ပြ ည်သူ့ တပ်မတော်ကို ချစ်ပါရစေ
ပို့စ်လေးတစ်ခုကို ဖတ်ပြီး တွေးမိတဲ့ အတွေးလေးတွေပါ။ လူထု ဆက်ဆံရေးမှာ သူများပြောလို့ အထင်လွဲရင် ခဏပေါ့။ အဖြစ်မှန် ဆိုတာ သတင်းနဲ့ နည်းပညာ ခေတ်ကြီးမှာ အချိန်တိုတွင်း ပြန်ပေါ်လေ့ ရှိပါတယ်။ ဒီတော့ အထင်လွဲနိုင်လှ ခဏပေါ့။ ကျွန်မ ကိုယ်တိုင်လဲ မကြာခဏ အထင်လွဲလေ့ အထင်လွဲ ခံရလေ့ ရှိတာမို့ ဒီ သဘော တရားကို ကောင်းကောင်း နားလည်ပါတယ်။ အထင်လွဲလှ ခဏပေါ့။ အကြောင်း ကြီးရင် ကြီးသလို၊ တဖက်သားက ဉာဏ်များရင် များသလို အဖြစ်မှန် ပြန်ပေါ်တဲ့ အချိန် အတိုအရှည် ကွာတတ် ပါတယ်လေ။
ခုတော့ ပြည်သူ ချစ်သော တပ်မတော်ကနေ ပြည်သူ မုန်းသော တပ်မတော် ဖြစ်နေရတာ ၁၉နှစ်ကျော် ခဲ့ပြီ။ မုန်းသူကလည်း တစ်ယောက် နှစ်ယောက် တဖွဲ့ နှစ်ဖွဲ့ လူမှု အဖွဲ့အစည်းလေး တစ်ခု နှစ်ခု မဟုတ်။ တပြည် လုံး ဆိုတော့ တခုခု တော့ လွဲမှား နေတာ သေချာ ပါတယ်လေ။ အချိန်ကလဲ တစ်နှစ်၊ နှစ်နှစ် မဟုတ်။ ၁၉နှစ် တောင် ဆိုတော့ အဖြေ ထွက်သင့် နေပါပြီ။ အမုန်းခံ ရသူ များလဲ ခံစားချက်တွေ ပြင်းနေ လောက်ပါပြီ။ ကိုယ့် ကို လူ အထင်လွဲခံရလို့ အမုန်း မျက်လုံးနဲ့ ကြည့်ခံရရင် ဘယ်လောက် ပူလောင်တယ် ဆိုတာ ကိုယ်ချင်း စာ မိပါတယ်။ အဖြစ်မှန်ကို ပြန်ရှင်းပြ ချင်ကြ တာလဲ လူတိုင်းပါ။ ခုတော့ အဖြစ်မှန်က ရှင်းပြစရာ မလိုဘဲ ပြည်သူက သိနေပါတယ်။ ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူ့ တပ်မတော်ကြီး ကို ပြည်သူ့ရင်ခွင်ထဲ ပြန်ရောက်စေချင်တာ အမြင်ကျယ်တဲ့ လူတိုင်းပါပဲ။
တပ်မတော်သားတွေကို တောထဲပို့ လူထုနဲ့ အဆက်အသွယ် ဖြတ်ပြီး လူထုရဲ့ ဘ၀ ဖြစ်ရပ်မှန်နဲ့ ခံစားချက်ကို မသိအောင် လုပ်ထားပြီး ကိုယ်ပြောသမျှ နားဝင်စေတာ၊ အဖြစ်မှန်ကို ရှင်းပြတဲ့ လူတွေ ကိုတော့ တပ်မတော် ဖြိုခွဲမည့် အကြံ တို့လက်မခံ ဆိုပြီး အတင်း မျက်စိနဲ့ နားကို ပိတ်ထား စေတာ (ကာလာမသုတ် ကို လက်ကိုင် ထားခွင့် မပေးရဲ တာပါ) ၊ ပြည်သူနဲ့ ထိတွေ့ခွင့် မရအောင် တပ်မတော် သားတွေကို အပြင် ထွက်ခွင့် ပိတ်ထား တာ၊ မျက်စိပိတ် နားပိတ် ဖြစ်နေတဲ့ တပ်မတော် သားတွေကို လက်ကိုင်တုတ် တပ်အဖြစ် အသုံးချတာ စတာ တွေကို မြင်နေရတဲ့ ပြည်သူ တစ်ယောက် အနေနဲ့ တပ်မတော်ကို များများကြီး ကိုယ်ချင်းစာ ပါတယ်။
(တပ်မတော် သားတွေကို နှိမ်တာ မဟုတ်ရပါဘူးရှင်.. မိန်းမလည် တွေကြားက စကားတစ်ခွန်းကို ဖောက်သည် ချခွင့် ပြုပါ။ ဘယ်လောက် နာမည်ပျက်ပျက် အနည်းဆုံး စစ်ဗိုလ်ကိုတော့ ရအောင် ယူနိုင်ပါသေးတယ် ဆိုတဲ့ စကားပါပဲ။ မိန်းမဆိုရင် ထမီစွန်း မြင်ရရင်တောင် ရင်ခုန်တယ် ဆိုတဲ့ စကားကလဲ မေမြို့ က ထွက်လာတဲ့ စကားပါ။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်လွန်းလို့ မိန်းမ မာယာကို မသိနိုင်တဲ့ စစ်ဗိုလ် စစ်သားများကို မောင်ချင်း အကိုချင်း ကိုယ်ချင်းစာ လှပါတယ်)။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ တပ်မတော် တစ်ရပ်လုံးကို လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော်ကလို ပြည်သူချစ်သော ပြည်သူ့ တပ်မတော် ဖြစ်စေ ချင်တာ ပါပဲ။ တပ်နဲ့ ပြည်သူ သွေးကွဲ နေတာကို တကယ်ကို ဆက်မကြည့် ရက်လို့ပါ။ တပ်နဲ့ ပြည်သူ သွေးကွဲစေတဲ့ တကယ့် ဖြစ်ရပ်မှန် တွေထဲက တချို့ကို အဲဒီပို့စ်မှာ ဖတ်နိုင် ပါတယ်ရှင်။
No comments:
Post a Comment