Tuesday, October 9, 2007

ကျွန်မဖတ်မိတဲ့ မြင်းတစ်ကောင်ရဲ့ ဒိုင်ယာရီ

ဒီရက်ပိုင်း ကျောင်းက အရေးကြီးဆုံး စာမေးပွဲ အချိန်မှာ လူက စာကိုလုံးဝ အာရုံဝင်စားလို့ မရဘူး ဖြစ်နေ ပါတယ်။ စိတ်ထဲမှာ အတွေးတွေ ဗလာကျင်းလို့ ရင်ထဲမှာ မွန်းကြပ် နေပါတယ်။ စိတ်လေ နေတယ် လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက် ပြောဖူးတဲ့ စာပီး နေတယ် လို့ပဲ ပြောရလားပဲ။ တုတ် ပီး ဓားပီးတယ် ဆိုတာ တုတ်နဲ့ရိုက် လဲ မနာ၊ ဓားနဲ့ခုတ်လဲ မပြတ်ဆိုသလို စာပီးတယ် ဆိုတာလဲ စာ ဘယ်လောက် ကျက်ကျက် ခေါင်းထဲ မ၀င် တော့တာ တဲ့လေ။ ဒါနဲ့ စိတ်ပြေလက်ပျောက် ဂိမ်းဆော့ တော့ လဲ အာရုံက မ၀င်စားပါဘူး။ ဒါနဲ့ ရုပ်ရှင် ကြည့်မယ် ဆိုတော့လဲ သွေးရဲသံရဲ သတ်ဖြတ် နေတဲ့ ကားတွေ ချည့် ဒီရက်ပိုင်းမှာ ပြနေ ရုံတင်နေ တော့ အဲဒါ တွေကို နားဝ လေသံတောင် မကြားချင် ဖြစ်နေတာနဲ့ မကြည့် ဖြစ်ပါဘူး။ နောက်ဆုံးတော့ ဝေါလ်ဒစ်နေးက ထုတ်တဲ့ ကာတွန်းကားပဲ ကြည့်တော့မယ် ဆိုပြီး နောက်ပိုင်း ထွက်တဲ့ Spirit: Stallion of the Cimarron (2002) မြင်းကလေး ကာတွန်းကားကို ကြည့်ဖို့ ရွေးလိုက်မိပါတယ်။

စကားပြောခန်း တစ်ခန်းမှ မပါဘဲ မျက်နှာပေး အမူအရာနဲ့ လုပ်ပုံ ကိုင်ပုံ တို့နဲ့သာ ကြည့်သူကို နားလည် စေတဲ့ တင်ဆက်မှုဟာ ဒီဇာတ်ကားရဲ့ ထူးခြားချက် ဖြစ်နေတာ အံ့သြစရာ တွေ့လိုက်ရပါတယ်။ ကျွန်မ တို့ လူတွေရော စကားလုံးတွေ တကယ် လိုအပ်ရဲ့လား။ ဒီဇာတ်ကား မှာတော့ စကားလုံးတွေ မလိုဘဲ တင်ဆက် လိုရာကို ရုပ်ရှင် ပညာရှင်က မျက်နှာပေး အမူအရာနဲ့ လုပ်ရပ် တွေကနေ ရုပ်ရှင်ကြည့် ပရိသတ် နားလည်အောင် တင်ဆက်သွားပါတယ်။ ကျွန်မတို့ရဲ့ တကယ့် လက်တွေ့ လောက မှာလဲ ဒီလို ပါပဲ။ တချို့ လူတွေက လက်တွေ့ မပါတဲ့ စကားတွေ ကျလောက်အောင် ပြောရင်း သက်ရှိ လေပူဖောင်း တွေအဖြစ် စီးမျော နေကြ ချိန်မှာ တချို့ လူတွေ ကတော့ စကား တစ်လုံးမှ မပြောဘဲ လက်တွေ့ လုပ် ဆောင် ရမယ့် အလုပ်တွေကို တရစပ် လုပ်ကိုင် ဆောင်ရွက် နေကြပါတယ်။ ဒါကို မျက်စိ ရှိတိုင်း မမြင်နိုင် ပေမယ့် အမြင် ရှိသူတိုင်း မြင်ကြ ပါတယ်။

ဒီဇာတ်လမ်းကို ပြန်ပြောတဲ့အခါ ကျွန်မက မြင်းရိုင်း မြင်းယဉ် ဆိုတဲ့ စကားလုံးကို မသုံးပါဘူး။ လူအများ စုရဲ့ သတ်မှတ်ချက်ကို ကျွန်မ လက်မခံ နိုင်လို့ပါ။ ခိုင်းတိုင်း ခံတဲ့၊ ကိုယ့်အခြေအနေ ကိုယ့်ဘ၀ကို ပြန် မဆန်းစစ် နိုင်လောက်အောင် ထုံအတဲ့ သူကို ခိုင်းကောင်းဖို့ ရည်ရွယ်ချက်နဲ့ ယဉ်ကျေးတယ် ဆိုတဲ့ ဘွဲ့တံဆိပ် မျက်မှန်စိမ်း တပ်ပေးပြီး ကိုယ့်ဟာကို ရှာစားရင် ပိုစားရ နိုင်လျက်နဲ့ ရှာစားခွင့်ကို ပိတ်ပင်ပြီး ကောက်ရိုးကို မြက်စိမ်းလုပ် ကျွေးရင်း ထမင်းရှင် ကျေးဇူးရှင် နာမည်ယူပြီး ညာခိုင်း နေတာကို နာမည် လေးကို မက်ပြီး ခိုင်းသမျှ လိုက်လျောပြီး ယဉ်ကျေးသူအဖြစ် ယောင်ဝါး ခံစား နေတာမျိုးကို ယဉ်ကျေးသူ အဖြစ် ကျွန်မ လက်မခံနိုင် ပါဘူး။ အဲဒီလိုပဲ ဘယ်သူ့ ကိုမှ မထိခိုက်ဘဲ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ် မြတ်နိုး ပြီး ကိုယ့်နေရာ ကိုယ်ရအောင် ပြန်ယူတတ်ပြီး မတရား ဖိနှိပ်မှုကို တွန်းလှန်၊ တရားမျှတမှုနဲ့ လွတ်လပ်ခွင့် အတွက် အားထုတ် တတ်တဲ့ သူတွေကို ခိုင်းမကောင်း တိုင်း၊ ကိုယ်အတ္တ အတွက် သူတပါး ကို ကိုယ်လိုရာ ပုံသွင်းလို့ မရတိုင်း အရိုင်းအစိုင်းလို့ နာမည် တပ်တာ မျိုးကိုလည်း ကျွန်မက လက်မခံ နိုင်ပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်းကို ကျွန်မက ပြန်ပြောတဲ့အခါ မြင်းရိုင်း၊ မြင်းယဉ်လို့ မပြောဘဲ (မွေးက တည်းက မြင်းဇောင်းထဲမှာ မွေးတဲ့) မွေးရာပါ မြင်းဇောင်းထဲက မြင်းနဲ့ လွင်ပြင်မှာ ကျက်စားရာက ဖမ်းခံရ ပြီး မြင်းဇောင်းထဲ ရောက်လာတဲ့ မြင်းလို့ ခွဲခြား သတ်မှတ်ပြီး ပြောတာ ဖြစ်ပါတယ်ရှင်။

