Friday, January 8, 2010

အရောအနှော အတုအယောင် များ

ဆန်နဲ့ ဆန်ကွဲ ရောသလို
ပဲနဲ့ ခဲလဲ ရောတယ်
ဟိုဆီနဲ့ ဒီဆီ ရောသလို
လွှစာနဲ့ ငရုတ်သီးမှုန့်လဲ ရောတယ်
ထားလိုက်ပါ ဒါက မီးဖိုချောင်လောက
အသေးအမွှားမို့ ချေးမများ ချင်ဘူး။

အတုနဲ့ အစစ် ရောတာများ
လောကထဲမှာ များသလား မမေးနဲ့
ကျောင်းသား အတု၊ ဆရာအတု
မီဒီယာ အတု၊ လှုပ်ရှားသူ အတု
အစိုးရအတု၊ နိုင်ငံသား အတု
ဘုန်းကြီး အတုနဲ့ ပြည့်တန်ဆာ အတု
တရားရိပ်သာ အတုနဲ့ တပ်မတော်အတု
လျှင်သူစားလို့ လည်သူရှောင်ထွက်
အတွက်အချက်တော့ ကျွမ်းရမယ်။

စေတနာ အတုတွေနဲ့
ကျေးဇူးတရား အတုဖန်တီး
ဂါရ၀ တရားနဲ့ အထက်ဖားအောက်ဖိ
ရိုသေ စိတ်နဲ့ ရေငုံနှုတ်ပိတ် ကြောက်စိတ်
သတိပေးတရားနဲ့ ခြိမ်းခြောက်စကား
ဂရုဏာသံနဲ့ ရှုံ့ချမှု
မုဒိတာနဲ့ အမြှောက်အပင့်
ချစ်ဖွယ်စကားနဲ့ ညစ်ကျယ်ချူစားသူတွေကြား
မြတ်ဘုရားရဲ့ ကာလာမသုတ် တိတ်ဆိတ်
ဘိုးဘိုးအောင်ရဲ့ ၀ တလုံးဆောင် ဂါထာကို မန်းမှုတ်ရင်း
“၀၀စားလို့ ဝေးဝေးနေ” တဲ့ခေတ်
အတုအယောင်နဲ့ အရောအနှောတွေ ကြားမှာ
စစ်မှန်မှုတွေ ပျောက်ဟောင်း
ဟော့ဒီခေတ်ရေစီကြောင်းထဲမှာ
ငြိမ်းချမ်းခြင်း ငှက်တို့ ပျံချိန်နှောင်းခဲ့တယ်။

1 comment:

နွေဆူးလင်္ကာ said...

အဲဒီအတုအယောင်တွေကြောင့် အစစ်အမှန်တွေ တန်ဖိုးကျနေကြရတာပေါ့...