Tuesday, September 11, 2007

ယမမင်းထံ အလည်တစ်ခေါက်


ကျွန်မကို တွေ့ဖူးသူ တိုင်းက မိန်းမ မဆန်ဘူးတဲ့။ နေပုံ၊ ပြောပုံ၊ တွေးပုံ ကအစ ဘယ်နေရာမှ မိန်းမနဲ့ တူမနေဘူး တဲ့။ တူတာ တစ်ချက်ပဲ ရှိပါတယ်တဲ့။ ဈေးဆစ် တာပါ။

တက္ကသိုလ် နောက်ဆုံးနှစ်မှာ အမှတ်ကို အကောင်းစား ယူလိုက်မယ် ဆိုတဲ့ အတွေးနဲ့ မလုပ်စဖူး စာတွေ တအား ကျုံး လုပ်နေခိုက် မိုးတွင်းမှာ ကျောင်းတက်လိုက်၊ ကျူရှင်တက်လိုက်နဲ့ ပင်ပင်ပန်းပန်း ကြိုးစား နေခဲ့တဲ့ ကျွန်မ။ အဲဒီ အချိန်မှာလဲ အရှေ့တောင် အာရှ တခွင်မှာ SARR ရောဂါခေါ် ကူးစက်မြန် ပြင်းထန် အဆုတ်ရောင် ရောဂါလို့ ခေါ်တဲ့ ကပ်ဆိုးကြီး ဆိုက်ကပ်နေပါတယ်။ ဘတ်စ်ကား ပဲ စီးလေ့ရှိတဲ့ ကျွန်မ မှတ်တိုင် တွေမှာ လူအုပ်ကြားထဲ ရပ်တိုင်း တုပ်ကွေး ချိန်တန် တုပ်ကွေး၊ ခေတ်မီနေခဲ့တဲ့ကျွန်မ ချောင်းဆိုးရင်း ဖျားပါတော့တယ်။ ကျူရှင်ပျက် ကျောင်းပျက်ပေါ့ လေ။ ဆေးခန်းကို နေ့စဉ်သွား ဆေးထိုး ဆေးသောက် လုပ်နေ လျက်နဲ့ အဖျားမကျတဲ့ ကျွန်မကို အဖေက သူကိုယ် တိုင် ဆေးခန်း ပို့ပါတယ်။ ဆရာဝန်က အဖေ ပါလာ တာကို ကြည့်ပြီး ထုံးစံအတိုင်း ညွှန်ကြားချက် ပေးရင်း နဲ့ စိတ် မပူဖို့ ပြောပါတယ်။ အဲဒီတော့ စာ မလိုက်နိုင် မှာကို စိတ်ပူနေတဲ့ ကျွန်မက ကျူရှင် သွားတက်လို့ ရမလား လို့ မေးမိ ပါတယ်။ ဒီတော့မှ ဆရာဝန်က အခု ဖြစ်နေတာ ချက်ချင်း လဲသေ သွားနိုင်ကြောင်း၊ နှလုံးခုန် မူမမှန် ဖြစ်နေ လို့ စိတ်ပို မလှုပ်ရှား အောင် စိတ်မပူနဲ့လို့ ပြောခြင်းသာ ဖြစ်ကြောင်း၊ ခုလဲ ဆေးရုံ မတင်တာ ဆေးရုံမှာ ကုတင် မလောက် တော့လို့ ဖြစ်ကြောင်း၊ နမိုးနီးယားခေါ် အဆုတ်ရောင် ရောဂါ အပြင်းစား ဖြစ်နေကြောင်း၊ ကျွန်မကို အိမ်မှာ နားနေ ခိုင်းဖို့နဲ့ တခုခု ဖြစ်ရင် ဆရာဝန်ရဲ့ အိမ်နဲ့ ကျွန်မအိမ် နီးတာကြောင့် အချိန် မရွေး သူအရောက် လာနိုင်တဲ့ အတွက် ဆေးရုံ တင်တာထက် ဆရာဝန်နဲ့ ပိုနီးစပ်လို့ ပိုသက်သာ နိုင်လို့ ဒီလို အိမ်မှာ နားခိုင်းတာ ဖြစ်ကြောင်း တသီတသန်းကြီး ဆူပြော ပြောပါ တော့တယ်။ အဲဒီတော့ အဖေက ဒါ SARR ရောဂါလား လို့မေးတော့ ဆရာဝန် ခမျာ မဖြေရဲ ရှာပါဘူး။ ဖြေခွင့် မရှိဘူး ခင်ဗျာ တဲ့လေ။ ဒီတော့မှ ကျွန်မအဖေလဲ လန့်ဖျပ်ပြီး ကျွန်မကို စာမေးပွဲ ပေးမဖြေတော့ဘဲ အပြည့်အ၀ နားခိုင်း ပါတော့တယ်။

