Monday, October 8, 2007

ကျွန်မ၊ ပုဂံ ရာဇ၀င်နဲ့ မီဒီယာ စိစစ်ရေး

ပုဂံ ရာဇ၀င် တုတ်ထမ်းပြောရတယ် ဆိုတဲ့စကား က နာမည်ကြီးပါ။ ဒါကြောင့် ကျွန်မက ပုဂံ ရာဇ၀င် အစစ်ကို သမိုင်း ပါရဂူများလို သေချာ မသိလို့ ရာဇ၀င် အကြောင်း ဆွေးနွေးခြင်းထက် ပိုလက်တွေ့ကျတဲ့ ရာဇ၀င်ကို ပြန်လည် ပုံဖော်တဲ့ ခေတ်သစ် မီဒီယာများ ဖြစ်တဲ့ ပြည်သူလူထု ကြားထဲ ချက်ချင်း ပျံ့နှံ့ စိမ့်ဝင်နိုင်တဲ့ စာပေ၊ သီချင်းနဲ့ ရုပ်ရှင် လောက ရဲ့ ဖန်တီး တင်ဆက်မှုကိုပဲ သုံးသပ် ကြည့်ချင်တာပါ။
ကျန်ခဲ့တဲ့ လေးနှစ်အတွင်း မီဒီယာတွေဟာ ပုဂံ ရာဇ၀င် ထဲက အနော်ရထာ၊ ကျန်စစ်သား၊ စောလူးမင်းနဲ့ မဏိ စန္ဒာ မိဘုရားတို့ အကြောင်းကို တော်တော်ကြီးကို အသားပေးပြီး ရုပ်ရှင်၊ ဗွီဒီယို၊ သီချင်း၊ ကာရာအိုကေ တွေမှာ ရိုက်ကူး တင်ပြကြတာ သိသိသာသာကြီး တွေ့ရပါတယ်။ ရာဇ၀င် အစစ်ထက် ဈေးကွက်ဝင် ရာဇ၀င် တစ်ရပ်လို အထိ ဖြစ်အောင် အနုပညာကို ခုတုံးလုပ်ရင်း မြန်မာ့သမိုင်းထဲက မင်း၊ မိဘုရားများ မဟာ အရှက်တော်ကွဲခန်းကို ထိထိမိမိ တင်ပြခဲ့ကြပါတယ်။ စိစစ်ရေး ဆိုတာကလဲ ဒီအချက်ကို တမင်ပဲ လွှတ်ပေးလား မသိဘဲ မသိတာလား မပြောတတ်ပါဘူး။

ဇာတ်ကြီး ဆယ်ဘွဲ့ထဲက ပညာပါရမီဖြည့်ကျင့်ရာ ဘ၀ဖြစ်တဲ့ မဟော်သဓာ ဇာတ်တော်ကြီးကို ကျွန်မတို့ မြန်မာ ပြည်မှာ ဆယ်တန်း အောင်သူတိုင်း သင်ကြားခဲ့ကြရပါတယ်။ မဟော်သဓာဟာ အမရာဒေ၀ီကို သူမရဲ့ ဖခင် ထံက အပ်ချုပ်သမား အဖြစ် ဟန်ဆောင် တောင်းရမ်းပြီးတဲ့နောက် အမရာရဲ့ စိတ်ဓာတ် တည်ကြည်မှုကို စမ်းသပ်ချင်လို့ ငါ့အိမ်ကို အရင်ပြန်ပြီး စီစဉ်စရာ ရှိတာ စီစဉ်ပြီးမှ လာခေါ်မယ် မြို့တံခါး ဇရပ်မှာ စောင့်နေ ဆိုပြီး အမရာကို ထားခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ လူယုံများကို အသပြာ ငွေတစ်ထောင်ပေး သူဌေး ယောင်ဆောင်စေပြီး အမရာ ကို သွားရောက် တောင်းရမ်းစေပါတယ်။ ဒီအခါ အမရာရဲ့ စကားတစ်ခွန်းက မှတ်သားထိုက်လှပါတယ်။

ကျွန်မမှာ လက်ထပ်ဖို့ ရည်မှန်းပြီး ခင်ပွန်းရှိပြီး ဖြစ်ပါတယ်။ တရားဝင် ထိမ်းမြားမှု မလုပ်ရသေးပေမယ့် ကျွန်မရဲ့ ဖခင် ထံက တောင်းရမ်းပြီးလို့ ကျွန်မတို့ သားအဖက လက်ခံပြီး ကတည်းက ၂ဦး၂ဖက် သဘောတူပြီး ကတည်း က ထိမ်းမြားမှု အထမြောက်ပြီလို့ ယူဆပါတယ်။ သင်သူဌေးမင်းတို့ အခြား သင့်တော်ရာ သတို့သမီးကို ရှာချေပါ။ ကျွန်မက အပ်ချုပ်သမား ရဲ့ ဇနီးမယားဖြစ်နေပါပြီ လို့ သူဆင်းရဲမလေး အမရာက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီတော့မှ မဟော်သဓာက သူ့အိမ်က အမတ်ကြီး အဆောင်အယောင်များနဲ့ တခမ်းတနားကြီး ထွက်ပြီး အမရာကို မြို့တံခါး ဇရပ်ဆီက သွားရောက် ခေါ်ဆောင်ပြီး ဘုရင်ကိုယ်တိုင် တက်ရောက်တဲ့ အမတ်ကြီးရဲ့ မင်္ဂလာပွဲအဖြစ် တခမ်းတနား လက်ထပ်ယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် မင်္ဂလာ အထမြောက်မှုကို သိသာလောက်ပြီ ဖြစ်ပါတယ်။ တစ်အိမ်တည်း အတူ တစ်သက်လုံးနေရင်း နေ့စဉ် ကိုယ်မြင်တွေ့ ဆက်ဆံနေရမယ့် ကိုယ့်ဘ၀ တစ်ခုလုံး အတူလက်တွဲ ပေါင်းဖော်ရမယ့်သူက ကိုယ့်အပေါ် ဒီလောက် သစ္စာထားတာကို လက်တွေ့ ခံစားရသူ အဖို့ အိမ်ထောင်ရေး သုခ ဆိုတာ ဒါမျိုးကိုမှ ခေါ်တာ ဖြစ်ပါလိမ့်မယ်။

ဒါလောက်ဆို မွန်ဘုရင်က အနော်ရထာထံ သမီးတော်ကို ဆက်သကြောင်း သ၀ဏ်လွှာ ပို့ပြီးကတည်းက အနော် ရထာ ဘုရင်က လက်ခံပြီးကတည်းက မဏိစန္ဒာ မင်းသမီးဟာ အနော်ရထာမင်းရဲ့ မိဖုရား အရာ မြောက် နေပါပြီ ဖြစ်ကြောင်း သိသာနေပါတယ်။ ဒီလို မိဘုရားအရာ မြောက်နေပြီးသား မဏိစန္ဒာဟာ စစ်သူကြီး ကျန်စစ်သား အ ပေါ် အမှန်တကယ်တောင် တိမ်းညွတ် ခဲ့ရဲ့လား။ သူရဲကောင်းမို့ အားကိုး အထင်ကြီးရအောင်ကလဲ အနော်ရထာ ကိုယ်တိုင်က သူရဲကောင်း ဘုရင် တစ်ပါး ဖြစ်နေပြီးသားပါ။ ကျန်စစ်သားနဲ့ မဏိစန္ဒာကို သမုတ်သူက ကျန်စစ် သားကို အမြဲတစေ မလိုမုန်းထား ဖြစ်နေသူ စောလူးမင်းနဲ့ သူ့ရဲ့ အပေါင်းပါများ ဖြစ်ပါတယ်။ အနော်ရထာမင်း နာမကျန်းဖြစ်စဉ်နဲ့ စောလူးမင်း နန်းတက်စဉ်မှာလဲ ထပ်မံ သမုတ် စော်ကားခြင်း ရှိခဲ့ပါသေးတယ်။ နန်းတော် ဆို တာ အစောင့်အကြပ် ထူထပ် များပြားလွန်းတဲ့အပြင် သာမန် မိဘုရားငယ် မဟုတ်ဘဲ နှစ်နိုင်ငံ သံတမန် ဆက်ဆံ ရေး ကောင်းဖို့ တင်ဆက်ထား တဲ့ မိဘုရားကြီး တစ်ပါးဖြစ်တဲ့ မဏိစန္ဒာ မိဘုရားကြီး အနေနဲ့ ဒီလို နောက်မီးလင်း ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တဲ့ ကိစ္စပါ။ သမုတ်ခံရသူကလဲ လူတိုင်းသိနေတဲ့ ကျန်စစ်သားဖြစ်နေတော့ သူတို့ ၂ယောက် တကယ် ငြိစွန်းနိုင် ခဲ့ဖို့ ဖြစ်နိုင်ချေ တအား နည်းလွန်းနေပါတယ်။

