွားတော့ ဟို ယောက်ျား လေးနဲ့ အတူနေ၊ဒီမိန်းကလေး နဲ့ အတူနေ ..ဖြစ်ချင်သလို ဖြစ်နေတာဟာ...အလွန်တော်တဲ့ မိဆုံးမ ဖဆုံးမ မိဘတွေကြောင့် လား... ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင် အတွေး အခေါ်တွေကြောင့် ပဲလား. ဒါမှ မဟုတ် ကိုယ် အပေါ်မှာ ရေးထားခဲ့တဲ့ လွတ်လပ်တဲ့ ကာမပိုင်မရှိ ဆိုတဲ့ အယူအဆကြောင့်လား..“ ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်ဆွေးနွေးပါမယ်။ မိဘတွေရဲ့ ဆုံးမ ပုံက မှန်ကန်မှု ရှိခဲ့ပါရဲ့လား။ ဒီလို မနေနဲ့ နေရင် ငါနဲ့ တွေ့မယ် လို့ ဆုံးမလို့ကတော့ ငါနဲ့မတွေ့ချိန် ဒီလို နေမှာ ဖြစ်ပါ တယ်။ မိဘ တားတဲ့ကြားက စတိတ်ရှိုး သွားချင်လို့ ပူဆာနေတဲ့ ကျွန်မရဲ့ အထက်တန်းတပည့်တစ်ယောက်ကို ကျွန်မက တစ်ခွန်းပဲ သင်ပါတယ်။ စတိတ်ရှိုးသွားရင် ဆယ်တန်း စာမေးပွဲနီးချိန်မှာ စတိတ်ရှိုးအတွက် ကုန်ချိန်၊ စားမြုံ့ပြန် စိတ်ကူး ယဉ်ချိန်၊ သူငယ်ချင်းများနဲ့ ချိန်းဖို့ အချိန်၊ သူငယ်ချင်းများနဲ့ ပြန်ဆုံချိန် စားမြုံ့ပြန် စတိတ်ရှိုးကြောင်း ပြောချိန်၊ စတိတ်ရှိုး သွားဖို့ ပြင်ဆင်ချိန် ဘယ်လောက် ကုန်မလဲ။ ဒီအချိန်တွေကို စာကျက်လိုက်ရင် စာ ဘယ်လောက်ရမလဲ။ ရွယ်တူ စတိတ်ရှိုး သွားမယ့် သူငယ်ချင်း များအတွက် စာကျက်ချိန် ဘယ်လောက် ပိုထွက်လာမလဲ။ စာဘယ်လောက် ပိုရသွား နိုင်သလဲလို့ ထောက်ပြပြီးတဲ့နောက်မှ မိဘက သူ့ကို အလိုလိုက်ပြီး စတိတ်ရှိုးမှာ တက် ဆုချဖို့ ပန်းကုံး ၀ယ်ပေးတာတောင် စတိတ်ရှိုးကို လုံးဝ မသွားတော့တဲ့ တပည့်တစ်ယောက် ရှိပါတယ်။ ဒါလောက်ဆို ဆုံးမပုံ လိုအပ်တယ်လို့ ပြောပါရစေ။ မိဆုံးမတိုင်း သားသမီး နားမ၀င်ပါဘူး။ မိဘ မဟုတ်လဲ ဆုံးမပုံ ဟုတ်ရင် နားထောင် လိုက်နာကြပါတယ်။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ပြုမူနေထိုင်ရတာပါပဲ.. ဆိုတဲ့ နေရာမှာ အဲဒီ ကိုယ်ပိုင် အတွေးအခေါ် က လုံလောက်မှု ရှိပါသလား ဘယ်လို အတွေးအခေါ် မျိုးလဲ ဆိုတာနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကရော အဂတိလေးပါး ကင်း ရှင်းတဲ့ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်နိုင်လောက်အောင် ကိုယ့်ကိုယ်ကို ဆည်းပူးထားသင့်ပါတယ်။

