ကျေးဇူးကမ္ဘာ ကုမုဒြာ
ပီဘိကျောက်တောင်ကမူပေမို့
ကြမ်းတမ်းပုံ "ကြာ"နဲ့မလိုက်တာမို့
ရွက်မာသာ ပြိုင်းပြိုင်းကျတော့တယ်
မြင်တကာ ငြိုငြင်ကြပေလိမ့်
ရနံ့ကြိုင်ကြာဖြူပန်းကိုလ
ရှာမမြင် ကြာပင်ကွဲ့ "ကုမုဒြာ"
သူတကာလို နွံမှာမပွင့်ရပေဘု
ဖော်ဖက်ကယ် မရှိပါဘဲ
တကိုယ်တည်း ပေါက်ရရှာ
ထီးကျန်စွာရှိမြဲ
ပွင့်ဖို့ငယ်ကံကြမ္မာ
ဖန်မလာ ရှိဆဲပေမို့
နေရောင်မှာ ၀ှက်ကာပုန်းရတယ်
လေပြင်းက တိုက်သေးတာ ပန်း "ကုမုဒြာ"
နေ့အခါ နေရှိန်ပြင်းတာကြောင့်
ညှိုးလျော်ကာ နွမ်းကာနုံးပေမဲ့
ညအခါ လရောင်အေးတာကြောင့်
ဖူးအာလို့ လန်းကာပွင့်ရတယ်
တောင်ထိပ်က "ကုမုဒြာ"
လပြည့်ည လရောင်အေးရယ်က
ကြင်နာစွာ မေတ္တာပေးတာမို့
ရနံ့ငယ် တကြူကြူနဲ့
မြင်သူတကာ ရင်မောရပေလိမ့်
ပန်းဖြူနု "ကုမုဒြာ"
လှနုဘွဲ့ အစုံစုံငယ်
အံ့လောက်စရာ ဒီရနံ့ရယ်နဲ့
ငေးလောက်ကဲ့ အလှရတနာ
ယှဉ်ဘက်စရာ ဘယ်ခါမှာမြင်မတွေ့နိုင်ဘု
တကြိမ်မြင် မေ့ရန်ခက်ပါလိမ့်
ခါမကြုံလို့ မပွင့်သေးတာ
ပြစ်တင်စရာ မဟုတ်ပေဘု
ခါခွင့်ကြုံ မာန်ဟုန်ထလို့ရယ်
ပွင့်ရှာတဲ့ "ကုမုဒြာ"
ကျေးဇူးကမ္ဘာပါကွဲ့
မင်းကြောင့်သာ အားမာန်တိုးပါလို့
တို့မျိုးဂုဏ် တိုးကာမြင့်ဖို့ရယ်
ကြိုးစားစို့လေး။ ။
No comments:
Post a Comment