ကျောအောင့်ပြီး မောလိုက်တဲ့ ဖြစ်ခြင်း။ အိပ်ရာ ပေါ်မှာ ပက်လက် ဖြစ်နေရင်းက ဘုရားတ ရပါတော့တယ်။ တရား ထိုင်ဖူးတဲ့ အခံ တွေက ရှိနေတော့ သေခါမှ သေရော၊ ဘ၀ကူး ကောင်းအောင် ဆိုပြီး တရားလည်း ထိုင်ဖြစ် ပါတယ်။ သေမှာ ကိုတော့ ကြောက်မနေ ခဲ့ပါဘူး။ ပိုဆိုးတဲ့ ဘ၀ကို ရောက်မှာတော့ ကြောက်ပါတယ်။ လူတိုင်း သေရမှာမို့ ဘ၀ကူး ကောင်းဖို့နဲ့ နောက်ဘ၀မှာ ကောင်းကောင်း နေရဖို့ ကိုပဲ ကြိုတင် ပြင်ဆင် ပါတယ်။ ဒါပေမယ့် ဒီဘ၀ ကိုလည်း စိတ်မဖြောင့် ပြန်ဘူး။ အဲဒီ အချိန်မှာ စဉ်းစား မိတာက ငါ့ဘ၀မှာ ငါဖြစ်ချင်တာ ငါလုပ်ချင်တာတွေ လုပ်ခဲ့ရ ပြီးပြီလား ဆိုတာပါ။ ဒီအခါမှာ ကိုယ်လုပ်ချင် တာတွေ ဘာတစ်ခု မှ မလုပ်ရ သေးတာ သွားတွေ့ပါ တော့တယ်။ စည်းစနစ် ကြီးလွန်းတဲ့ မိသားစု၊ အာဏာရှင် ဆန်လှတဲ့ မိဘ တွေရဲ့ အုပ်ထိန်းမှု အောက်မှာ လုပ်ချင်တာ ဘာမှ မလုပ်ရ သေးပါဘူး။ ဒီတော့ ဒီဘ၀မှာ ငါနေခဲ့ရတာ မတန်ဘူးလို့ တွေးမိပါတယ်။ ဒီဘ၀မှာ ခုချိန် ငါမသေခဲ့ သေးရင် ငါလုပ်ချင် တာတွေကို မဖြစ် ဖြစ်အောင် လုပ်ခဲ့ ဦးမယ် လို့လဲ ကြိမ်းဝါးမိ ပါသေးတယ်။

တစ်ညနေမှာ တော်တော် အခြေအနေ ဆိုးလာပါတယ် အဖျားတက်ရာက ရုတ်တရက် အဖျားကျပြီး တကိုယ်လုံး အေးစက်လို့ ကတုန်ကယင် ဖြစ်နေပါတယ်။ ဆေးသောက်ပြီး မှိန်းနေရာက ခေါင်းနေရာ ကနေ လျှောခနဲ ဖြစ်ပြီး လိုဏ်ခေါင်း မဲမဲ တစ်ခုထဲကို ကျွန်မ ဖြတ်ပျံနေပါရော။ လိုဏ်ခေါင်းရဲ့ တဖက်ထိပ်မှာ အလင်းရောင် ပျပျလေးကို မြင်နေရပါတယ်။ အဲဒီအလင်းရောင် ပျပျလေးဟာ ထွက်ပေါက်လို့ သိနေပေမယ့် အဲဒီကို ရောက်ဖို့ ပျံရတာ ဝေးလိုက်တာ။ နောက်ဆုံး ထွက်ပေါက်လေးကနေ ပျံထွက်လိုက်တော့ မီးခိုးလို အခိုးအငွေ့တွေ အပြည့်နဲ့ အခန်း ကျယ်ကြီး တစ်ခုထဲ ရောက်သွား ပါလေရော။ အဲဒီအခန်းကျယ်ကြီးထဲမှာ စားပွဲခုံ နဲ့ ကုလားထိုင် တစ်စုံ ရှိနေပါတယ်။ အဲဒီမှာ လူတစ်ယောက် ထိုင်နေပါတယ်။ သူ့ဘေးတစ်ဖက်တစ်ချက်မှာတော့ ရုပ်ဆိုးဆိုး လူထွားကြီး နှစ်ယောက်။ သူတို့ရှေ့မှာ ကျွန်မက မတ်တပ်ရပ်လို့။