လွင်ပြင်မှာ ကျက်စားတဲ့ မြင်းကလေးဟာ မတော်တဆ ဖမ်းဆီး ခံရတဲ့ အခါ အားမတန်လို့ မာန်လျှော့ ရ ပေမယ့် သူ့အပေါ် ဘယ်သူ လာတက် စီးတာ ကိုမှ လက်မခံ ကန်ချ၊ ခါချပြီး အစာရေစာ ဖြတ်တာ ကိုလဲ ကြံ့ကြံ့ခံ ရပ်တည်ပြီး အရှုံး မပေးတဲ့ အဖြစ်ကို တွေ့ရပါတယ်။ သူ့ရဲ့ မာန်လျှော့မှုဟာ အသိတရား ပါတဲ့ မာန်လျှော့မှု ဖြစ်ပြီး အားကုန်ရုံ ဇွတ်တိုးခြင်း မပြုဘဲ အချိန်အခါကို စောင့်ကြည့်တဲ့ ခဏ မာန် အနားယူ ခြင်း လို့ ပြောလို့ ရနေ ပါတယ်။ ဒါပေမယ့် တယူသန် ဆန်ပြီး သူ့ကျောပေါ် ဘယ်သူမှ အတက် မခံတာ မျိုး မဟုတ်ဘဲ သူ့ကို ဗိုလ်ကျပြီး ခိုင်းစားဖို့ လေ့ကျင့်သူ ကိုသာ သူ့ကျောပေါ် အတက် မခံတာ ဖြစ်ပြီး သူ့ကို ကယ်တင်သူ လူနီလေးကိုတော့ သူ့ကျောပေါ် ကြည်ကြည်ဖြူဖြူ တက်ခွင့်ပေးတဲ့ ချစ်စရာ စရိုက် လေးကို တွေ့ရပါတယ်။ ကျွန်မတို့လူတွေလဲ ဒီမြင်းလေးလို တယူသန် မဆန်ဘဲ စိတ်ထား လျော်ကန် ကောင်းမြတ် နေဖို့ လိုတယ်လို့ ထင်ပါတယ်။ ဝေါလ်ဒစ်နေး ရုပ်ရှင်လုပ်ငန်းက ကလေးတွေကို ဒီလို စိတ်ထား တွေးခေါ်ပုံကို ကာတွန်းကား အဖြစ် သင်ကြား ပေးတာ ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။

လွင်ပြင်မှာ ကျက်စား ခဲ့တဲ့ မြင်းလေးဟာ မြင်းဇောင်းထဲက မြင်းတွေကို အစက နားမလည် ရှာပါဘူး။ ဘာ လို့ ထွက်မပြေးလဲ ပေါ့လေ။ မြင်းဇောင်းထဲက မြင်းတွေကိုလဲ အပြစ် ပြောလို့ မရနိုင် ပါဘူးလေ။ မွေးရာပါ အကန်းဟာ အမှောင်နဲ့ အလင်းရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရကို မသိသလို၊ မှောင်မှန်း လင်းမှန်းကို မသိ သလို မြင်းဇောင်း ထဲမှာ မွေး၊ မြင်းဇောင်းထဲမှာ ကြီးပြီး မြင်းလေ့ကျင့်ရေးသမားရဲ့ လေ့ကျင့် ပေးမှုကို ကိုယ့် ပတ်ဝန်းကျင်က သူတွေလို အလိုက်သင့် ခံလာ ခဲ့ကြ ရတဲ့ မြင်းဇောင်းထဲက မြင်းများ ခမျာလည်း ပြင်ပကမ္ဘာ နဲ့ အဆက်ပြတ် နေတဲ့ အတွက် ဘာများ ထူးခြား ထွင်းဖောက်ပြီး သိနိုင်ပါ့ မလဲလေ။ မြင်းဇောင်း ထဲကနေ အပြင် ထွက်ရတဲ့ အခါ ဆိုတာ ကလည်း မျက်စိ ဘေးကာကို အုပ်ထားတဲ့ အတွက် မြင်းထိန်းက ပြေးစေ ချင်တဲ့ ရှေ့တည့်တည့် တခုတည်း ကိုသာ မြင်ရပြီး ပတ်ဝန်းကျင်ကို လေ့လာခွင့် မရ၊ ဇက်ကြိုးတပ်၊ နှာရှုပ် ကြိုးတပ်ပြီး ကြိမ်နဲ့ နှင်တံနဲ့ တို့တဲ့အခါ အသားနာမှာ စိုးလို့ ရှေ့တည့်တည့်ကို ထွက်ပြေးရင်း ဘေးကွေ့ ပြန်တော့လည်း ဇက်ကြိုးကို အတင်းဆွဲ၊ နှာရှုပ် ကြိုးကြောင့် နှာခေါင်း နာလို့ အနာ သက်သာတဲ့ အနေ အထား နဲ့ ပြေးတော့ မြင်းထိန်း လိုရာ ကြိုးဆွဲရာ ပြေးရတဲ့ မြင်း ဖြစ်လာ နေပါ ရော။ ဒီတော့ မြင်းဇောင်း ထဲက မြင်းအဖြစ် အပြင် ထွက်ရတဲ့ မြင်းများ ခမျာ အပြင်ထွက်လျက်နဲ့ အပြင် လောက ကို မမြင်နိုင် မခံစားနိုင် တဲ့ မြင်းများသာ ဖြစ်လာခဲ့ပါတယ်။ မြင်းဇောင်းထဲက မြင်းများဟာ လွင်ပြင်မှာ တခါမှ မကျက်စား ဖူးတဲ့ အတွက် လွင်ပြင်မှာ ကျက်စား ရခြင်းကြောင့် ရတဲ့ လွတ်လပ်မှုနဲ့ အသိပညာကို တခါမှ မခံစား ဖူးတဲ့ အတွက် ကောင်းမှန်း ဆိုးမှန်း မသိရှာပါဘူး။ ဒါကို လွင်ပြင်မှာ ကျက်စား တဲ့ မြင်းကလေးက ရိပ်မိ သိရှိ ခဲ့တဲ့အတွက် သူနဲ့ ဘ၀တူ မြင်းများကို မြင်းဇောင်း ထဲကနေ မြင်းက (မျက်လုံးဘေးကာ၊ ဇက်ကြိုး၊ နှာရှုပ်ကြိုး) တွေ မပါဘဲ အလွတ် ထွက်ပြေး လွတ်မြောက် နိုင်ဖို့ (သို့မဟုတ်) ယဉ်ကျေး ပါတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ် ကြေညာ နေတဲ့ လူဆိုတဲ့ သတ္တ၀ါ တွေရဲ့ အနိုင်ကျင့် ခိုင်းစေမှု အောက်ကနေ လွတ်မြောက်ဖို့ ကူညီခဲ့ပါတယ်။

