Tuesday, September 11, 2007

ငရဲကို တိုက်ရိုက်ကျတဲ့ အကြီးဆုံး အကုသိုလ် ကံကြီးများ

ဘယ်လို ကုသိုလ် ကောင်းမှုပဲ လုပ်လုပ် ငရဲကျမယ့် ကံကို မတားနိုင်တဲ့၊ နောက်ဘ၀မှာ ငရဲကို ကျကို ကျ မယ့် ကံကြီး ငါးပါး ရှိပါသေးတယ်။ ပဉ္စာ နန္ဒိယကံ ဆိုတာ ကြားဖူးကြမှာပါ။ အဲဒီ ကံကြီး ငါးပါးကတော့


ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း ငါးပါးသီလ ကို မဆိုတတ် ရင်တောင် သတ်၊ ခိုး၊ ကာမေ၊ မုသား၊ သေ လို့ အတို ကောက်အနေနဲ့ သိကြပြီး ဒီအမှုတွေကို ကျူးလွန်ရင် ငရဲကျ တတ်မှန်း သိပြီးသားပါ။ ဒါပေမယ့် ဒီငါးပါး သီလကို ချိုး ဖောက်ပြီး ကုသိုလ် ကောင်းမှုပါ လုပ်ခဲ့ရင် သေခါနီး ဇောကျမှု အပေါ် မူတည်ပြီး သေပြီးနောက် ကပ်လျက် ဘ၀မှာ ငရဲ မကျ သေးဘဲ ကောင်းရာ သုဂတိဘုံကို ရောက်နိုင်ပါသေးတယ်။ နောက်ဘ၀များ ရောက်မှ ငရဲကျတတ်ပါတယ်။

ဒါပေမယ့် ဘယ်လို ကုသိုလ် ကောင်းမှုပဲ လုပ်လုပ် ငရဲကျမယ့် ကံကို မတားနိုင်တဲ့၊ နောက်ဘ၀မှာ ငရဲကို ကျကို ကျ မယ့် ကံကြီး ငါးပါး ရှိပါသေးတယ်။ ပဉ္စာ နန္ဒိယကံ ဆိုတာ ကြားဖူးကြမှာပါ။ အဲဒီ ကံကြီး ငါးပါးကတော့ ဘုရားကို သွေးစိမ်း တည်အောင် ပြုခြင်း (ဒီမျက်မှောက် ခေတ်မှာ ဘုရားမပွင့်လို့ လုပ်လို့ မရလို့ လွတ်ကင်း ပြီးသားပါ)၊ မိစ္ဆာ အယူကို ယူမှု ၊ သံဃာကို သင်းခွဲခြင်း (ညီညွတ်နေသော သံဃာကို စိတ်ဝမ်းကွဲအောင်၊ သံဃာကို လူထုက အကြည် ညို ပျက်ပြားအောင် ပြုခြင်း)၊ အမေကို သတ်ခြင်းနဲ့ အဖေကို သတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံကြီး ငါးပါးကို ကျူးလွန် ပါက ဘယ်ကုသိုလ် ကောင်းမှုနဲ့မှ ကံအကျိုးပေးကို မတား နိုင်ဘဲ လက်ရှိ မျက်မှောက် ဘ၀မှာ အသေဆိုးနဲ့ သေပြီး နောက်ဘ၀မှာ တခြားငရဲမဟုတ်ဘဲ မဟာ အ၀ီစိ ငရဲကို တိုက် ရိုက် ကျရောက် တတ်ပါတယ်။ ငရဲ ကျချိန် ကလဲ တကမ္ဘာစာ အချိန် ကြာအောင် ငရဲကျ ပါတယ်။ အကုသိုလ် တွေ ထဲမှာ အကြီးဆုံး အကုသိုလ် ဖြစ်လို့ ငရဲသက် အရှည်ကြာဆုံး ခံကြရ ပါတယ်။
ဒီကံငါးပါးထဲမှာ မိသတ်၊ ဖသတ်၊ သံဃာ သင်းခွဲ၊ ဘုရား သွေးစိမ်းတည်၊ မိစ္ဆာဒိဌိ အယူကိုယူခြင်း ငါးမျိုးထဲက ရှေ့ လေးမျိုး (မိစ္ဆာဒိဌိ အယူကိုယူခြင်းက လွဲလို့) ဟာ တကမ္ဘာစာ ငရဲခံရ ပေမယ့် ငရဲကျတဲ့ နေ့ပြီး နောက်တစ်နေ့ ကမ္ဘာ ပျက်ရင် ဒီငရဲကို ဆက်ခံစရာ မလိုတော့ ပါဘူး။ သူ့ရဲ့ ငရဲကျချိန် တကမ္ဘာက လက်ရှိ တကမ္ဘာစာ အချိန်ပဲ ငရဲကျတာပါ။
ကံငါးပါး ထဲက မိစ္ဆာဒိဌိ အယူကို ယူခြင်းထဲမှာ မိစ္ဆာဒိဌိ ၆၂ပါး ကို ဆိုလိုပါတယ်။ ဒီ မိစ္ဆာဒိဌိ ၆၂ပါးထဲမှာ အပြင်းထန် ဆုံးနဲ့ အဆိုးရွားဆုံး မိစ္ဆာဒိဌိ ဖြစ်တဲ့ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်ဟု ပြောဆို သတ်မှတ် လက်ခံ ယုံကြည်တဲ့ နိယတ မိစ္ဆာဒိဌိဟာ အကုသိုလ် အပြစ် အကြီးလေးဆုံး ဖြစ်ပြီး ငရဲသက် အကြာဆုံး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီနေ့ သေလို့ ငရဲကျပြီး မနက်ဖြန် ကမ္ဘာ ပျက်ခဲ့လဲ အရင်က ကံလေးပါးလို ငရဲက မလွတ်ဘဲ နောက်တစ် ကမ္ဘာကို ပြောင်းပြီး တကမ္ဘာစာ အချိန် မကုန် မချင်း ငရဲခံ ရပါတယ်။ အပြင်းထန်ဆုံး အကုသိုလ် ဖြစ်သလို ကြောက်စရာ အကောင်းဆုံး၊ အချိန် အရှည်ကြာဆုံး ငရဲကျခြင်းနဲ့ အကျိုးပေးပါတယ်။ အထက်ပါ အချက် များ ဟာ ဘုရားဟော ဗြဟ္မသာလ သုတ် လာ တရားတော်များပါ။