ထိုင်နေသူက ပြောပါတယ်။ ကျွန်မရဲ့ သက်တမ်း စေ့ပြီတဲ့။ သြော်… ဒါဆို ရှင်က ယမမင်းလား ဆိုတော့ ဟုတ်သတဲ့။ ဒီတော့ ကျွန်မက ဒါဆို ကျွန်မပြောချင်တာ တစ်ခုရှိပါတယ် ဆိုတော့ပြောပါတဲ့။ ကျွန်မပြောလိုက်တဲ့စကားကြားတော့ သူတော်တော် အံ့သြသွားပါတယ်။ ကျွန်မပြောတာက

ကျွန်မကို သက်တမ်းတိုးပေးပါ။ ကျွန်မ လုပ်ချင်တာတွေ ဘာမှ မလုပ်ရသေးလို့။
အာ.. တိုးမပေးနိုင်ဘူး

လူ့ပြည်မှာ ဘာဖြစ်ဖြစ် သက်တမ်းကုန်ရင် လျှောက်လွှာတင်ပြီး သက်တမ်းတိုးလို့ရတယ်လေ။ အဲလိုပေါ့ ခုလဲ ကျွန်မဘ၀မှာ လုပ်ချင်တာတွေ ဘာမှ မလုပ်ခဲ့ရသေးဘူးလေ။ ဒီတော့ဒီဘ၀မှာ ကျွန်မနေရတာ မတန်ဘူးပေါ့။ ဒီတော့တန်အောင် နေခဲ့ချင်လို့ သက်တမ်းတိုးပေးပါ။
တစ်ခါ တိုးပေးပြီးပြီမို့ ဒီတစ်ခါ ထပ်မတိုးပေးနိုင်ဘူး

အယ်.. ဘယ်တုန်းက တိုးပေးလို့လဲ ကျွန်မမှ လျှောက်လွှာ မတင်ခဲ့ပဲနဲ့
မင်း အူအတက်ပေါက်တုန်းက တစ်ခါလေ။ မမှတ်မိဘူးလား။ မင်းအဲဒီအချိန်မတိုင်မီမှာ မှော်ဘီ ချမ်းမြေ့ရိပ်သာမှာ ကြိုးကြိုးစားစား တရားစခန်းဝင်ခဲ့တယ်လေ။ ပြီးတော့ တရားစခန်းက အထွက်မှာ မင်းငါ့ကို အမျှဝေပေးခဲ့တယ်။ အဲဒီအတွက် မင်းကို အမှတ်ပေးတဲ့ အနေနဲ့ တစ်ခါ သက်တမ်းတိုးပေးခဲ့တာ

အော်.. အဲလိုလား။ အဲဒါ ကျွန်မမှ မသိဘဲ။ ဒါပေမယ့် ယမမင်းကြီး အဲဒီလို သက်တမ်းတိုးပေးတာ ကျေးဇူးတင် ပါတယ်။ ခုလဲ သက်တမ်းတိုးပေးပါဦး
အာ.. တခါတိုးပေးပြီးပြီလေ မရတော့ဘူး
ရပါတယ် ယမမင်းကြီးရဲ့ လူ့ပြည်မှာ သက်တမ်းတိုးရင် သက်တမ်းတိုးကြေး ပေးပြီးရင် ဘယ်နှစ်ကြိမ်ပဲ ထပ်တိုးတိုး၊ သက်တမ်းတိုးလို့ရပါတယ်။ ယမမင်းကြီးကျမှ ဘာလို့ မရတာလဲ။ သက်တမ်းတိုးကြေး အဖြစ် ကောင်းမှု ကုသိုလ် လုပ်ပြီးတိုင်း ယမမင်းကြီးကို သတိတရ အမျှပေးမယ်လေ။ သက်တမ်းထပ်တိုးပေးပါဦး
မရဘူး
ရလိုက်ပါ
မတိုးပေးနိုင်ဘူး
တိုးပေးပါ ယမမင်းကြီးရဲ့ သက်တမ်းထဲကနေ ဖဲ့ပြီး တိုးပေးရတာမှ မဟုတ်တာ။ သံသရာ သက်တမ်းထဲကနေ ဖဲ့ပြီး တိုးပေးပါနော်
အာ.. တယ်ခက်တာပဲ

