Sunday, April 17, 2011

သင်္ကြန် လည်ပြန်

သင်္ကြန်ဆိုတဲ့ စကားဟာ မြန်မာလူမျိုးတိုင်းအတွက် အသံလေး ကြားရင်ကို ဟန်မဆောင် နိုင်လောက်အောင် ချစ်မက် မြတ်နိုးကြတဲ့ စကား… သင်္ကြန်ရေသဘင်ပွဲ ကလဲ နှစ်သစ်ကူး ရောက်တိုင်း အထိမ်းအမှတ်အဖြစ် တမြတ်တနိုး တန်ဖိုးထား ဆင်နွဲကြတဲ့ပွဲ… ဒီပွဲကို မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ ရောက်နေကြတဲ့
ပြည်ပရောက် မြန်မာတွေကပါ ဖြစ်နိုင်သည့်နည်းဖြင့် ဆင်နွဲကြသည်။

နှစ်ဟောင်းက အညစ်အကြေးတွေ စင်ကြယ်ပါစေ ဆိုတဲ့ သင်္ကေတ၊ ပူလောင် နေတဲ့ နွေရာသီမှာ အေးချမ်း ပါစေ ဆိုတဲ့ စိတ်စေတနာ … ဒီလောက် လှပတဲ့ အတိတ်နမိတ်တွေနဲ့ ကျင်းပတဲ့ နှစ်သစ်ကူး အတာ ရေသဘင် ပွဲတော် သင်္ကြန်… သင်္ကြန်တွင်းမှာ စတုဒိသာ အလှူပွဲတွေ ခြိမ့်ခြိမ့်သဲသဲ… နွေရာသီ ပူပူမှာ တေဇောဓာတ် လွန်ကဲပြီး ၀မ်းပျက် ၀မ်းလျှော မဖြစ်ကြအောင် မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ တွက်ဆပြီး အချိုကဲတဲ့ ပထ၀ီ ဓာတ် များတဲ့ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးကို စီမံ ဒါနပြုကြသည်။ ၇ရက် သားသမီးများ အေးချမ်း ကြစေဖို့ အတာအိုးထဲ ၇နေ့ ၇နံ ပန်းမန်တွေ စိုက်ကာ သိကြားမင်းကို ကြိုကြသည်။ တနှစ်တာ လုပ်ခဲ့သမျှ ကောင်းတာ လုပ်သူတွေကို သိကြားမင်းက ရွှေပုရပိုဒ်နဲ့ ရေးမှတ် စာရင်းကောက်ပြီး မကောင်းတာ လုပ်သူတွေကို ခွေး သားရေ ပုရပိုဒ်နဲ့ ရေးမှတ် စာရင်းကောက်သည်ဟု အဆိုရှိကြသည်။ သိကြားမင်း တကယ် လာတာ မလာတာ အသာထား … စိတ်ဓာတ် စစ်ဆင်ရေး အရ စိတ်ကောင်း အလုပ်ကောင်း ထားကြဖို့ သိကြားမင်းနဲ့ ချည်တုပ် ထားရာ ရောက်သဖြင့် ကြိုက်သည်။ ဒီလောက် အနှစ်သာရ ပြည့်ဝတဲ့ ဒီသင်္ကြန် ကို ဒီဘက် နှစ်တွေမှာ ဘာကြောင့် များ မူးရူး ရိုင်းစိုင်းနေတဲ့ သရုပ်ပျက် ပုံစံတွေနဲ့ ဆင်နွှဲ ကြတာ ပါလိမ့်…