မွန်ရာဇ၀င်ကို ပြန်ကြည့်ရင် မွန်ဘုရင့် မိဖုရားများ၊ သမီးတော်များဟာ ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်ကို သိပ်အလေးပေးကြတာ မွန်ဘုရင်မကြီး ရှင်စောပု၊ သူ့ရဲ့ သမီးတော် ဓမ္မစေတီမင်းရဲ့ မိဘုရားနဲ့ ရာဇာဓိရာဇ်ရဲ့ မိဘုရားများ သက်သေ အထောက်အထား များစွာရှိပါတယ်။ သူတို့တွေထက် ခေတ်စောတဲ့ မွန်မင်းသမီး မဏိစန္ဒာ ဟာလဲ ခံစားချက်ထက် အရှက်သိက္ခာနဲ့ တိုင်းပြည်အရေးကို သူတို့တွေလို ပိုအလေးထားမယ် ဆိုတာ ယုံမှား ရှိစရာ မလိုပါဘူး။ သူသာ ရှေ့ကနေ ပေါက်ကရ လုပ်သွားခဲ့ရင် နောင်မှာ ပေါ်ထွန်းခဲ့တဲ့ ရှင်စောပုနဲ့ တကွ မွန် မင်းသမီးတွေ ဒီလို အနေအထိုင် သေသပ်လေးစားစရာ ကောင်းနေပါ့မလားလို့ တွေးမိပါတယ်။

နောက်တခါ ကျန်စစ်မင်းရဲ့ မေတ္တာရေး ဇာတ်လမ်းပါ။ မြန်မာမင်းတွေ မိဘုရား များရခြင်း အကြောင်းက လက် အောက်ခံ နယ်မြေတွေ ပုန်ကန်မှု မပြုနိုင်တာ သေချာဖို့အရေးရော၊ လက်အောက်ခံ နယ်စားများကလဲ သူတို့ နယ်များကို ရှင်ဘုရင် ဆိုသူက ကောင်းကောင်းမွန်မွန် အုပ်ချုပ်ပါစေရေးအတွက် အစ်မ၊ နှမ၊ သမီးများကို မိဘုရား အဖြစ် ဆက်သကြပါတယ်။ ဒီတော့ လက်မခံလို့ မကောင်းဘူးလေ။ ဒီကြားထဲ အနော်ရထာမင်း လက်ထက် ကျန်စစ်မင်းထွက်ပြေးနေရတဲ့ အချိန်က ပုဂံပြည်မှာ အရည်းကြီးများက သြဇာ လွှမ်းလွန်းလို့ သမီးပျိုများကို အရည်းကြီးများ ရန်က လွတ်ပါမည့်အရေး အရည်းကြီးများထက် အရည်အချင်း သာလွန်သူ ကျန်စစ်မင်းကို သမီးပျိုများကို စောင့်ရှောက်နိုင်စေဖို့ သမီးရှင်များ ကိုယ်တိုင်ကရော၊ မိန်းကလေးများကပါ လိုလိုလားလား အပ်နှံကြခြင်းရော မဖြစ်နိုင်ပေဘူးလား။ သိပ္ပံနည်းကျ စဉ်းစားရင် ဘယ်ဟာက ပိုဖြစ်နိုင်ချေ ရှိပါသလဲ။