လင်မယား ၂ ယောက် ...မယားလုပ်တဲ့သူက လင်ယောက်ျား ဖြစ်တဲ့သူကို မြေတောင်မြှောက်ပေးထားတယ်...နာမည်ကြီး ရုပ်ရှင် မင်းသားပေါ့ ..လင်ဖြစ်သူကလည်း မယားအပေါ် သစ္စာရှိတယ်... ကံအားလျော်စွာပဲ သူတို့ မှာ သားသမီး မရကြ ဘူး...အဲဒီတော့ ..လင်ဖြစ်သူဟာ တစ်ခြား အမျိုးသမီး တစ်ဦးနဲ့  အကြောင်းပါတယ် ဆိုကြပါစို့  .. အဲဒီ ကိစ္စကို မယားလုပ်တဲ့ သူကလည်း ကြည်ဖြူစွာနဲ့ ခွင့်လွှတ်တယ်.. နားလည်ပေးတယ်... ဒါဆိုရင် အဲဒီ လို မျိုး တစ်ခြား အမျိုးသမီးနဲ့  အကြောင်းပါ နေတဲ့ လင်ယောက်ျား နဲ့ အဲဒီ အမျိုး သမီးတို့ ဟာ ကာမေသု ကံကြီးကို သိရက်သားနဲ့ ကျူးလွန်နေကြပြီ လို့ ဆိုနိုင်မလား..
ယဉ်ကျေးမှု ကို မြတ်နိုးပါတယ် ဆိုတဲ့ ၊ ဘာသာတရားကို လေးစားပါတယ် ဆိုတဲ့ Burmar ကို ယဉ်ကျေးမှု ရှုထောင့် နဲ့  ဘာသာတရား ရှုထောင့် က ဖြေကြား ပေးပါလား.. ဆိုလို့ ဖြေပေးပါ့မယ်။ ကာမေသု ကံ မြောက်ကို မမြောက်ပါဘူး။ ၂ဦး သဘောတူ ဖြစ်စေ ၃ဦး သဘောတူ ဖြစ်စေ အားလုံးကျေနပ်ရင် တရားနည်းလမ်း မှန်မှန်ကန်ကန် လက်ထပ်ယူရင် သူ့ဟာ သူ ယောက်ျားတစ်ယောက်က မိန်းမ ဘယ်နှစ်ယောက် ယူယူ ယူနိုင်ပါတယ်။ ကိုယ့်ဝန်ကိုယ် နိုင်တယ် ဆိုရင်ပေါ့လေ။

သားအမိ သားအဖ အရင်းများ တူတူနေတဲ့ မိသားစုမှာ မူးမူးနဲ့ အိမ်ကို ပြန်ရောက်လာသတဲ့ အဖေကြီးဟာ အခန်းမှား ၀င်မိပြီး ဆေးသောက် ထားတဲ့ သမီးအရင်းခေါက်ခေါက် နဲ့  တဲ့ ဇာတ်ကိုတော့ ကျွန်မက အပြင်းအထန် ကန့်ကွက်ပါတယ်။ အဲ လောက် လူမှန်း သူမှန်း မသိအောင် မူးတယ် ဆိုသူက မှားယွင်းအောင်တော့ စွမ်းဆောင်နိုင်သေးလို့လား။ ဘယ်လောက် အိပ်ဆေး သောက် အိပ်အိပ် လူတစ်ယောက်လုံးကို လာမှောက်မှားနေတာကို မသိလောက်အောင်တော့ ဘယ်သူမှ အဲ လောက် မအိပ်နိုင်ပါဘူး နိုးကိုနိုးရမယ်လို့ ကျွန်မ တွက်ပါတယ်။ မေ့ဆေးမှ မဟုတ်တာလေ။ ကဲ .. မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ကျွန်မ ဘယ်ရှုထောင့်ကနေမှ ရှင်းစရာ မလိုတော့ ပါဘူး။ မှားချင်တဲ့သူက မူးချင်ယောင် ဆောင်ပြီး မှားတဲ့ ဇာတ်ကို၊ ခံချင်သူက အိပ်ဆေး သောက်လို့ အိပ်ပျော်ချင်ယောင်ဆောင်တဲ့ ဇာတ်ကို ဒီလို လာပေါင်း ထည့်တယ်လို့ပဲ ကျွန်မကတော့ ရှင်းရှင်း ပြတ်ပြတ် မြင်ပါတယ်။