ငယ်ရွယ်စဉ် ကလေးဘ၀ သင်္ကြန်သည် ရေဖြန်းရုံ ရေလောင်းရုံသာ… မှတ်မှတ်ရရ ၈၈ လူထု အရေးတော်ပုံကြီး အပြီးမှာ သင်္ကြန်သည် စတင် ရိုင်းစိုင်း လာခဲ့သည်။ ခွက်စောင်းခုတ် ပြွှတ်နဲ့ မျက်နှာတွေ နားတွေကိုထိုး တာ တွေ လုပ်လာကြသည်။ ပိုဆိုးသည်က ရေပူဖောင်း ရေထုပ်များ… ၁၉၉၃ သင်္ကြန်က စပြီး ရေပူဖောင်း ရေထုပ် များနဲ့ ပစ်ပေါက် ကစားသူတွေကို ဖမ်းဆီး အပြစ်ပေးနိုင်သည့် အမိန့် ထွက်ပါမှ သက်သာရာ ရသည်။ သို့သော် ဆပ်ပြာမြှုပ် ဖြန်းသည့် ဗူးများဖြင့် မျက်စိထဲ ဖြန်းထည့် ကြသည် အထိ ရိုင်းစိုင်း စိတ်ထား ဆိုးယုတ် လာကြတဲ့ နောက်ပိုင်း သင်္ကြန်ကို ချစ်မြတ်နိုးလှသော ကျွန်မ .. သင်္ကြန်တွင်းမှာ ရိပ်သာ တရားစခန်းသာ ၀င်ဖြစ် ခဲ့တော့သည်။ နောက်ပိုင်း နောက်ပိုင်း နှစ်တွေမှာတော့ မြန်မာ နိုင်ငံတွင်းက သင်္ကြန်တွေက အနှစ်သာရ ကင်းမဲ့ ပျက်သုဉ်း လာခဲ့သည်။ တနှစ်မှ တခါ ပျော်ရတာမို့ ခွင့်လွှတ် နားလည် ပေးပါ၊ ဒီအချိန်လေး စိတ် ထွက်ပေါက် ရှာရတာမို့ ဖြေတွေးပေးလိုက်ပါ ဆိုတဲ့ စကားတွေကို ပြော ထွက် သူတွေကို ကျွန်မ ဘယ်လိုမှ နားမလည်နိုင်… နှစ်သစ်ကူး အခါသမယ မှာ မင်္ဂလာရှိရှိ ကြက်သရေ ရှိရှိ မနေသင့် ဘူးလား… ဒီလို ဟော့ရမ်း သော့သွမ်း နေရမှ ပျော်သတဲ့လား… စိတ်ထွက်ပေါက်က ကောင်းရာ ကောင်းကြောင်း နည်းနဲ့ ထွက်ပေါက် မရှာတတ်ဘူးလား… ကျွန်မ မြတ်နိုးတဲ့ သင်္ကြန်လေး ရုပ်ဆိုး ပျက်စီး ရတာကို နှမြော မဆုံးပါ။

၂၀၁၁ သင်္ကြန်… အမိမြေမှာတော့ ၂၀၁၀ တုန်းက သမိုင်းတခုလုံးမှာ ပထမဆုံး အကြိမ် သင်္ကြန် မဏ္ဍပ် ဗုံးခွဲ ခံရခြင်း အပြင် ၂၀၁၁ သင်္ကြန် မတိုင်ခင်လေး ဗုံးရှာတွေ့တာ တရားဝင် ၂ကြိမ် ဆိုတော့ ပြည်သူ တွေ သင်္ကြန် ရေသဘင်ပွဲကို ဖြောင့်ဖြောင့် ဆင်နွဲဖို့ စိုးရွံ့ကုန်၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာ သင်္ကြန်သည် ဒီလောက်ကို အရုပ်ဆိုး အကျည်း တန် သွားခဲ့သည်။

မမျှော်လင့်ဘဲ အမိမြေက ခွာပြီး နိုင်ငံရပ်ခြားရောက်တော့မှ ဒေသတွင်းနိုင်ငံတွေ ထဲမှာ ရိုးရာ သင်္ကြန်ပွဲ ဆင်နွှဲ တာ တကမ္ဘာလုံးမှာ မြန်မာ ထိုင်း လာအိုနဲ့ ကမ္ဘောဒီးယား လေးနိုင်ငံသာ ရှိကြောင်း သိရသည်။ အဲဒီလေးနိုင်ငံ ထဲမှာ ကျွန်မ လေ့လာရသလောက် မြန်မာ့ ရိုးရာ သင်္ကြန်က အနှစ်သာရ အပြည့်ဝဆုံးလို့ ခံစားမိသည်။ ကိုယ့် ငါးချဉ် ကိုယ်ချဉ်သည်ပဲ ထားပါတော့လေ… ဒီနေရာမှာ ကျွန်မ တွဲမြင်လာတာက ရိုးရာ ယဉ်ကျေးမှု အခြေပြု ခရီးသွားလာရေး လုပ်ငန်း။ နိုင်ငံ အသီးသီးက ရိုးရာယဉ်ကျေးမှု အခြေပြု ခရီးသွား လုပ်ငန်းတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ကြော်ငြာရင်း တဖက်က ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းသလို တဖက်ကလဲ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု နယ်ပယ်ကို ချဲ့ထွင်ရင်း နိုင်ငံတကာ ဈေးကွက်ကို ရယူ ဖို့ ကြိုးစား နေကြသည်။ ဂျပန် ယဉ်ကျေးမှု ကိုရီးယား ယဉ်ကျေးမှု ကျယ်ပြန့်လာတော့ ဂျပန် ပစ္စည်း အစားအသောက်နဲ့ ကိုရီးယား ပစ္စည်း အစား အသောက် တွေပါ ဈေးကွက် တွင်ကျယ် လာတဲ့ နည်းအတိုင်းပင်။