ဒါ့အပြင် ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာမှာ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ သည်လေးဟူ တူတူ အ ကျိုး ရတတ်သည် ဆိုတဲ့ အတိုင်း ကိုယ်တိုင်လုပ်သူ၊ လုပ်ဖို့ တိုက်တွန်းသူ၊ လုပ်တာကို ချီးမွမ်းသူ၊ ဒီလို လုပ်တာကို သဘောတူသူ လေးဦးတို့ဟာ လုပ်ရပ်တစ်ခုရဲ့ အကျိုးပေး ရလာဒ်ကို ကုသိုလ် ကိုရော အကုသိုလ် ကိုပါ တန်ပြန် အကျိုးကို တူတူ ခံစား ရတတ် ပါတယ်။ ဒီတော့ အထက်ပါ လုပ်ရပ်များကို ပြုလုပ်သူ များဟာ ငရဲကို တူတူကျမယ့် သူများသာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ရှင်အာနန္ဒာလောင်း ရုစာဒေ၀ီ မင်းသမီးဟာ သူ့ဖခင် ဘုရင်ကြီး အယူလွဲမှားစဉ်က ဘုရင်တစ်ပါး အယူမှားရင် သူ့အာဏာစက် တည်ရာ တိုင်းပြည် တစ်ခု လုံးကို အာဏာ သုံးပြီး ဘုရင့် အယူကို ယူစေ တတ်လို့ တိုင်းပြည် တစ်ခုလုံးက တိုင်းသူ ပြည်သားတွေ အယူမှားပြီး သတ္တ၀ါတွေ သံသရာ တစ်ခုလုံး မှောက်မှား ကုန်ကြမှာ စိုးရိမ်တဲ့အတွက် သူ့ဖခင် ဘုရင်ကြီး အယူတည့်မတ်စေဖို့ သစ္စာ ဆိုခဲ့ ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓ သာသနာ အပြည့်စုံဆုံး ထွန်းတောက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ ၀ိနည်းမှာ သီရိလင်္ကာ၊ သုတ္တန်မှာ ထိုင်း၊ အဘိဓမ္မာ မှာ မြန်မာလို့ ဆိုရိုး ရှိဆဲပါ။ ပဋိယတ်၊ ပဋိပတ် နဲ့ ပဋိဝေဓ ၃ပါး လုံး ပြည့်စုံ လိုလျှင် ကမ္ဘာ တစ်ဝှမ်းက မြန်မာပြည် ကိုသာ လာရ စမြဲပါ။ ၀ိပဿနာ တရားတော်ကို အားထုတ်ချင်တဲ့ သူတိုင်းဟာလည်း ကမ္ဘာ အရပ်ရပ် ကနေ မြန်မာပြည် ကိုသာ လာနေ ရဆဲပါ။ ဒီသာသနာ တော်ကို စောင့်ရှောက် တာ၊ ဒီ ဘုရားရဲ့ တရားတော် ဖြစ်တဲ့ ပိဋကတ် သုံးပုံကို စောင့်ရှောက်တာ သံဃာတော်များပါ။ ဒါကို ဗေဒင် လေးပုံ ကို စောင့်ရှောက်တဲ့ သူရဿတီ နတ်သမီးနဲ့ မှားပြီး လူအများ သတ်မှတ် ခံရ တာကို အမှား မခံ နိုင်တဲ့ ဆရာတော် ရဝေထွန်းက သေချာ ပြတ်သားစွာ မြတ်မင်္ဂလာ စာစောင်မှာ ရှင်းပြ ခဲ့ပြီး သားပါ။ ဒီလို သာသနာတော်ကို စောင့် ရှောက်တဲ့ ရတနာသုံးပါး စာရင်းဝင် သံဃာတော်ကို ဘယ်လောက် လေးစား မြတ်နိုးဖို့ တန်ဖိုးထား ကိုးကွယ်ဖို့ ကောင်းလှ ပါသလဲ။
ဒါပေမယ့် ၁၉၉၀ ပြည့်လွန် နှစ်များ ကတည်းက သံဃာထုကို အထင် လွဲစေဖို့ ဖန်တီး လာခဲ့ တာကို တွေ့လာ ရပါတယ်။ နိုင်ငံတော် သံဃ မဟာ နာယက ပဲခူးမြို့မ ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိ ဈာပနကို ကမ္ဘာအေးက မဟာ ပါသဏ လိုဏ် ဂူတော် ကြီးထဲမှာ အပူဇော်ခံပြီး ကမ္ဘာအေး ကုန်းမြေမှာပဲ ကျင်းပခဲ့ပါတယ်။ အဲဒီနေ့ ညက လူတွေ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။ သံဃာတော်တွေ အများကြီး လာဖူး တာလဲ တွေ့ရသလို လူကြားထဲ သံဃာ့ အသွင်နဲ့ လူ့အမူအ ရာ ရှိတဲ့ သင်္ဃန်းဝတ် တွေကိုလည်း အများကြီး တွေ့ရပါတယ်။ ညလူခြေ တိတ်ချိန် သန်းခေါင် နား နီးတော့မှ FAW တံဆိပ် စစ်လော်ရီ ကားကြီး တွေပေါ်မှာ ကတုံးနဲ့ ယူနီဖောင်း ၀တ်များကို ကား ၃စီးတိုက် တွေ့လိုက် ရပါတော့တယ်။