ဒါ့အပြင် ညီသားနောင်မယ်လို့ ခေါ်ဆိုရင်း အမေရင်းကိုတောင် မရှောင် သောင်းကျန်းတဲ့ အစ်ကိုတော် စုက္တတေး မင်းကို မြင်းရေး လှံရေးနဲ့ အနိုင်တိုက်၊ အရည်းကြီးများကို နှိမ်နင်းရင်း တဖက်က နိုင်ငံထူထောင်ရေး လုပ်နေရတဲ့ အနော်ရထာမင်း ထံမှာ အဖွဲ့အစည်း အများကြီး ခိုလှုံ နေမှာ မလွဲပါ။ ရင်ဆိုင်နေရတဲ့ စုက္တတေး လိုလားသူ အဖွဲ့နဲ့ အရည်းကြီး အဖွဲ့အစည်းတွေကိုလဲ မျက်ခြေမပြတ် စောင့်နေရဦးမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေအားလုံးကို နိုင်အောင် အာဏာ တစ်ရပ်တည်းနဲ့ ထိန်းလို့ မရနိုင်ပါဘူး။ အပေးအယူ ရှိရဦးမှာ ဖြစ်ပါတယ်။ အနော်ရထာဟာ နောင်တော် စုက္တတေး မင်းကို မြင်းစီးရင်း တန်းလန်း လှံနဲ့ ထုတ်ချင်းခတ်ပေါက်အောင် ထိုးနိုင်တယ် ဆိုကတည်းက သူ့လှံရေး ကို သိသာပါတယ်။ နှစ်ဖက်လုံးက အမြန်ဆုံး လှုပ်ရှားနေတဲ့ အချိန်မှာတောင် ထိအောင် ပစ်ခတ်နိုင်သူပါ။

ကျန်စစ်သားကို မုန်းတဲ့အဖွဲ့ကို လောလောဆယ် အခြေအနေအရ မလွန်ဆန်နိုင်လို့ ရပ်နေတဲ့ အနော်ရထာက ကြိုးတုပ်ခံရပြီး ထိုင်နေတဲ့ ကျန်စစ်သားကို လှံနဲ့ ထိုးရာမှာ လှံက ကြိုးကို ထိပြီး လူကို မထိတာ ဘယ်လောက် ကောင်းလိုက်တဲ့ သက်သေပြချက်နဲ့ လက်ဆပါလဲ။ လှံနဲ့ပစ်ပြီး ဘာအမိန့်မှ မပေးဘဲ ချက်ချင်း နန်းတွင်း အ ဆောင် ကို ၀င်သွားတာကရော ဘာသဘောပါလဲ။ မိဘုရားကို လမ်းမှာ ဖြတ်ပြီး ကြာခိုသူလို့ တကယ်ယုံမှတော့ ဘုရင်ကို မရိုသေ မလေးစားမှု တစ်ရပ်နဲ့တင် အသေသတ်ဖို့ အကြောင်းလုံလောက်နေပါပြီ။ ဒါပေမယ့် အနော် ရထာ ဟာ ကျန်စစ်သားကို ရာဇ ပရိယာယ်နဲ့ သူ့လက်စွဲတော် အရိန္ဒမာ လှံကို ပေးလို့ ခဏတာ နန်းတော်ကို ရှောင်ခွာ ထွက်ပြေး စေခဲ့ပါတယ်လို့ သိပ္ပံနည်းကျ စဉ်းစား တွေးခေါ်ယူလို့ ရနေပါတယ်။