နောက်ဆုံး နိုက်ကလပ်တက်၊ ညဘက် လျှောက်လည်၊ ယောက်ျားလေး သူငယ်ချင်းနဲ့ လည်ပတ်၊ စီးပွားရေး အတွက် အရက်အတူ တွဲသောက်မှ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ လူယဉ်ကျေး ဖြစ်သယောင် တင်ပြချက်ကို ဆွေးနွေးပါမယ်။ ကျွန်မ ကိုယ်တိုင် နိုင်ငံခြားမှာ စီးပွားရေး လုပ်ပါတယ်။ တခါမှ နိုက်ကလပ် မတက်ပါ။ မလိုအပ်ပါ။ ဆွေးနွေးစရာ များကို အစည်း အဝေး ခန်းမထဲမှာ အပြတ် ဆွေးနွေးနိုင် ပါတယ်။ လူမှု ရင်းနှီး ဆက်ဆံရေး အတွက် ပျော်ပွဲစား နေ့လယ်နေ့ခင်းမှာ ထွက် နိုင်ပါတယ်။ ယောက်ျားလေး အပေါင်းအသင်း မိတ်ဆွေများနဲ့ လည်ပတ်ရာမှာ နေရာနဲ့ အချိန် ကန့်သတ်ချက် ရှိပါတယ်။ ဟုတ်ကဲ့။ ယောင်လို့မှ အရက်မသောက်ပါ။ ဘာသာရေး အရ အရက် မသောက်ပါလို့ ငြင်းသူကို အတင်း သောက်ခိုင်း တာလောက် ရိုင်းတာ မရှိပါ။ စာရေးသူ ကိုယ်တိုင် ပြောခဲ့သော privacy ထဲမှာ အထက်က တင်ပြခဲ့သော မိမိ အခွင့်အရေးကို မိမိကိုယ်တိုင် ကာကွယ်ခွင့် ရှိပါသည်။ ဘယ်သူကမှ ရိုင်းသူလို့ မသတ်မှတ် သည့်အပြင် မိမိအတွက် တလေးတစား အချိန် စီစဉ်ပေးခြင်းများပင် လုပ်ပေး ကြပါသေးသည်။ ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ လူမြင်ခံချင်လို့ ဒီလို နေခြင်း မဟုတ်ပါ။ နိုက်ကလပ်ကို ဘယ်လိုဟာလဲ သိရအောင် တခါ သွားချောင်းပြီး နားညည်းသောကြောင့် မကြိုက်လို့ မတက်တာပါ။ ညဘက် လည်ရတာ မကြိုက်လို့ မလည်တာပါ။ အရက်ကို တရုတ်သွေး စပ်သူပီပီ ဘလက်လေဘယ်ကို ရေမရောဘဲ သောက်နိုင် ပါတယ်။ သောက်ခဲ့ ဖူးပါတယ်။ အရက်ကို ဘယ်လောက် သောက်သောက် မမူးသော မျိုးရိုးဗီဇ ပါလာပါတယ်။ သို့သော် ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီးက ရာသက်ပန် အလှူခံလို့ လှူပြီးသည့် နေ့မှ စပြီး နှစ်ကူးမှာတောင် မသောက်ပါ။ ဒိနေရာမှာ သူများလဲ ကျွန်မလို နေဖို့ လိုသည်လို့ မပြောလိုပါ။ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေလိုသူများ ကိုယ့် စိတ်တိုင်းကျ ကိုယ့် အယူအဆနဲ့ ကိုယ် နေနိုင်သော်လည်း မနေမဖြစ်သည့် ပုံစံ အတင်းသွတ်သွင်း ပြောဆိုခြင်းများကို မနှစ်မြို့ သောကြောင့်သာ နေလို့ ဖြစ်သည့် အကြောင်း တင်ပြခြင်း ဖြစ်ပါသည်။

ကဲ.. အမှားကြာ အမှန်ဖြစ်မှာ စိုးလို့ အားတင်းပြီး မှတ်ချက်များအပေါ် ကျွန်မရဲ့ ကိုယ်ပိုင် အမြင်၊ ခံယူချက် များကို တင်ပြလိုက်ပါပြီ။ ဒီတင်ပြချက်များရဲ့ မှတ်ချက်များကိုလဲ စောင့်ဖတ် ကြည့်ရှု ပါဦးမယ်ရှင်။

4 comments:

Anonymous said...

Hello..Ma KML
First of all I am not a person who is pretending to be a girl.
I my comment, I have clearly written down that not to criticize and blame other people as long as they don’t harm, kill or do other things that are prohibited by Law. May be you have so many comments to read and overlooked it.
I said using words (vulgar) to hurt other people are really LOW STANDARD, not to those people who discuss the subject in polite manner.
Thank you.

Red's Rose Dream said...

ယောက်ျားဘသားပိုစ့်က ဒီလိုတွေဖြစ်သွားမှန်းမသိမိ ပါဘူး။
အမှန်တော့ အမရေးပြီးတင်ထားတဲ့ပိုစ်နှစ်ခုလုံးကို နှစ်သက်မိပါတယ်။ ရေးဆို သမီးတို့လည်း ဒီလို ထိထိမိမိ မရေးတက်လို့ပါ။ အားလုံးကောင်းဖို့ ရည်ရွယ်ပြီး၊ ဘယ်သူ ဘယ်သူ့ကိုမှာ ထိခိုက်စေရိုး မရှိမှန်း သိသာသော်လည်း တချို့တွေက သူတို့အမြင်နဲ့သူ၊ သူစံနဲ့ သူမို့ လက်မခံနိုင်တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒီပိုစ့်နှစ်ခုလုံးအတွက် တော့ အပင်ပန်းခံတဲ့ အမကို ကျေးဇူးတင်လျှက်ပါ။

Doughnut IO said...

မခွန်မြလှိုင်ရဲ့ အယူအဆများကို လေးစားသော်ငြား အရမ်းကို conservative ဖြစ်တယ်လို့ ခံစားမိပါတယ်။ ဒီကိစ္စမှာ ကျွန်တော့်ရဲ့ ရပ်တည်ချက်က ပရမ်းပတာ ဖြစ်မနေပေမဲ့ မခွန်မြလှိုင်ရဲ့ အယူအဆနဲ့ ကွဲလွဲပါတယ်။ ကျွန်တော် အားတဲ့နေ့ကျရင် ကျွန်တော့်ရဲ့ ဘလော့ဂ် http://lawshay.blogspot.com မှာ ကျွန်တော့်ရဲ့ အယူအဆများကို ရေးသားတင်ပြမှာမို့ လာရောက်ဖတ်ရှုစေချင်ပါတယ်။ ကျွန်တော်ကတော့ ကုန်ကျစရိတ်များတဲ့ အစဉ်အလာများကို ဆန့်ကျင်တော်လှန်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် အစ်မပြောတာတွေက ကောင်းပေသော်ငြား ကုန်ကျစရိတ်များ (နစ်နာမှုတွေရှိလာ) နေတယ်လို့ တရံတချို့သော ကိစ္စများမှာ ယူဆနိုင်လို့ အမြင်မတူဘူးလို့ ပြောဆိုတာဖြစ်ပါတယ်။ အခုတော့ အိပ်မက်ပျောက်ကြတဲ့ လူငယ်တွေအကြောင်းကို အရင်ရေးမှာ ဖြစ်ပါတယ်။

သုလွန်းအိမ် said...

အမရေ

တော့တိုး blog ကိုပြန်တက်လာတဲ့နေ့ပဲ အမရဲ့ blog ဆီလာခဲ့တယ်။ အင်း .. အများကြီးပေါ့လေ..တွေ့ခဲ့ပါတယ်။ တော့တိုး ပြောချင်တာတွေရှိပါတယ် ၀င်ဆွေးနွေးခွင့် ပြုပါ။

ဟိုတလောက blogger တစ်ဦးရေးတာလေးကို သတိရမိပါတယ်။ ယောက်ျားလေးတွေ က ပြန်ပြောတတ်တယ်တဲ့ "ရေအိုင်လို မိန်းကလေးမျိုး ဆိုရင်တော့ ခြေဆေးခံရမှာပေါ့။ သောက်ရေအိုးလို မိန်းကလေး ဆိုရင်တော့ လေးလေးစားစား လာခပ်သောက်လိမ့်မယ်" တဲ့။ မှန်ပါတယ်။ မြန်မာမိန်းကလေးဆိုတာ အနောက်ရောက်ရောက် အရှေ့ရောက်ရောက် မြန်မာဟာ မြန်မာပါပဲ။ မြန်မာမိန်းကလေးဟာ သူတန်ဖိုးထားရမယ့် အိနြေ္ဒ သိက္ခာ ကိုယ်ကျင့်တရား ဆိုတာကို ဘယ်နေရာရောက်နေနေ ထိန်းသိမ်းရပါမယ်။ အနောက်နိုင်ငံမှာ သူ့ယဉ်ကျေးမှု သူ့ဓလေ့ ဆိုတာရှိပေမယ့် အဆင့်အတန်းရှိတဲ့ အနောက်နိုင်ငံသားတွေဟာ သူများယဉ်ကျေးမှုကို အပြန်အလှန်လေးစား တန်ဖိုးထားတတ်ကြပါတယ်။ ဘယ်တော့မှ မလေးမစား ပြက်ချော်ချော် မလုပ်ကြပါဘူး။ (အဆင့်အတန်း သိက္ခာရှိတဲ့သူတွေကို ပြောတာနော်) ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာတရား ကိုတန်ဖိုးထားတတ်တဲ့သူကို ဘယ်လူမျိုးကမှ မစော်ကားရဲဘူး။ ရုပ်ရှင်ကားတွေထဲမှာ ပြတာကိုကြည့်ပြီး အော် ဒီလိုလူမှုရေးဖောက်ပြန်တာ သူတို့ယဉ်ကျေးမှုကိုး လို့ထင်ရင် မှားပါလိမ့်မယ်။ အဲ့ဒီ celebrity တွေက ပိုက်ဆံရရင် ဘာမဆို လုပ်တဲ့သူတွေပါ။ ဒီလို မဟုတ်တာတွေ လုပ်ပြမှ ပရိတ်သတ်ကို စွဲဆောင်နိုင်မယ် ထင်လို့ လုပ်နေကြသူတွေပါ။ တကယ်အဆင့်အတန်းရှိ ပညာတတ်အသိုင်းအ၀ိုင်းမှာ ဘယ်နိုင်ငံက အမျိုးသမီးမှ လက်လွတ်စပယ် မနေပါဘူး။ Adjust လုပ်ရတယ် ဆိုလို့ပြောတာပါ။ ၀တ်စာဆင်ယင်မှုပုံစံကို ရာသီဥတုကြောင့် ပြုပြင်လိုက်ရတာမျိုးရှိပါတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရား ကို ဘာအတွက် Adjust လုပ်စရာ လိုပါသလဲ။ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်တဲ့ မိန်းကလေးဟာ၊ ယောက်ျားလေးဟာ သူ့ဘာသာ ကိုယ်ကျင့်တရားပျက်ယွင်းတာကို Adjust လုပ်ရတာပါ လို့ အကြောင်းပြချက်ပေးတာပါ။ ကိုယ့်ကျင့်တရား ယိုယွင်းနေတဲ့ မြန်မာယောက်ျားလေး တော်တော်များများက ရည်းစားနဲ့ တူတူနေတာ တူတူအိပ်တာကို လေ့လာတာလို့ သူတို့ အလိုရှိတာရအောင် အသံကောင်းဟစ်တာပါ။ မယုံမေးကြည့် ပညာလဲတတ် အသိုင်းအ၀ိုင်းတူ ဂုဏ်တူ ကိုယ်လဲသဘောကျတဲ့ မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကတော့ ကိုယ်နဲ့တူတူအိပ်ဖူးတယ်၊ နောက်တစ်ယောက်က အပျို .. ဘယ်မိန်းကလေးကို လိုချင်သလဲ?? လို့။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တဲ့ မိန်းကလေးကို ဘယ်သူမှ တန်ဖိုးမထားဘူး ဆိုတာသေချာပါတယ်ရှင် နောက်တခုက အရက်ကြိုက်တယ် သောက်ချင်တယ် သောက်တယ်ပေါ့။ ဘုရားဘာပြောပြော သောက်တယ်ပေါ့။ သောက်လေ .. ကိုယ့် right နဲ့ ကိုယ်ပေါ့။ ဒါကြိုက်လို့သောက်တာလေ .. adjust လုပ်တာ မဟုတ်ပါဘူး။ Adjust လုပ်တယ်လို့တော့လာမပြောပါနဲ့။ မလှိုင်ပြောသလိုပဲ ဘာသာရေးအရ အရက်မသောက်ပါဘူး ဆိုတာကို ဘယ်လူယဉ်ကျေး အနောက်နိုင်ငံသားကမှ အတင်းမတိုက်ပါဘူး။ ကိုယ်သောက်ချင်လို့သောက်တာ မသောက်မဖြစ်လို့ မဟုတ်ဘူး။ မသောက်လဲ ရပါတယ်။