ကျွန်မတို့ မြန်မာနိုင်ငံကတော့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တွေကို ခေတ်မီအောင် ဆိုတဲ့ ထန်းလက်နဲ့ ကာရင်း သရုပ်ပျက် သထက် ပျက်လာ ခဲ့ကြသည်။ ရိုးရာကိုလဲ ဖျက်သထက် ဖျက်လာ ခဲ့ကြသည်။ မြန်မာသံ စစ်စစ် ညက်ညော မြူးကြွတဲ့ သင်္ကြန် သီချင်းတွေ နေရာမှာ အနောက်တိုင်းက အောက်တန်းလွှာ လူတန်းစားတွေ ကြမ်းကြမ်း ရမ်းရမ်း အကြောဖြေ ခုန်ပေါက်ရာမှာ တီးခတ်တဲ့ ဒီဂျေတွေနဲ့ အစားထိုး ရုံမက ရောမွှေ ပစ်ကြ သည်။ မြန်မာ့ရိုးရာ သံချပ်တွေ နေရာမှာ ဟစ်ဟော့ပ်တွေ အစားထိုး ၀င်လာသည်။ မြန်မာအက ခေါင်း၊ ခါး၊ ခြေ၊ လက် စည်းချက် ကျကျ အက တွေ နေရာမှာ ပြည့်တန်ဆာ တန်းက လိင်စိတ် နှိုးဆွ အကတွေက နေရာယူလာ သည်။ မြန်မာရိုးရာ ယဉ်ကျေးမှု အတာ သင်္ကြန် သည်မျှ လောက် အထိ အောက်တန်းကျ သွားခဲ့လေသည်။

ကျွန်မ ထိုင်းနိုင်ငံကို ရောက်စက သင်္ကြန်ကို ကလေးတွေ ရေကစားဖို့ သက်သက်လောက် သဘော ထားပြီး မြို့ကြီးများမှာ ယာဉ်ကြောပိတ်ဆို့မှု ကင်းမဲ့ ခြောက်ကပ်တဲ့ အားလပ်ရက်ရှည် အဖြစ် မြင်တွေ့ နေခဲ့ရတာပါ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်အရှေ့ဘက်က မဟာချိုင် ဒေသမှာ သိန်းချီနေတဲ့ မြန်မာအလုပ်သမား တွေက မြန်မာ့ရိုးရာ သင်္ကြန်ကို မြန်မာ အသိုင်းအ၀ိုင်းထဲမှာ အားရ ပါးရ ဆင်နွှဲ ခဲ့ကြသည်။ စက်ရုံ အလိုက် မြန်မာ အသိုင်းအ၀ိုင်း အလိုက် ယိမ်းက ရေပက် သင်္ကြန်တွင်း တရားစခန်းဝင်၊ ရှင်ပြု ရဟန်းခံ ပွဲတွေကို မြန်မာ ရဟန်းတော်များ ဦးဆောင် ကြီးကြပ်မှုနဲ့ ခမ်းခမ်းနားနား ကျင်းပ ခဲ့ကြသည်။ သူများ နိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမား တွေက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲကို ရိုးရာ မပျက် ထိန်းသိမ်း စောင့်ရှောက်ပြီး ဆင်နွှဲ နေချိန်မှာ မြန်မာနိုင်ငံ တွင်းမှာတော့ တချို့ အမျိုးသမီးတွေက သင်္ကြန်လည်ရာမှာ အင်္ကျီတောင် မပါတော့… တချို့နေရာတွေများ သင်္ကြန် အတက်နေ့မှာ ကိုယ်တုံးလုံး ချွတ်ပြီးတောင် ကကြ သတဲ့… ဖျော်ဖြေရေး နိုင်ငံအဖြစ် နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ ထိုင်းနိုင်ငံ ရဲ့ ပြည့်တန်ဆာ လုပ်ငန်း ထွန်းကားရာ ပတ်တယားက အစည်ကားဆုံး လမ်းဖြစ်တဲ့ walking street မှာတောင် အဆောင်တွေ အခန်းတွေ ထဲမှာသာ ကတဲ့ တိုင်ပတ် ပွတ်သပ် အကကို ရွှေမြန်မာ များက အင်းလျားလမ်း ပေါ်က သင်္ကြန် မဏ္ဍပ် လက်ရမ်းပေါ် တက်ပြီး ပြောမကောင်း မြင်မကောင်းအောင် ကနေတာကို youtube အင်တာနက် စာမျက်နှာပေါ်မှာ ဗီဒီယို အဖြစ်နဲ့ မကြည့်ချင် မြင်လျက်သား တွေ့လိုက်ရသည်။ ပိုဆိုးတာက ဒီအကြောင်း တွေကို ထိုင်းနိုင်ငံ ရဲ့ ရုပ်မြင်သံကြား လိုင်းတွေထဲက တခု ဖြစ်တဲ့ iTV က နိုင်ငံတကာ သိအောင် ထုတ်လွှင့် ကြေညာ လိုက်လေသည်။