အဲဒီ ဆယ်စုနှစ် ထဲမှာပဲ ဂျပန်ဘာသာ သင်တန်း တစ်ခုမှာ အကူ ဆရာမ လုပ်ခဲ့တုန်းက သင်္ဘောသား တဖြစ်လဲ သင်တန်းသားတွေ ကြုံဖူး ပါတယ်။ နိုက်ကလပ်မှာ ကနေတဲ့ ဆံပင်တုနဲ့ လူကို ထိပ်ပြောင်လို့ မှတ်တာ ခါးဖက်မှ ခါးပန်း ကြိုးကို စမ်းမိသတဲ့။ ဘတ်စကား ပေါ်မှာလဲ နှမချင်း မစာနာ မိန်းကလေးကို နောက်က ထောက်တဲ့ သင်္ဃန်း ၀တ်တွေ ကိုလည်း တွေ့ရပါရဲ့။ ကုန်ကုန် ပြောရရင် ဆေးရုံကြီး အရေးပေါ် ဌာနကို မနက် ၃နာရီကြီးမှာ ကွမ်းဝယ်ဖို့ လမ်း လျှောက်အထွက် အခြောက် ကိုက်လိုက် လို့ပါ ဆိုတဲ့ မလုံလွန်းတဲ့ အကြောင်း ပြချက်နဲ့ လူကြား မကောင်းတဲ့ ပြဿနာနဲ့ ရောက်လာတဲ့ သင်္ဃန်းဝတ်တွေ၊ မေးတိုင်း ဘယ်ကျောင်းတိုက် ကပါလို့ ဘယ်တုန်း ကမှ မဖြေနိုင်တဲ့ ဒီ သင်္ဃန်းဝတ် တွေ ဘယ်က ရောက်လာ ပါသလဲ။

