ချိန်တန်ပြီ
သတ္တလောကမှာ
ကျွန်တော့်နာမည် အများဆုံးထင်ရဲ့
လူဆိုတဲ့သတ္တ၀ါတွေလေ
ကျွန်တော့်ကိုနာမည်မျိုးစုံခေါ်ဝေါ်ကြတာကို
ကျွန်တော်အကုန်ဘယ်သိနိုင်ပါ့မလဲ
ဘောလုံးပွဲဆိုတာ
ကစားသမားထက် ပရိသတ်ကပိုမြင်ကြသတဲ့
ကိုယ်တိုးတက်ရာကိုယ်မလုပ်ကြဘဲ
ကျွန်တော့ဘ၀ကိုစပ်စုမှတ်တမ်းတင်ကြရဲ့။
သူတို့ကြောင့်ပဲ သူတို့သိကြရ
ငယ်ဘ၀အစက
လိပ်ပြာဥဆိုတဲ့ကျွန်တော်
ပိုးတုံးလုံးဘ၀ကို ဖြတ်ကျော်ပြီး
လက်ရှိဘ၀က ဘောက်ဖတ်တဲ့
စေးကပ်တဲ့အမျှင်တွေထုတ်ရင်း
ကိုယ့်ကိုယ်ကိုရစ်ဖွဲ့မိလို့
ကိုယ့်ထောင်နန်းကိုယ်ဖန်တီးရင်း
ကျွန်တော်အချုပ်မိနေတာကြာပေါ့။
ဘယ်တော့များမှာ ရောင်စုံဖြာတဲ့
ပန်းဥယျာဉ်ထဲ ၀ဲကာပျံရင်း
ပန်းဝတ်ရည်ချိုကိုသောက်သုံး
ပန်းဝတ်မှုန်တို့ကိုစားသုံးလို့
တောင်ပံဆန့်ရင်းခရီးနှင်
ကျယ်ပြောတဲ့ကောင်းကင်ပြင်မှာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်
ရီဝေေ၀မျှော်ကာကြည့်ရင်း
ဘောက်ဖတ်အိမ်ထဲက ကျွန်တော်
ရုန်းထွက်ဖို့ကြိုးစားကြည့်နေတယ်။
ကျွန်တော့်ရဲ့မျိုးဗီဇ မညံ့တာသေချာပါရဲ့
နောင်တော်တွေအသီးသီး
ပိုးအိမ်ထောင်နန်းထဲက ဖောက်ထွက်ရင်းပျံသန်း
ယောင်ကန်းကန်းမျက်ဝန်းနဲ့ ငေးမိရဲ့။
ပိုးတုံးလုံးဘ၀ကများအာဟာရချို့တဲ့ခဲ့လေရော့သလား
ပိုးမျှင်တွေကပဲ သိပ်ကိုခိုင်ခန့်ခဲ့လေသလား
အားကုန်ထုတ်ရုန်းပေမယ့်လည်း
ပိုးအိမ်ကတော့ ခိုင်မာနေဆဲ
ပြန်မရနိုင်တဲ့အချိန်တွေလည်း ကုန်လှပေါ့။
လူတွေကပြောကြရဲ့
အားကုန်ထုတ်လို့မရုန်းနိုင်ရင်
သေပွဲဝင်ရတဲ့ကောင်စား
သည်လိုဘောက်ဖတ်များလှပေါ့တဲ့။
ကဲ!!! ငါယက်လုပ်တဲ့ပိုးအိမ်ရေ
အရေစုတ်လို့အရိုးကြေစေတော့
ကျယ်ပြောတဲ့ကောင်းကင်ပြင်ကို
တားဆီးမဲ့ကြည့်မြင်နိုင်ရုံနဲ့
သည်တန်ကြေးပေးရတောင် တန်ရဲ့
ငါကတော့ကြိုးစားမယ်
မှောင်မဲကျဉ်းကြပ်တဲ့ သည်ပိုးအိမ်ကိုမုန်းတယ်
မလှပတဲ့လိပ်ပြာငယ်
ဖြစ်စေလည်းဖြစ်တော့ပေါ့။ ။
No comments:
Post a Comment