မပြောချင်ပေမယ့် တလက်စတည်း ပြောလိုက်ပါရစေဦး။ အဖေနဲ့သမီး မူးလို့၊ အိပ်ဆေးသောက်လို့ မှားတယ် ဆိုတဲ့ ကိစ္စပါ။ ကမ္ဘာစောင့်တရား ၂ပါး ရှိတယ်။ ဟိရိ၊ သြတ္တပ္ပ အရှက်တရား၊ အကြောက်တရား တဲ့။ မကောင်းမှုပြုရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာ ရှက်တတ်ရတယ် ကြောက်တတ်ရတယ်။ အပါယ်လေးပါးဝင် အဟိတ် တိရိ စ္ဆာန်တွေလုပ်တဲ့ အလုပ်မျိုးကို လူပုံအလယ်မှာ ပြောမပြပါနဲ့ရှင်။ လူမဟုတ်တဲ့ လူအမည်ခံ တိရိ စ္ဆာန်တွေသာ ဒါမျိုးလုပ်တာပါ။ ဘယ်လူ့အသိုင်းအ၀ိုင်းကမှ ဒါမျိုးလက်မခံပါဘူး။ ဒါ့ကြောင့် ငါးပါးသီလမှာ သုရာမေရယ ကိုဘာကြောင့်ထည့်ထားရသလဲ ဆိုတော့ ဒီကံကို ကျူးလွန်မိသူဟာ ကျန်တဲ့ ကံလေးပါးလုံးကို ဖောက်ဖြတ်ဖို့ ၀န်မလေးတော့ပဲ ကျူးလွန်မိတတ်တဲ့ အတွက် ဖြစ်ပါတယ်။

တော့တိုး ပြောချင်တာလေးတွေကို ၀င်ရောက်ဆွေးနွေးခွင့်ရတဲ့အတွက် ဒီ post ကိုတင်ပေးတဲ့ မလှိုင်ကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များအတွက် အမြဲတမ်း စာကောင်းပေမွန်တွေရေးပြီး သတိပေး ဆွေးနွေး ထောက်ပြတတ်တဲ့ စာရေးကောင်းတဲ့ မခွန်မြလှိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စာတွေ အများကြီး ဆက်ပြီးရေးနိုင်ပါစေ အမရေ။

အားလုံး စိတ်ချမ်းသာစွာနဲ့ ကျန်းမာရွှင်လန်းကြပါစေ။

Totto Chan