Monday, November 5, 2007

တွယ်တာခြင်းမှ လွတ်ကင်းရေး

တိုးတက်မှုကို ရှာဖွေ နေကြ သူတိုင်း အမြင်သစ် တမျိုးစီ ရှိကြပါတယ်။ တိုးတက်ခြင်းကို ရရှိဖို့ လက်ရှိ အခြေအနေ တွေကို ရင်ဆိုင် ကျော်လွှား ဖို့အတွက် ကြောက်ရွံ့ခြင်းမှ လွတ်ကင်းဖို့ လိုတယ်လို့ နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ကျွန်မတို့ဘာကို ကြောက်ရွံ့ကြတာလဲ။ အနာဂတ်ကို ရင်ဆိုင်ဖို့ကြောက်ရွံ့ကြတာလား။ နောက် သုတေသန တစ်ခုက ဆိုပါသေးတယ်။ အမှန်တကယ် လွတ်လပ်မှု ကို ခံစား ရရှိ နိုင်ဖို့ အတွက် ဂုဏ်၊ သိက္ခာ နဲ့ လူ အထင်ကြီး ခံရ လိုမှု များမှ လွတ်မြောက်ရေး တဲ့။ ဒါဆိုရင် တကယ့်ကို တိုးတက်ရေးအတွက် လိုအပ်တဲ့ လွတ်မြောက်ရေး အစစ်က ဘာလဲ…

လူတွေဘာကိုကြောက်ကြတာလဲ။ ချမ်းသာသူ၊ ဆင်းရဲသူ၊ အာဏာရှိုသူ၊ အာဏာမဲ့သူ အားလုံးဟာ လက်ရှိ အနေအထားထက် ပိုဆိုးတဲ့ အခြေအနေကို ဆိုက်ရောက်မှာ ကြောက်ကြ တာပါ။ ဘာကြောင့်က အဓိက လည်း ဆိုတော့ လက်ရှိ အနေအထားကို ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ တွယ်တာ နေကြ သေးလို့ အနာဂတ် အတွက် စွန့်စားဖို့ ကြောက်ကြ တာပါ။ ဂုဏ်၊ သိက္ခာ နဲ့ လူ အထင်ကြီး ခံရ လိုမှုတို့ကို ဘာလို့ တွယ်တာ နေတာလဲ။ ကိုယ့်လိပ်ပြာ ကိုယ်လုံမှုရဲ့ အစွမ်းကို မေ့လျော့ ထားကြ လို့လား။ လက်ရှိ အနေ အထားမှာ လူများစု (တလွဲဖြစ်စေ၊ မှန်မှန်ကန်ကန် ဖြစ်စေ) သတ်မှတ် လက်ခံ ထားတဲ့ ဂုဏ်၊ သိက္ခာ နဲ့ လူ အထင်ကြီး ခံရမှုတွေကို စွဲလမ်း တွယ်တာ နေမှုကလဲ ဒီအရာတွေကို အကြောင်း တစုံတရာကြောင့် စွန့်လွှတ် ရမှာ ကြောက်ရွံ့မှုကို ဖြစ်စေ ပါတယ်။ * (ဒီနေရာမှာ သိက္ခာ မဲ့စွာ လုပ်ချင်ရာ လုပ်ဖို့ ဆိုလိုတာ မဟုတ်တာကို သတိ ထားရမှာ ဖြစ်ပါတယ်။ မျက်ကန်း သိက္ခာ ဆိုတဲ့ စည်းရဲ့ စည်းနှောင်မှုကို မခံရဖို့ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ တခါတလေမှာ သိက္ခာ တရားကို မြတ်နိုးမှုဟာ အားနည်းချက် အသွင်ကို ပြောင်း သွားတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ )

ကျေနပ် နှစ်သက်ဖွယ် အတိတ်နဲ့ ပစ္စုပ္ပန်ကို ပိုင်ဆိုင် ထားသူ၊ အတိတ်နဲ့ လက်ရှိ ပစ္စုပ္ပန်ကို ကျေနပ် နှစ်သက်မှု မရှိ ပေမယ့် တွယ်တာ နေသေး သူဟာ အနာဂတ်ကို မသေချာ မရေရာမှု အဖြစ် မြင်ပြီး ကြောက်ရွံ့ တတ်ပါတယ်။ ဒါပေမယ့် မိမိရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ကျေနပ် ရောင့်ရဲခြင်း မရှိသူ (သို့မဟုတ်) မတွယ်တာ သူဟာ အနာဂတ်ကို အခွင့်အရေး အတွက် အလား အလာ ရှိသော အနာဂတ်လို့ ရှုမြင်ပြီး အနာဂတ်ကို မျှော်လင့် ကြိုဆို ပါတယ်။ အနာဂတ်ကို ရှုမြင်ပုံ နှစ်မျိုးအဖြစ် ကွဲပြား ခြားနား စေတာ ကတော့ လက်ရှိ အနေအထား၊ တာပါ။ *ဂုဏ်၊ သိက္ခာ နဲ့ လူ အထင်ကြီး ခံရ လိုမှု တို့ကို ကျေနပ်သည် ဖြစ်စေ၊ မကျေနပ် သည်ဖြစ်စေ တွယ်တာနေမှု (ခပ်ကြမ်းကြမ်း ပြောရရင် လက်ရှိ အနေ အထား မှာ မှိန်းလိုက် နေမှု နဲ့ သူများ နည်းတူ ရောယောင် နေမှုတို့) ပဲ ဖြစ်ပါတယ်။ တခြား အကြောင်း ပြချက် တစ်စုံတစ်ခုလဲ ရှိနေနိုင် ပါသေးတယ်။

လက်ရှိ အနေ အထားနဲ့ မျှော်လင့်စရာ ကောင်းနေတဲ့ *ဂုဏ်၊ သိက္ခာ အပေါ် စွဲလမ်း တွယ်တာ နေမှုကို မစွန့် လွှတ်နိုင် သရွေ့ ပိုမို ကောင်းမွန်တဲ့ အနာဂတ် ကို မျှော်မှန်းပြီး မတွန့်မဆုတ် စွန့်စား သွားရ မှာကို ကြောက် စိတ် ရှိနေ ဦးမှာ ဖြစ်ပါတယ်။ စွန့်စားရန် ကြောက်စိတ် ကိုတွန်းလှန်ဖို့ မိမိရဲ့ တွယ်တာ နေစိတ်ကို အရင် ဆုံး တွန်းလှန် ရပါမယ်။ လက်ရှိ အနေအထားဟာ မှိန်းနေထိုက် လောက်အောင် တကယ် ကောင်းမွန် လျော်ကန် နေရဲ့လား ဆိုတာကို ရဲရဲတင်းတင်း မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်ရပါမယ်။ မိမိရဲ့ အတ္တ ကိုပါ ခွာချ ပြီး ရဲရဲ ဆုံးဖြတ် နိုင်ဖို့ လိုပါတယ်။ မကြာခဏ ဆိုသလို အတ္တကို ခွာမချ နိုင်ကြလို့ အမှန်အတိုင်း ဆုံးဖြတ် နိုင်မှုတွေ ချွတ်ချော် လွဲမှား တတ်ကြ လို့ပါ။ ပြီးတော့ သည်လို တွယ်တာ စိတ်ကို တွန်းလှန်နိုင်ဖို့

