Wednesday, November 14, 2007

ကလေကချေဆန်တဲ့ သို့မဟုတ် ခက်ဆစ်အဖွင့်မှားတဲ့ လူ

သေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေ ခင်ကဆန္ဒ ပြည့်မပြည့် သေတမ်းစာ ထဲက အတိုင်း တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာကိုလဲ သေပြီးသား လူက ပြန်သိနိုင်ဖို့မှ မသေချာတာ၊ သည်ဘ၀ထဲကို ၀င်ဖို့ ခန္ဓာကိုယ် တစ်ခုကို ငှားရမ်းပြီး နေထိုင်လှုပ်ရှား နေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောကထဲမှာ ပြန်ထား ခဲ့လိုက် ရုံ ပါပဲ...

ကျွန်မကမ္ဘာမြေပေါ်မှာနေရတာကြိုက်တယ်။ လေးဘက်လေးတန်ပိတ်ကာပြီး တံခါး အထပ်ထပ်၊ သော့ အထပ်ထပ်နဲ့ အိမ်လို့ ခေါ်တဲ့ အကျဉ်းထောင် တမျိုးကို လူ့ယဉ်ကျေးမှု ဆိုတာ ကြီးက တီထွင် လိုက်ကြ ပေမယ့် ကျွန်မ အတွက် ဘယ်လိုမှ နှစ်မျို့ ချင်စရာ ကောင်းမ နေဘူး။ အစွန်း ရောက်တယ်ပဲ ဆိုချင်ဆို သည်အိမ်ကြီးဟာ အလှအပ တွေနဲ့ တန်ဆာ ဆင်ထားတဲ့၊ ပတ်ဝန်းကျင် လွင်ပြင် လောကနဲ့ ကိုယ့်ကို ခွဲခြား ပိတ်လှောင် ထားတဲ့၊ မျက်စိ တဆုံး မြင်နိုင်ခွင့် တွေကို ပိတ်ပင် တားဆီး ထားတဲ့ ခမ်းနားတဲ့ ထောင်ကြီး တစ်လုံး ပါပဲ။ အတွေး မတူ သူများ အဖို့ တော့ အိမ်တစ်လုံး ကိုပိုင်ဖို့ သိပ်ကြိုးစား ကြတယ်။ အိမ်တစ် လုံးကို ပိုင်ပြီလို့ သူတို့ ခံစား မိတဲ့ အချိန်မှာ သည်အိမ် တစ်လုံးရဲ့ ကျေးကျွန် အဖြစ် လှည်းကျင်း ပြု ပြင်၊ အလှဆင် ပြီးတစ်ခါ သည်အိမ်ရဲ့ သခင်အဖြစ် လူတွေဖိတ်ပြီး ပွဲတွေ လုပ်ကြတယ်။ နားကို မလည် နိုင်ဘူး။ သည်အိမ် တစ်လုံးရဲ့ ချုပ်ကိုင် မှုကြောင့် သည်အိမ် ကိုငဲ့ပြီး ဟိုမသွားနိုင် သည်မခွာ နိုင်နဲ့။ သည်အိမ် တစ်လုံးကို လောဘ တွေနဲ့ ၀ိုင်းလုလို့ ဖြစ်တဲ့ ပြသနာ တွေကလည်း အထူးထူး အပြားပြား ဆန်းကြယ်ပြီး ရှုပ်နေ တာပဲ။ တကယ့် အံ့သြစရာပဲ... လူ့အဖွဲ့ အစည်း ထဲက လူတစ်ယောက် အဖြစ် မွေးဖွား လာတော့လဲ သူ့စည်းကမ်း အတိုင်းပဲ အိမ်နဲ့နေမှ ဖြစ်တော့ မှာပေါ့နော်၊ အိမ်တလုံးကို နေချင်သလောက် လခ ပေးနေ၊ သည်နေရာမှာ ဆက်မနေချင် တော့ရင် အတွယ်အတာ မရှိဘဲ နောက်အဆင် ပြေရာ နေရာကို ပြောင်းပြီး အိမ်ထပ် ငှားနေ၊ အချုပ်အနှောင် မရှိ လွတ်လပ် ပါဘိခြင်း။ ကိုယ်ပိုင် အားလပ်ချိန် တိုင်းမှာ လွင်ပြင်တွေ၊ မျက်စိတဆုံး ငေးမော ကြည့်ရှုနိုင်တဲ့ လဟာပြင်တွေ နဲ့ ဥယျာဉ် တွေထဲမှာ ငေးမောရင်း လွတ်လပ်ခြင်း အရသာကို ခံစားရင်း တတ်နိုင် သမျှ အချိန် ကုန်လွန် စေခဲ့တဲ့ ကျွန်မ..