ချစ်သူချင်းကို အထင် လွဲအောင် သွေးခွဲရင် ဘ၀ အဆက်ဆက် လူမုန်း များခြင်း၊ ကိုယ်တိုင်လဲ ချစ်သောသူနဲ့ ကွေကွင်း ရခြင်း ဆင်းရဲ တို့ကို ခံစားရ တတ်တယ်လို့ ငါးရာ ငါးဆယ် နိပါတ် တော်လာ ဆုံးမစကား တွေမှာ ပါလေ့ရှိပါတယ်။ ငါးရာ့ ငါးဆယ် နိပါတ်တော် များဟာ ဘုရားဟောပါ။ လူလူချင်း သွေးခွဲတာ ထက် သံဃာကို သွေးခွဲတာ ပိုဆိုး လှပါတယ်။ ပဉ္စာ နန္ဒိယ ကံကြီးကို ထိုက်တာပါ။ သံဃာထုကို သံဃာတုနဲ့ ပြန်ခွဲပြီး နှိမ်နင်းဖို့ သံဃာ့ စွမ်းအားရှင် ဖွဲ့တယ် ဆိုတာ အလွန် ဆိုးရွား ယုတ်ညံ့ ကံကြီး ထိုက်တဲ့ လုပ်ရပ်ပါ။ ဒီလိုအလုပ်ကို ရက်ရက် စက်စက် လုပ်ရက်တာ ဘယ်သူ့ အမိန့်ပါလဲ။ ဘယ်သူ့ အကြံပေး ချက်ပါလဲ။

သံဃာကို သံဃာမှန်း မသိလို့၊ သံဃာ ဂုဏ်ရည်ကို သေချာ မသိလို့၊ ဒါမှ မဟုတ် ကိုယ်တိုင် သံဃာ ဖြစ်ခဲ့ဖူး တုန်း က ကိုယ့်စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ပြုပြင် စေချင်တဲ့ သံဃာ များကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ဖူး တာကို အခဲ မကျေနိုင်၊ အသိတရား မရနိုင် သေးဘဲ သံဃာကို လက်စား ချေချင်လို့ တမင် သက်သက် ဒီလို လုပ်တယ် ဆိုရင်ဖြင့် နိယတ မိစ္ဆာဒိဌိ အဖြစ် အကျုံးဝင် ဖြစ်နေပြီ လို့ပဲ ပြောရပါ တော့မယ်။ ဘာကြောင့်လဲ ဆိုတော့ သံဃာကို သံဃာအဖြစ် သံဃာ့ဂုဏ်ရည်ကို တကယ့်ကို သိနေရင် ဒီလို လုပ်ရဲမှာ မဟုတ်တာ သေချာလို့ပဲ ဖြစ်ပါတယ်။ ဒါ့အ ပြင် သံဃာကို သင်္ဃန်းဝတ်နဲ့ ဆင်တူယိုးမှား ဖြစ်လေဟန် အထင်မှားအောင် စီမံပြီးမှ ခုလို သံဃာကို ရန်လုပ် ရိုက် နှက် ခိုင်းရင် လည်း ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူသူ အားလုံး ငရဲကျမှာ ဖြစ်ပါတယ်။ ငရဲကျချိန်ကလဲ ဒီကမ္ဘာ ပျက်လို့တောင် ငရဲသက် မရပ်ဘဲ တခြားကမ္ဘာကို ပြောင်းခံရ လောက်အောင် ကြာလှတဲ့ ငရဲပါ။ ဒါ့အပြင် မသေခင် ခင်ပွန်းကြီး ဆယ်ပါးကို ပြစ်မှားမိသူတို့ရဲ့ အကျိုးပေးများဖြစ်တဲ့ ဦးယဉ်းခေါင်းခဲနာ၊ သွေးအန်သော ရောဂါ၊ နေအိမ် မီးလောင်ခြင်း၊ စီးပွားပျက်ခြင်း၊ ချစ်သောသူနဲ့ ကွေကွင်းခြင်း၊ အစရှိတဲ့ အကုသိုလ် အကျိုးပေးတွေကို ခံစား ကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပစ္စုပ္ပန်မှာရော သံသရာမှာပါ အကျိုးပေး ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူသူ အားလုံးကို ကရုဏာ ရှေ့ထားပြီး သတိပေး လိုက်ရ ပါတယ်ရှင်။

(ဒီလိုရေးနိုင်အောင် ဘုရားဟော နိပါတ်တော်တွေနဲ့ သုတ္တန်တွေကို တိတိကျကျ ရှာပေး ဟောပေးတဲ့ ဆရာတော် ဦးဇောတိက ကို ကျေးဇူး အထူး တင်ရှိပါတယ် ဘုရား)

1 comment:

Anonymous said...

တန်ဖိုးရှိတဲ့ ပို့ (စ) တစ်ခုပါပဲ။ ငရဲ အကြောင်း ကို သေချာလေ့လာမှတ်သားသွားပါသည်။