(၁) လက်ရှိအခြေအနေထက် ပိုကောင်းပြီး ဖြစ်နိုင်ချေ ရှိလောက်တဲ့ သိပ်မဝေးတဲ့ အနာဂတ် ပန်းတိုင် များကို တဆင့်ချင်း ချမှတ်ပါ။
(၂) ရင်ဆိုင်ရချေရှိသော အခက်အခဲများကို စဉ်းစားထားပြီး ရင်ဆိုင် နိုင်ရန် အသင့် ပြင်ဆင် ထားပါ။
(၃) မိမိကိုယ်ကို လည်း သည်လို ရင်ဆိုင် နိုင်လောက်သော အစွမ်းအစများ ရှိနေအောင် အရည်အချင်း များကို ကြိုတင် ဖြည့်ဆည်း ထားပါ။
(၄) ပြီးနောက် သည်ခရီးကို သွားဖို့ ငါအဆင်သင့် ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကို သေသေချာချာ သတ်မှတ် ထားလိုက်ပါ။
(၅) အနာဂတ်ရဲ့ မသေချာ မရေရာမှု များနဲ့ ရင်ဆိုင် ရတဲ့ အခါ ဟိုကွေ့ ရောက်ရင် ဟိုတက်နဲ့ လှော်ပြီး သည်ကွေ့ ရောက်ရင် သည်တက်နဲ့ လှော်ရမှာ ဖြစ်ပေမယ့် ရည်မှန်းရာ ပန်းတိုင်ကိုတော့ ရောက်အောင် သွားမယ်လို့ သန္ဓိဌာန် ချထားပါ။
(၆) အရေးကြီးတာကတော့ ပန်းတိုင် မရောက် မချင်း ဘယ်တော့မှ စိတ်လျှော့ခြင်း မပြုဘို့နဲ့ ဘယ် တော့မှ လက်ရှိ အနေအထားကို ပြန်လည် တွယ်တာ မက်မောခြင်း မပြု ဘို့ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ လွမ်းတာနဲ့ တွယ်တာ မက်မော တာ မတူကြောင်း သတိပြုပါ။
(၇) အတော်ဆုံးဆိုတဲ့လူဟာ ကိုယ်လုပ်နိုင်တာ၊ ကိုယ်တကယ် စွမ်းဆောင် နိုင်တာ တိုင်းရဲ့ ၃၀% ကိုသာ လုပ်ဆောင် သူလို့ ပညာရှင် များက ပြောဖူးပါတယ်။ ငါဟာ ငါထင်တာထက် ပိုတော်ပြီး ပိုကောင်းအောင် လုပ်နိုင်သူ ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ ပြီးတော့ ငါပိုတော် နိုင်တဲ့ အချက်၊ှုါပို လုပ်နိုင်မယ့် အလုပ်ကို ရှာဖွေ ရွေးချယ်ပြီး ငါဟာ တနေ့တခြား ကောင်း သထက် ပိုကောင်းပြီး တော်သထက် ပိုတော် နိုင်မယ့် နည်းလမ်းကို ရှာကြံ ကြိုးစားမယ်လို့ ဆုံးဖြတ် ထားပါ။
(၈) ပြီးတော့ ဘယ်လောက် ကောင်းနေ တယ်လို့ ယူဆလို့ ရနေ ပါစေ၊ လက်ရှိ အနေအထား နဲ့ *ဂုဏ် သိက္ခာ ကို ဘယ်တော့မှ မတွယ်တာ ပါနဲ့။ လက်ရှိ အနေအထားနဲ့ *ဂုဏ် သိက္ခာ ကို တွယ်တာ နေမှုက အနာဂတ်ကို ရင်ဆိုင် ရမှာ ကြောက်ရွံ့မှုကို ဖြစ်ပေါ် စေလို့ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်လိပ်ပြာ ကိုယ် လုံမှုဟာ ဘ၀မှာ အရေးကြီးဆုံးပါ။ အများအမြင်မှာ သိက္ခာ ကျသလို ဖြစ်တာဟာ တကယ်တော့ အပြည့်အ၀ ကျဆုံးမှု မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှန်နေရင် အချိန် အတိုင်းအတာ တစ်ခုမှာ ပြန်လည် သက်သေပြ ချပြ လို့ ရပါ သေးတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ လေးစားမှု ပျောက်ဆုံး တာလောက် ဘ၀မှာ ကျဆုံးတာ မရှိတော့ပါဘူး။

ကဲ… ကျွန်မတို့ရော .. ကိုယ်ရော စိတ်ပါ လွတ်လပ်မှုကို တကယ် မြတ်နိုးလား.. လွတ်လပ်ခြင်းနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှု တွေ၊ ခွာချ ရမှုတွေ ကိုရော ပေးဆပ်၊ ခွာချ ရဲကြလား။

(*ပြထားသော နေရာတိုင်းတွင် ပထမဆုံး *() ပြထားသော သဘောတရား ကိုသာ ရည်ညွှန်းကြောင်း သတိ ရ ပေးကြ ပါရန် မေတ္တာ ရပ်ခံ ပါသည်)

(ရည်ညွှန်းချက်: သမုဒယ တွယ်တာ တပ်မက် ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ဖြစ်ရသည် ဟူသော ဓမ္မစကြာ သုတ္တန်၊ ကုလ သမဂ္ဂ သုတေသန စာတမ်းနဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ယူ စာတမ်း များကို ဖတ်ရှုရာမှ ရလာသော အတွေး ဖြစ်ပါသည်။ )

1 comment:

စိုးထက် - Soe Htet ! said...

အများကြီး လေ့လာပြီး ရေးထားတာကိုးဗျ ... မဟာစည် ဆရာတော် ဘုရားကြီးရဲ့ ဓမ္မစင်္ကြာ တရားတော်ကို ၀ိပဿနာ နည်းနဲ့ ရှုမှတ်ပုံကိုတော့ ဖတ်သား ကြည်ညိုဖူးပါတယ် ... ဝေမျှပေးတာ ကျေးဇူးးးး ... :)