အဲဒီနောက် ၂၀၁၁ သင်္ကြန်မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်ဝန် ကိုယ်တိုင်က ဖိတ်ခေါ် ကမ်းလှမ်း လာခဲ့ တော့သည်။ ကမ္ဘာကျော် ချင်းမိုင်သင်္ကြန်ပွဲမှာ မြန်မာတွေကလဲ မြန်မာ့ရိုးရာ မပျက် ပါဝင်ဆင်နွဲ ကြပါတဲ့… သင်္ကြန် အကြိုနေ့မှာ ချင်းမိုင် တမြို့လုံးကို စီတန်း လှည့်လည် ပြီး ရိုးရာ ယဉ်ကျေးမှု ခင်းကျင်းပြသတဲ့ ထွက်တော်မူ သင်္ကြန်ယိမ်း ပြိုင်ပွဲ မှာလဲ မြန်မာ အဖွဲ့က ၀င်ပြိုင် စေချင်ပါတယ်တဲ့။ တသက်နဲ့ တကိုယ် ဒီလို အသိအမှတ်ပြု ဖိတ်ခေါ်တာ မခံရဖူးတဲ့၊ သူများနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား အဖြစ် မျက်နှာ ငယ်ခဲ့ကြ ရတဲ့၊ ကိုယ့်ကိုယ်ကို မြန်မာလို့ အသိခံရရင်တောင် ရဲနဲ့ နတ်ကလိန်လို့ ထိုင်းလိုခေါ်တဲ့ ဆိုးသွမ်း လူငယ်တွေ က အနိုင်ကျင့် ဗိုလ်ကျတာ ခံရမှာ ကြောက်လို့ မြန်မာလို့ မပြောရဲ ခဲ့တဲ့ ရွှေမြန်မာတွေက ခုလို လူရာဝင် လာခဲ့တဲ့ အဖြစ်။ ဒါပေမယ့် အလုပ်ရှင်က ခွင့်ပေး အချိန်ပေးမှ သင်္ကြန် ယိမ်း တိုက်နိုင်မယ့် အလုပ်သမား ဘ၀။ လူစုံမှ ယိမ်းအက တိုက်လို့ ကျင့်လို့ ရမယ့် အခြေအနေ၊ ဘယ်တုန်းကမှ သင်္ကြန် မကဖူးခဲ့တဲ့ ပြည်ပရောက် အလုပ်သမ လေးတွေ၊ ပြီးတော့ ဆင်တူ ၀တ်စား ဆင်ယင်ဖို့ မြန်မာ့ရိုးရာ ၀တ်စုံများ။ လိုအပ်ချက်တွေ မပြည့်စုံ မှုတွေကို အားခဲ ရင်ဆိုင် အပြိုင်နွှဲရမည့် ၂၀၁၁ သင်္ကြန်ပွဲ…

