Wednesday, July 4, 2007

ခြံစည်းရိုးပေါ်က သံမှိုရာလေးများ

စိတ်တိုစိတ်ဆိုးလွယ်တဲ့ ကောင်လေးတစ်ယောက်ကို တစ်နေ့တော့ သူ့အဖေက သံမှိုတစ်အိတ် ပေးပြီး ပြောပါသတဲ့။ စိတ်ဆိုးပြီး သည်းမခံနိုင် ဖြစ်တိုင်း သစ်သား ခြံစည်းရိုးရဲ့ နောက်မှာ သံမှိုတစ်ချောင်း ရိုက်သွင်း ခိုင်းတာပါ။ ပထမနေ့မှာ ကောင်လေးဟာ သံမှို ၃၇ချောင်း စည်းရိုးထဲကို ရိုက်သွင်းခဲ့ပါတယ်။ ရက်သတ္တပတ် နည်းနည်း ကြာလာတဲ့အခါ သူဒေါသကို ထိန်းနည်းကို သင်ယူမိခဲ့ တဲ့အတွက် တစ်ရက်ချင်းမှာ သံရိုက် သွင်းရတဲ့ အရေအတွက် နည်းလာခဲ့သတဲ့။ ခြံစည်းရိုးထဲကို သံရိုက်သွင်းရတာ နဲ့စာရင် သူ့ရဲ့ သည်းမခံနိုင်မှုကို ထိန်းသိမ်းရတာက ပိုလွယ်မှန်း ကောင်လေးက တွေ့လာခဲ့သတဲ့။ နောက်ဆုံး တော့ သည်းမခံနိုင်မှု၊ ဒေါသထွက်မှု လုံးဝမဖြစ်တော့တဲ့

နေ့တစ်နေ့ ကောင်လေးဆီကို ဆိုက်ရောက်လာ တော့သတဲ့။ ကောင်လေးဟာသူ့အဖေကိုသည်အကြောင်း ပြောပြတဲ့အခါ အဖေက အဆိုတစ်ခုပြုသတဲ့။ ကောင်လေး ဟာ သူ့ သည်းမခံနိုင်မှုကို ထိန်းချုပ်နိုင်တဲ့ နေ့တိုင်းမှာ သံချောင်း တစ်ချောင်းစီ ပြန်နှုတ်ပစ်ဖို့ပါပဲ။ ရက်တချို့ ကုန်လွန်ပြီး သွားတဲ့အခါ နောက်ဆုံးမှာ သံချောင်းတွေ အားလုံးကို နှုတ်ပြီးသွား ပြီးကြောင်း ကောင်လေး က သူ့အဖေကို ပြောနိုင်လာ ခဲ့တယ်တဲ့။ သည်တော့ ကောင်လေးအဖေက ကောင်လေးလက်ကို ဆွဲခေါ်လာပြီး ခြံစည်းရိုးကို ပြရင်း ပြောပါသတဲ့။ “မင်းလုပ်တာ ကောင်းပါတယ် သားရယ်။ ဒါပေမယ့် ခြံစည်းရိုးက အပေါက် တွေကို ကြည့်စမ်း၊ ခြံစည်းရိုးက ဘယ်တော့မှ နဂိုနဲ့ထပ်တူ ပြန်မဖြစ်နိုင်တော့ဘူး။ သား တစုံတယောက်ကို ဒေါသနဲ့ စကားတွေ ပြောတဲ့အခါမှာ အဲဒီဒေါသ စကားတွေဟာ သည်လိုဒဏ်ရာတွေ ကိုချန်ခဲ့ကြတယ်။ သားဟာ လူတစ်ယောက်ကို ဓားနဲ့ထိုးပြီး ဓားကိုပြန်နှုတ် လိုက်လို့ရပါတယ်။ သားက ဘယ်လောက်ပဲ ၀မ်းနည်းပါတယ်လို့ ပြောစေကာမူ နာကျင်မှု၊ ဒဏ်ရာနဲ့ အမာရွတ် ကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး” တဲ့။ စကားကြောင့် ဖြစ်တဲ့စိတ်ထဲက ဒဏ်ရာဟာ ရုပ်ခန္ဓာပေါ်မှာ ဖြစ်တဲ့ဒဏ်ရာ လောက်ကို ဆိုးတာပါ။ ပိုချင် ပိုပါဦးမယ်။ သူငယ်ချင်းဆိုတာ ရှားပါးတဲ့ ရတနာအစစ်ပါ။ သူတို့တွေဟာ မင်းနဲ့တို့ကို ပြုံးစေတယ်၊ အောင်မြင်မှု တွေရအောင် အားပေးတယ်။ သူတို့နားတွေကိုငှားပြီး ချီးကျူးစကား တွေကို မျှဝေတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ နှလုံးသား တံခါးတွေကို သူတို့ သူငယ်ချင်း တွေဖြစ်တဲ့ မင်းနဲ့တို့အတွက် အမြဲတမ်းဖွင့်ပေး ထားချင်တယ်။ သည်တော့ သူငယ်ချင်းတွေ ကြားက နားလည်မှု အလွဲများကို အေးချမ်းတဲ့ နည်းတွေနဲ့ ဒေါသမစွက်ဘဲ ဖြေရှင်းနိုင်ကြရင် အဖိုးမဖြတ်နိုင်တဲ့ ရှားပါး ရတနာတွေ မဆုံးရှုံး နိုင်တော့ ပါဘူး။ ကျွန်မတို့ တတွေလည်း ရှားပါး အဖိုးတန်တဲ့ သက်ရှိ သူငယ်ချင်း ရတနာများ မဆုံးရှုံးရအောင် တန်ဖိုးထား ကြပါစို့လားရှင်...

No comments: