Monday, November 19, 2007

ချစ်သောမောင်သို့ အိတ်ဖွင့်ပေးစာ

ချစ်လားလို့ မမေးပါနဲ့မောင်
မေးစရာ မလိုလောက်အောင်
ကျွန်မရဲ့ မျက်ဝန်းတွေကို
မောင် ပိုင်ဆိုင်ထားပြီးပြီမို့ပါ…

ဘယ်လောက် ချစ်သလဲလို့ မမေးပါနဲ့မောင်
မောင့်အတွက် ကျွန်မရဲ့ အချစ်က
ပမာဏအားဖြင့် အကန့်အသတ်မဲ့ မို့ပါ…

ဘယ်ထိ ဆက်ချစ်မလဲလို့ မမေးပါနဲ့မောင်
ဘယ်ထိပဲ ချစ်မယ်လို့ ရည်စူး
ကျွန်မ မောင့်ကို ချစ်လာတာ မဟုတ်ဘူးမောင်
မောင့်အတွက် ကျွန်မရဲ့ အချစ်က
အချိန်အားဖြင့် အကန့်အသတ်မဲ့ မို့ပါ…

ဘယ်လိုဆိုရင် မချစ်တော့ဘူးလဲလို့ မမေးပါနဲ့မောင်
“ဘယ်လို” ဆိုတဲ့ အခြေအနေတစ်ရပ်ကြောင့်
ကျွန်မ မောင့်ကို ချစ်ခဲ့တာ မဟုတ်ဘူးမောင်
မောင့်အတွက် ကျွန်မရဲ့ အချစ်မှာ
အခြေအနေ အရပ်ရပ်ဆိုတဲ့ အကန့်အသတ်မဲ့ မို့ပါ…

ဝေးသွားရင်ရော ချစ်ဦးမှာလားလို့ မမေးပါနဲ့မောင်
မောင်ဟာ ကျွန်မရဲ့ မျက်စိရှေ့မှာ အမြဲ ရှိနေတာပါ
ကြည့်လေရာ နေရာတိုင်း.. မောင့်အရိပ်များက ၀ိုင်းလို့…

မောင်က ကျွန်မကို ချစ်လို့
ကျွန်မက မောင့်ကို ပြန်ချစ်တာမျိုး မဟုတ်ဘူး မောင်
Men may come and men may go.. But I go on forever တဲ့
စမ်းချောင်းလေးရဲ့ ညင်သာတဲ့ ချစ်ခြင်း
ကျွန်မကိုယ်တိုင် စီးဆင်းခဲ့တာပါ…

ကောင်မလေး .. မရှက်ဘူးလားလို့
ပြုံးပြုံးကြီး မမေးပါနဲ့မောင်
လူပျိုလူလွတ် တစ်ယောက်ဖြစ်တဲ့ မောင့်ကို
ချစ်တာဟာ မကောင်းမှု တစ်ရပ်ကို ကျူးလွန်တာ မဟုတ်တဲ့အတွက်
ကျွန်မ မရှက်သင့်ဘူး မောင်

မောင့်အရိပ်အကဲကို တစိမ့်စိမ့်ကြည့်
တသိမ့်သိမ့် အချစ်တွေ အမြဲတိုးရင်း
အချစ် သက်သက်နဲ့
သန့်သန့်လေး “ ချစ်တယ်”

(Tag ထားတဲ့ ကိုဝေရေ.. ကျေနပ်မယ်လို့ ထင်ပါတယ်နော့… စကားလုံး ယူသုံးမည့်သူများ Copy Right သတိပြု :) )

ဒီလို အချစ်တွေကို ပေးခဲ့၊ ခံစား နားလည် တတ်အောင် သင်ကြား ပေးခဲ့တဲ့ ခင်ပွန်း မောင့်အတွက် ကျေးဇူး အနန္တဖြင့်

2 comments:

thamudayanwe said...

wanna know who is maung?
i think u have husband.
har har...

မြရွက်ဝေ said...

အမခွန်မြလှိုင်ရဲ့ "မောင်"တော့ မသိဘူး။ ကျွန်မတော့ ဖတ်ရင်း ကြွေသွားတယ်။ Bravo!!