လုပ်ပါ ယမမင်းကြီးရယ် တိုးပေးလိုက်ပါနော်
အသံတွေက တိုးသွားလိုက် ကျယ်လာလိုက်နဲ့
တိုးပေးပါ.. တိုးပေးပါ လုပ်ချင်တာတွေ မလုပ်ရသေးလို့ လုပ်ခဲ့ချင် လို့ပါ လို့ တဖွဖွ ပြောနေခိုက်

ဟဲ့ သမီး ဘာတွေ ပြောနေတာလဲ ဆိုတဲ့ အသံကို သဲ့သဲ့လေး ကြားလိုက်တော့ လိုဏ်ခေါင်းရဲ့တဖက်က ပြင်းထန်တဲ့ ဆွဲအားတွေနဲ့ ကျွန်မကို အခန်းထဲကနေ ပြန်ဆွဲထုတ် နေပါပြီ။

ည တီဗီသတင်း ကြေညာ နေချိန်မှာ ကျွန်မ တကိုယ်လုံး ချွေးတွေ ရွှဲနေရင်း ပြန်နိုးလာပါတယ်။ ရေပတ်တိုက်၊ အ၀တ်လဲ၊ ဆန်ပြုတ်သောက်၊ ဆေးသောက်နေရင်း စောစော က အိပ်မက်လိုလို ဟာကို မိဘတွေကို ပြန်ပြောတော့ သူတို့ မျက်နှာ မကောင်းကြ။

ဒီလိုနဲ့ နာလန်ထူပြီး နေပြန်ကောင်းလာခဲ့သည်။ ဆရာဝန်ကတော့ သေတွင်းက လွတ်ပါပြီလို့ ၀မ်းသာအားရ ပြောလို့။ ကျောင်းပြန်တက်၊ စာမေးပွဲလဲ လက်မတင်လေး ဖြေနိုင်ခဲ့သည်။ သို့သော်.. စိတ်ထဲ မရှင်းသည်က အိပ်မက်လိုလို တကယ်လိုလို အဖြစ်ကြီး။

မနေနိုင်တော့တဲ့ အဆုံး ဘုန်းဘုရားထံ ရောက်ခဲ့သည်။ အဖြစ်အပျက်ကို ပြန်လျှောက် ထားမိတော့ ဘုန်းဘုရားက မိန့်တော်မူသည်။ စိတ်ဆန္ဒ ကြီးမားလွန်းလို့ တကယ် ဈေးဆစ်ခဲ့တာ

ဖြစ်နိုင်ပါသည် တဲ့။ ကြက်သီးတောင် ထမိ သည်။ သြော်.. ဈေးဆစ်တာ ၀ါသနာ ပါလိုက်ပုံများ သေမင်း နဲ့တောင် ဈေးဆစ်တဲ့ ကျွန်မ ပါလားနော်။ နောက်ထပ် မကြာခဏ နေမကောင်း ဖြစ်လေ့ ရှိသော်လည်း ယမမင်းနဲ့ တွေ့ရင် ထပ်ဈေးဆစ်မယ် ဆိုသော အတွေးကြောင့် ကျွန်မ မကြောက် တော့ပါ။ သို့သော် သူနဲ့လဲ ထပ်မတွေ့ တော့ပါ။ ဈေးဆစ် လွန်းလို့ ထပ်ဈေးဆစ်မှာ စိုးလို့ပဲ ၃၁ ဘုံ နိုင်ငံသား စာရင်းကနေ တခါတည်းများ ပယ်ဖျက် လိုက်လေ ရော့သလား လို့လည်း ပေါက်ပေါက်ရှာရှာ တွေးမိ ပါသေး။ ပြီးတော့ ၃၁ဘုံ နိုင်ငံသား လက်မှတ် မပါရင် နိဗ္ဗာန်ကို ၀င်လို့ ရပါ့မလား လို့လည်း တွေးမိပါရဲ့။ နောက်မှ ပြန်စဉ်းစား မိသည်။ နိုင်ငံသား လက်မှတ် မရှိတဲ့ နိုင်ငံသားတွေ အပုံကြီးမို့ နိုင်ငံသား လက်မှတ် ကိုင်မှ နိုင်ငံသား ဖြစ်တာ မဟုတ်။ လူသား လက်မှတ် မကိုင် သော်လည်း လူလို ကျင့်ရင် လူဖြစ်တာမို့ ပေါက်ကရ အတွေး တွေကို လျှော့ရင်း ကုသိုလ် ကောင်းမှု လုပ်တိုင်း ယမမင်းခေါ် သေမင်းကိုသာ အမျှတွေ ပေးနေမိ ပါတော့သည်ရှင်။