သင်္ကြန်အကြိုနေ့မှာ မိုးက သည်းသည်းမည်းမည်း… မိုးနဲ့ အပြိုင် အာဆီယံ ဒေသတွင်း လေးနိုင်ငံက ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၆၀ က အပြိုင်အဆိုင် ခမ်းနား သိုက်မြိုက်စွာ ငြိမ့်ညောင်း လှပစွာ ရိုးရာ အကအလှတွေနဲ့ တဖွဲ့ပြီး တဖွဲ့ ထွက်လာခဲ့ကြသည်။ လမ်းပေါ်မှာ မိုးအေးလို့ လူက နည်းနေဆဲ…

မြန်မာအဖွဲ့က သင်္ကြန် သင်္ကေတ မြို့မ ငွေငန်းရုပ်နဲ့ အတူ အသံချဲ့စက်ကြီး ရှစ်လုံး ကို ကားပေါ်တင်လို့ သင်္ကြန်မိုး သီချင်းနဲ့ အတူ သင်္ကြန် ယိမ်းအကနဲ့ ဟိန်းထပြီး ထွက်လာခဲ့ လေသည်။




သင်္ကြန်မိုး သီချင်းသံနဲ့ အတူ ချင်းမိုင်ရောက် မြန်မာတွေလဲ နေရာအသီးသီး ကနေ လမ်းပေါ်ကို အုံလိုက် ကျင်းလိုက် ထွက်လာခဲ့ ကြလေသည်။

မြန်မာအဖွဲ့ရဲ့ ရှေ့ဆုံးမှာတော့ သာသနာ့အလံ တလူလူနဲ့ အလံကိုင်အဖွဲ့.. အဲဒီနောက်မှာ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုကြီး ၈စု ကိုယ်စားပြု စုံတွဲ ၈တွဲ… သူတို့နောက် ကပ်လျက်က သာသနာပွဲကိုင် လှပျိုဖြူများ… ပြီးတော့ သင်္ကြန် အတာအိုးကိုင် လှပျိုဖြူများ နောက်ကပ်လျက်က သင်္ကြန်ယိမ်း ကနေကြတဲ့ လှပျိုဖြူများ…

သူတို့နောက်မှာတော့ ငွေငန်းပေါ်က နိုင်ငံတော် ရွှေတံဆိပ်ဆုရှင် မင်းသမီး ချောစုမျိုး… မြိုင်ဆိုင် လိုက်သည့် ဖြစ်ခြင်း…
ချင်းမိုင်မြို့ရဲ့ န၀ရတ် တံတားပေါ် မြန်မာသင်္ကြန်ယိမ်းအဖွဲ့ အရောက်မှာတော့ လမ်းပေါ်မှာ လူတွေက မိုးရေစက်တွေနဲ့ အပြိုင် ပြည့်လျှံလို့…



န၀ရတ်တံတားပေါ်ကနေ ညဈေးရှေ့ … ညဈေးရှေ့ကနေ ချင်းမိုင်မြို့ရိုးဟောင်း ဆီကို ကရင်း လျှောက်ရင်း ရောက်လာခဲ့တော့ တူးပို့သံက ပွဲကြည့် မြန်မာ ပရိသတ်တို့ရဲ့ သံပြိုင် လိုက်ဆိုမှုကြောင့် မိုးခြိမ်းသံကို ကျော်လွန် ဟိန်းထွက် လက်ခုပ် သြဘာသံ ဘ၀ဂ် ညံခဲ့ပြီ။ နားမလည်ဘဲ သင်္ကြန်ယိမ်းအဖွဲ့နဲ့အတူ လိုက်ပါ ကခုန်နေတဲ့ နိုင်ငံခြားသားတွေ.. ရွှေပြည်ဝေး ရွှေမြန်မာတို့ရဲ့ ၀မ်းနည်း ၀မ်းသာ မျက်ရည်တွေက မိုးရေနဲ့ အပြိုင်...