ခုများတော့ မြန်မာ့ မီဒီယာများက လုပ်ချလိုက်ရာမှာ ကျန်စစ်မင်း ဇာတ်ကားမှာ အနော်ရထာက မစိတ်မွှန်လို့ သူရဲ့ ယုံကြည်အားကိုးရဆုံး စစ်သူကြီး ကျန်စစ်သားကို မစဉ်းစား မဆင်ခြင်နိုင်ဘဲ ဒေါသတကြီး လှံနဲ့ပစ်၊ ကျန်စစ်မင်း ခမျာ ကြာကူလီ၊ မြာ ပွေသူကို ဖြစ်လို့၊ မွန်ဘုရင်ရဲ့ ရင်နှစ်သည်းချာ သမီးတော်လေး မဏိစန္ဒာမင်းသမီး ခမျာလဲ ဖခမည်းတော်ရဲ့ သိက္ခာ၊ တိုင်းပြည်နဲ့ လူမျိုးတို့ရဲ့ သိက္ခာနဲ့ မင်းသမီးတစ်ပါးရဲ့ သိက္ခာ တို့ကိုတောင် စောင့်စည်း မှုမရှိ၊ သူဆင်းရဲမ အမရာ လောက်မှ သစ္စာ မစောင့်နိုင်ဘဲ တလမ်းလုံး မောင်းမတွေလောက်တောင် ဣနြေ္ဒ သိက္ခာ မရှိတဲ့ သူအဖြစ် ဖော်ကျူးမှု လုပ်လို လုပ်ရဲ့။ သီချင်းများကလည်း အရိန္ဒမာ သိပါစေ လုပ်လိုလုပ်နဲ့ ပထမ မြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်သူ သာသနာပြုမင်းများနဲ့ ပါရမီ ဖြည့်ဖက် မင်းသမီး၊ မိဘုရားများ ခမျာလဲ ကြာကူလီများ၊ လင်ငယ်နေလိုသူ ဖောက်ပြန်သူများ အဖြစ် အထင်မှား ခံကြရ ရှာပါရော။

ဒါကိုတောင် စိစစ်ရေး အဖွဲ့ ဆိုသူများက ဆင်ဆာ မဖြတ် မကန့်ကွက် တဲ့အပြင် အကယ်ဒမီပါ ပေးလိုက် သေး တော့ ကိုယ့်လက်နှီးစုတ် ညစ်ပတ်နေလို့ သူများ မျက်နှာသုတ် ပုဝါကို အိုးမည်းနဲ့ လိုက်သုတ် သလိုတောင် ဖြစ်နေပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အတွက် ဒီဇာတ်ကားကို အင်္ဂလိပ်စာတမ်း ထိုးပြီး ပြသလိုက် သေးတော့ နိုင်ငံတကာမှာ မြန်မာများရဲ့ မဟာအရှက် သောက်သောက်လဲအောင် ကွဲပါတယ်။ ဒီအတွက် အကျိုး ရလာဒ်ကတော့ ဒီဇာတ်ကားနဲ့ ဒီသီချင်းများကို အတုခိုး မှားသူများ မယားငယ် နေ၊ လင်ငယ် နေခြင်းများ၊ အိမ် ထောင်ရေး ဖောက်ပြန်မှုများ၊ အရှက်သိက္ခာနဲ့ လိင်ပိုင်းဆိုင်ရာ စည်းစောင့်မှုများ၊ အကျင့် စာရိတ္တ ခြကိုက်မှုများ လက်တလုံး ခြား ပလီပလာ ပြောဆို ဖြားယောင်း မြူဆွယ်မှုများ အထင်းသား ပေါများလာခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အများပြည်သူများအနေနဲ့ သူများပြောတဲ့ စိစစ်ရေးနဲ့ မီဒီယာများက စီးပွားဖြစ် နဲ့ ၀ါဒဖြန့် ရိုက်ပြတာ များကို မျက်စိမှိတ် ပုံတူကူး အတုခိုးခြင်းထက် မိမိတို့ ဘာသာတရားက ပုံဥပမာဆောင် သင်ကြားပေးတဲ့ အသိ ဉာဏ်ကို ကိုယ်တိုင် အသုံးချပြီး အမှားအမှန်ကို သူများပြောတိုင်း မယုံ အတုမခိုးဘဲ ကာလာမ သုတ်တော်ကို လက်ကိုင်ထားရင်း ကိုယ်တိုင် စိစစ်ကြပါလို့ တိုက်တွန်း လိုက်ရ ပါတယ်ရှင်။

2 comments:

Anonymous said...

တော်သေးတာပေါ့ ။ ငထွေရူး (တစ်နေ့ တည်း ထန်းရည် အလုံး ၁၀၀ သောက်နိုင်သူ) ညောင်ဦးဖြီး ( ညောင်နာနာဖြင့် ဖြီးဖြန်းနေသူ) ဆိုတဲ့ ဇာတ်ကားတွေ မရိုက်သေးတာ ။

စိုးထက် - Soe Htet ! said...

သင့်မြတ်တဲ့ အတွေး အခေါ်ပဲဗျ ... :)