5 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

မလှိုင်.. ဒီပိုစ့်ကို စိတ်ဝင်စားစွာဖတ်ရှုသွားပါတယ်..
ယမမင်း မဟုတ်ပဲ different plane/dimension တွေကြားက တာဝန်ကျ တံခါးစောင့်တို့၊ လက်မှတ်စစ်တို့လဲ ဖြစ်နိုင်တာပေါ့နော်…။ သူ့ကို မေတ္တာမျှထားတာကို အမှတ်ရပြီး ပြန်လွှတ်လိုက်တယ်ထင်ရဲ့။ ပထမဆုံး ဗုဒ္ဓဘာသာဝင် တစ်ယောက်ထံက လှိုင်ခေါင်းတဘက်က အလင်းမြင်ရခြင်းဆိုတာကို ကြားရခြင်းပဲ။
ဘယ်ဘာသာဝင်မဆို လှိုင်ခေါင်းနဲ့ အလင်းကိုမြင်ကြတာ ထူးဆန်းတယ်။ ဘာသာတရားတွေ အားလုံးအပေါ်မှာထားတဲ့ ကျွန်မခံယူချက်ကို ပံ့ပိုးမှုတစ်ခုပဲ။
ကျွန်မဒီပိုစ့်လေးကိုဖတ်ရတာ စိတ်ချမ်းသာမှုတစ်ခုနဲ့ပြန်သွားတယ်…

M.Y said...

ဖြစ်နိုင်တဲ့အကြောင်းတစ်ခုပါ။
လူတစ်ဦးဟာ သေငယ်ဇောနဲ့ မျောနေချိန်၊ဝေဒနာပြင်းပြနေချိန်မှာ နမိတ်များပြတတ်တယ်လို့ ဖတ်ရပါတယ်။ တမလွန် လို စာအုပ်မျိုး မှာ ဖြစ်ရပ်မှန်တွေလဲ ရေးသားထုတ်ဝေ ကြ ခဲ့ဖူးပါတယ်..
ကောင်းမှုကုသိုလ်စိတ်ကလေးအကျိုးပေးတယ်ဆိုတဲ့သာဓက လို့ ဆိုရင်ရမလားပဲ..

ခင်မင်းဇော် said...

အီး အမဆိုရင်တော့ ဒွတ်ခ၊
သူ့ကို တခါမှ အမျှမဝေခဲ့၊ ကုသိုလ်ရအောင်လဲ ဘာမှ မလုပ်ဖြစ်။ အတွေးထဲမလဲ ဟိုကောင်တွေကို ဘယ်လို ချရပါ့ ချည်းပဲ ဆိုတော့..........
မမ ကြောက်ကြောက်......

Mr.Pooh said...

i like this post so muccccccccch . :)

ဂျေဂျေ said...

ေ၈ျလဲ နေမကောင်းဖြစ်တုံးက ညီမလေးလိုဘဲ တဖြည်းဖြည်းနဲ့ ကိုယ်ခနွာကို အပေါ်က မြင်နေရတယ် အာကာသထဲလေလွှင့်နေသလို မျောနေတယ် လမ်းလျောက်နေတာမဟုတ်ဘဲ သူရဲကားထဲကလို့ အလိုလို ရွှေ့ နေတာ ရင်ထဲမှာ စိတ်ထဲမှာ ဘာမှ မရှိဘူး ပေါ့ပါးပြီး စိတ်ထဲရှင်းလင်း နေတယ် မှောင်နေပေမဲ့ မြင်နေရတယ် နောက်တော့ ငါအသက်ရှင်နေသေးရဲ့လား ဆိုတဲ့ အတွေးပေါက်လာတာနဲ့ ချက်ချင်းဆိုသလို မှောင်နေတဲ့ နေရာ ရုတ်ခြည်းပျောက်သွားတယ် ဇတ်ကနဲဆိုသလိုလို တဖြည်းဖြည်းလိုလို နဲ့ ကိုယ်ထဲ ပြန်ဝင်လာတယ်။ မျက်လုံးပွင့်လာတယ်။