တိုင်းပြည်တွင်း စီးပွားရေး အခြေအနေ ကြောင့် သူများနိုင်ငံမှာ မျက်နှာ အောက်ချ နေခဲ့ရတဲ့ ရွှေမြန်မာတွေ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရာမှာတော့ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၆၀ ထဲမှာ လူသစ်အဖွဲ့သစ် ဖြစ်ပေမယ့် ဆုတံဆိပ် ဆွတ်ခူးခဲ့ပြီ။



အဲဒီလိုပဲ ရိုးရာ ယဉ်ကျေးမှု အခြေပြု ခရီးသွား လုပ်ငန်းကြီး တရပ်လုံးလဲ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဆီ ရွှေ့ပြောင်း သွားခဲ့လေပြီ။

ဘယ်တုန်းကမှ ဘယ်အမျိုးသမီးမှ ပိတောက်ပန်း မပန်တဲ့ ထိုင်းနိုင်ငံ၊ ခုတော့ သင်္ကြန်ကြိုတဲ့ ချင်းမိုင်သူ ရုပ်တု မှာ ပိတောက်ပန်းတွေ ဝေလို့…



8 comments:

KK said...

မျက်ရည်တောင်ကျမိတယ်။ ပြင်ပကမြန်မာတွေက ကိုယ်တတ်နိုင်သလောက် မြန်မာဓလေ့ကိုထိန်းသိမ်း၊ ပြည်တွင်းကလူတွေက နိုင်ငံခြားအားကျ ၀မ်းနည်းဖို့ကောင်းတယ်။ အ၀တ်အစားဆိုလဲ ကလပ်မှာ ၀တ်တဲ့အ၀တ်အစားလား၊ ဆောင်းတွင်းမှာ ၀တ်တာလား မလေ့လာတော့ပဲ စွတ်ဝတ်ပြီး မူးကြ။ ရူးကြဆိုတော့ နောက်ဆို ကလေးတွေကိုတောင် မြန်မာ့သင်္ကြန် ပြချင်ရင် ချင်းမိုင်ပဲ လာပြရမယ့်ပုံပဲ၊။ ရန်ကုန်။ မန်းလေး ကို ကျန်တဲ့အချိန်ပဲလည်ခိုင်းလိုက် တော့မယ်။

Nge Naing said...

ညီမခွန်မြလှိုင်ရေ
အပေါ်က KK ညွန်းလို့ လာဖတ်ဖြစ်ပါတယ်။ ဖတ်ပြီး ကြက်သီးတဖြန်းဖြန်းထလိုက်၊ မျက်လုံးအိမ်မှာ မျက်ရည်စို့လိုက်နဲ့ နှစ်ခြိုက်စွာ ဖတ်သွားပါတယ်။ တကယ်ကို အချက်အလက် ရသ၊ အနှစ်သာရပါပြီး ဇာတိမာန်ကို ဖြစ်စေတဲ့ ပို့စ်လေးကို ဖန်တီးပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။

ကျော်နိုင် said...

ကျွန်တော်လဲ မငယ်နိုင်နဲ့ ထပ်တူ ကြက်သီးတဖြန်းဖြန်း ထ လိုက်ပါတယ်

ကိုလတ်( မိုးသွေးငယ် ) said...

မကြီးငယ်နိုင် ထ တယ်ဆိုတော့ ကျွန်တော်လည်း မထဘဲ မနေနိုင်လို့ ထလိုက်ပါတယ်

ခနွဲ said...

မှန်တာပြော ချမ်းသာရပါစေဗျာ။ ဒီပိုစ်ကို ဖတ်တော့ ကြက်သီးတဖြန်းဖြန်း ထမိပါရဲ့။ မျက်ရည်ကျချင်ချင် ဖြစ်သွားရတာ။ ၀မ်းသာလို့။

Sint Si said...

It's very sad to hear about what is happening in Myanmar. I have the same thought with KK. I would love to show my daughter water festival.

Anonymous said...

What the hell is wrong with you people.Ha Ha..

zinmar said...

ဟုတ်ပါတယ်အစ်မရေအစ်မရေးတာတွေဖတ်ပြီးတော.
ညီမတို.ကြက်သီးတွေတောင်ထမိတယ်လေဒါဟာစာ
ရေးသူရဲ.ဇာတိမာန်ကိုမြတ်နိုးပေါ်လွင်အောင်စာဖတ်သူ
တွေဖတ်လိုက်ရတာပါ