ကားပိုင်ရှင်လို့ပြောပြီး ကားရဲ့ ကျေးကျွန်ဖြစ်နေသူလို ကားရပ်ဖို့၊ ဆီထည့်ဖို့၊ ထိန်းသိမ်း ပြုပြင်ဖို့၊ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင် အို.. လွတ်လပ် ပေါ့ပါးစွာ နေထိုင်ဖို့ အတွက် ရှိသမျှ အချိန် လေးကို ကားတစ်စီးရဲ့ ဝေယျာ ၀စတွေနဲ့ အချိန်တွေ အဓိပ္ပာယ်မဲ့ ကုန်လွန် ဆုံးရှုံးတဲ့ သည်ဒဏ်ကို မခံနိုင်လို့ ကျွန်မ အများသုံး ကားတွေကို ကြိုက်တယ်။ သွားချင်တဲ့ နေရာကို အခ ပေးပြီးရင် ကြိုက်ရာ အဆင်ပြေရာ ကားပေါ် တက်စီးသွား၊ လိုရာ ခရီး ရောက်ရင် ပေါ့ပေါ့ ပါးပါး ဆင်းပြီး သွားချင် ရာကို သွားပြီး၊ နောက် တစ်နေ ရာ ကိုသွားချင်ရင် နောက်ကား တမျိုး ပြောင်းစီးလိုက်။ အဆင်ကို ပြေလို့။

အ၀တ်အစား။ အင်း!တောင်းမှာ အကွပ်၊ လူမှာ အ၀တ်တဲ့။ အရှက် အကြောက် ကြီးသူ အတွက် အ၀တ်အစား ကအရေးကြီး တာပေါ့။ သူ့နေရာနဲ့သူ ၀တ်ဆင်ရတဲ့ အ၀တ်အစား ပုံစံခြင်း ကလဲ မတူ နိုင်တော့ ပုံစံ အမျိုးမျိုး နဲ့ အ၀တ်အစား တွေကို ဒူးနေရာဒူး၊ တော်နေရာ တော် ၀တ်စား ရပါတယ်။ အလုပ်ရှုပ် တာက လျှော်ရ ဖွပ်ရ၊ မီးပူ တိုက်ရနဲ့။ ကဲ.. မ၀တ်မဖြစ် တာတွေက လွဲလို့ အပို ဖြစ်နိုင် လောက်တဲ့ အ၀တ်အစား တွေ သိမ်းရတာ ဗီရို ရှုပ်တယ်၊ အလုပ် ရှုပ်တယ်..သေသေချာချာ လျှော်ဖွပ် ခေါက်သိမ်း၊ သန့်သန့် ရှင်းရှင်း ထုပ်ပိုးပြီး အမှိုက် ပုံးဘေး နေရာ အမြင့် တစ်ခုမှာ တင်ထား လိုက်တယ်။ အမှိုက်သိမ်း သမား ဖြစ်စေ၊ လိုချင်သူ ဖြစ်စေ လာကောက် ပေစေပေါ့။ ပံ့သကူ အလှူ ကမ္ပည်း ထူစရာ မလိုပါဘူး။ သည်နေရာ ကနေ နောက်တစ် နေရာကို ပြောင်းတော့မယ် ဆိုရင် မရှိမဖြစ် လိုအပ် နေမယ့် တကိုယ် ရေသုံး ပစည်းတွေ၊ စာရွက် စာတမ်း တွေက လွဲလို့ ကျန်တာ အားလုံး ကိုလဲ သည်လိုပဲ ပံ့သကူ လှူပစ် ခဲ့တော့ ပြီးရောပေါ့။ လူရော စိတ်ပါ အလေး ခံပြီး သွားလေရာ သယ်မနေ နိုင်ပေါင်။ ရောက်ရာ နေရာမှာ ပြန်အသစ် ၀ယ်လို့ ရ တာ ပဲလေ။

ကျွန်မသေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေ ခင်က ဆန္ဒ ပြည့် မပြည့် သေတမ်းစာ ထဲက အတိုင်း တကယ် ဖြစ်လာ သလား၊ မဖြစ်လာ ဘူးလား ဆိုတာ ကိုလဲ သေပြီးသား လူက ပြန်သိ နိုင်ဖို့မှ မသေချာတာ၊ ကျွန်မ အတွက် ကလည်း ပြန်သိ ဖို့မှ မလိုတာ။ သည်ဘ၀ ထဲကို ၀င်ဖို့ ခန္ဓာကိုယ် တစ်ခုကို ငှားရမ်းပြီး နေထိုင် လှုပ်ရှား နေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောက ထဲမှာ ပြန်ထား ခဲ့လိုက် ရုံ ပါပဲ။ လှူမလား မီးသဂြိုလ် မလား၊ ဂူသွင်း ရမလား။ အင်း.. ကျွန်မ သက်ရှိ ထင်ရှား ရှိတုန်း ကျွန်မ ဘေးနား မှာရှိနေ ခဲ့ပြီး ကျွန်မ သေတော့ ကျွန်မရဲ့ အလောင်း နားမှာ ကျန်ခဲ့ သူတွေ လုပ်ချင် သလို၊ အဆင် ပြေသလို လုပ်ကြပေါ့။ မလိုအပ် တာတွေ အတွက် စိတ်ရှုပ် ခံမယ့် အစား ကိုယ့်ဟာကိုယ် နောက် ဘ၀အသစ် တစ်ခုကို စိတ်ဖြောင့်ဖြောင့် သွားလိုက်တာ ပိုမကောင်း ဘူးလား။ သံသရာ ခရီးမှာ သွားလာ ရင်း ကြားဘူတာ တစ်ခုမှာ ခဏ နားတုန်း အတွယ် အတာတွေ မထားတာ ကောင်းတာ ပေါ့လေ။ ပြီးရင် သည်ဘူတာက ခွာပြီး နောက်ဘူတာ တစ်ခုကို သွားရ မှာပဲ မဟုတ်လား။ ကိုယ်နဲ့ တပါတည်း ပါသွားမှာ သေချာတာ တွေက ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ၂မျိုး ပဲလေ။ သည်တော့ အထုပ်အပိုး နှစ်ခု ထဲမှာ လျှော့လို့ ကောင်းတဲ့ အထုပ် တစ်ခုကို လျှော့နိုင် သမျှ လျှော့ထုတ် ခဲ့ဖို့ပဲ လိုတော့ တာပေါ့။ သယ်ရ သက်သာအောင် လို့ပါ။

စိတ်ရော ကိုယ်ပါ လွတ်လပ်မှုကို အပြည့်အ၀ ရှိုက်သွင်းရင်း ကျေနပ် နေခိုက် နောက်က စကားသံ သဲ့သဲ့ တစ်ခွန်း ကြားလိုက် ရတယ်...
“ကလေကချေဆန်တဲ့မိန်းမ” တဲ့။
အင်း သည်နေ့ကတော့ ခက်ဆစ် အဖွင့် မှားတဲ့နေ့ပဲ။

4 comments:

BLACK DREAM said...

Car Permit ရဖို့လည်း အရေးကြီးတယ် အမရေ :)

chaos said...

ဟုတ်တယ်နော်
အမြင်ဆိုတာ မြင်အောင်ကြည့်တဲ့
လူပေါ်မှာပဲမူတည်ပါတယ် အစ်မရယ်

လင်း said...

တကယ်ကိုအဓိပ္ပ္ပ္ပါယ်ရှိတဲ့စာလေး

ချစ်သူ said...

ဟဲဟဲ အရင်ရယ်လိုက်မယ်နော် ... အစ်မရဲ့ စိတ်ကူး အတွေးတွေက ကောင်းလွန်းပါတယ် ... ဒါပေမဲ့ ... ဆိုတဲ့နောက်မှာ တော့ တစ်ယောက်အပေါ်မှာ အတွေးတစ်မျိုး အကြိုက်တစ်ထွေရှိကြတာမို့ .. ကျွန်တော်တို့ အတွက် ခက်ဆစ်မှားခဲ့တယ်ဆိုပေမဲ့လည်း .. သူတို့က မှန်နေဆဲဘဲ ....