ကျွန်မရော.. မွေးရာပါ မြင်းဇောင်းထဲက မြင်းလား၊ လွင်ပြင်မှာ ကျက်စားနေရာက မတော်တဆ အဖမ်း ခံရပြီး မြင်းဇောင်းထဲ ရောက် နေတဲ့ မြင်းလား။ ကျွန်မသာ မြင်းဖြစ်ခဲ့ရင် လွင်ပြင်ကမြင်းလို ပြန်ထွက် ပြေးရင်း ကိုယ့်ကို ဗိုလ်ကျ ဖိနှိပ် ခိုင်းစေတဲ့သူကို တွန်းလှန်တဲ့၊ ကိုယ့်ရဲ့ မျိုးတူ မြင်းများကို သက်စွန့်ဆံ ဖျား ကယ်တင်တဲ့ မြင်း ဖြစ်လာ မလား။ ငါတို့မြင်းဆိုတာ လူစီးခံ၊ လူခိုင်းခံဖို့ ဆိုတဲ့ သမားရိုးကျ အတွေး (သူများ ရိုက်ထည့် ပေးထားတဲ့ အတွေး)နဲ့ပဲ မြင်းဇောင်း ထဲက ကျန်နေတဲ့ မြင်းတွေလို ငြိမ်ကုပ် ငုံ့ခံ နေမလား။ ကျွန်မ သာ မြင်းတစ်ကောင်ဆိုရင် ဘယ်လို မြင်းမျိုး ဖြစ်နေမလဲ။ အဲဒီဇာတ်ကားကို ကြည့်ပြီး ကျွန်မကိုယ် ကျွန်မ ပြန်လည် ဆန်းစစ်မိပါတယ်။

ကဲ ဒီဘလော့လာ စာရှုသူများ ပြောပေးကြပါဦး .. ကျွန်မ ဘယ်လို မြင်းမျိုးနဲ့ တူနေလဲ ဆိုတာကိုလေ…

1 comment:

သုလွန်းအိမ် said...

အမရေ

ဒီ post လေးကို အရမ်းသဘောကျတာပဲ။ အမလဲ စာရေးအရမ်းကောင်းတယ်နော်။ (မြန်မာစာ ဂုဏ်ထူးရှင်ဆိုတော့)အမပြောတဲ့ ကားကို သွားကြည့်လုက်ပါအုံးမယ်။ အမရဲ့စာအပြင် အတွေးအခေါ်ကောင်းတွေကိုလဲ အားပေးနေတယ်။