Sunday, September 20, 2009

ဂုဏ်ပြုပါသည် မောင်သောင်းဒီ

နိုင်ငံမဲ့ ဖြစ်လျက်နဲ့ အားမလျော့တမ်း ကြိုးစားခဲ့တဲ့ မြန်မာလူမျိုး အသက် ၁၂နှစ်သား မောင်သောင်းဒီလေးဟာ အခက်အခဲ အမျိုးမျိုးကြားကပဲ အဖွဲ့လိုက် ရွှေတံဆိပ်ဆုနဲ့ တဦးချင်း တတိယ ဆုတို့ ကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့ပါပြီ။ ဘာ သက်သေခံ အထောက်အထား လက်မှတ်မှ မရှိပေမယ့် ထိုင်းအစိုးရက ထုတ်ပေးခဲ့ရတဲ့ ယာယီ ခရီးသွား လက်မှတ် ကို ကိုင်ဆောင်ပြီး ဂျပန်နိုင်ငံ ချိဘ မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စက္ကူလေယာဉ် အရုပ်ခေါက်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့ရတာပါ။


သူ့မိဘတွေဟာ ရှမ်းပြည်နယ် နမ့်စန်မြို့ မှာနေထိုင် ခဲ့ကြဖူးပြီး မြန်မာနိုင်ငံသား ကဒ်တောင် မရှိကြပါဘူး။ အဲဒီလိုပဲ ထိုင်း မီဒီယာတွေက မောင်သောင်းဒီ အကြောင်းကို အုတ်အော်သောင်းတင်း ရေးသားဖော်ပြ နေချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ရှမ်းလူမျိုး ဖြစ်တဲ့ သူ့မိဘ တွေကတော့ ဘာမှကို မသိကြပါဘူး။ ဖုန်းဆက် မေးမြန်းချိန်မှာတော့ ဘာကြောင့် သူ့ဆီ ဖုန်းတွေ ခဏခဏ လာနေကြလဲ မသိဘူးလို့တောင် ပြောခဲ့ ပါသေးတယ်။ နောက်မှ သားရဲ့ အောင်မြင်မှုတွေကို သိသွား တဲ့ ဖခင် ဖြစ်သူ ဦးစိုင်းညွန့်ဟာ စက္ကူ အရုပ်လေး ခေါက်ရုံနဲ့ ဂျပန် သွားရတယ် ဒီလို ကိစ္စကြီးတွေ ဖြစ်လာတယ် ဆိုတာ နားမလည် နိုင်လောက် အောင်ပဲလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ သားဟာ အိမ်မှာ စက္ကူတွေကို ဖြဲပြီး ခေါက်နေ ဆော့နေတာ ကိုတောင် သူက တားခဲ့သေးတယ် လို့ ပြောပါသေးတယ်။ စက္ကူတွေကို ဖြုန်းတီးနေတာလို့ ထင်ခဲ့ပါသတဲ့။

ထိုင်းမှာမွေး ထိုင်းမှာ ကြီးခဲ့တဲ့ မောင်သောင်းဒီလေးဟာလဲ သူ့ကိုယ်သူ ထိုင်းလူမျိုး လို့ပဲ ထင်နေခဲ့ပါသတဲ့။ ခုမှ မြန်မာလူမျိုး မှန်း သူ့ကိုယ်သူ သိပါတယ်တဲ့။ သူဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မဲ့ဟယ် ရပ်ကွက်မှာ နေပြီး ဝှေးဆိုင် ထိုင်းကျောင်းမှာ စတုတ္ထ တန်း တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားလေးပါ။ သူ့ကို ထိုင်းနိုင်ငံက ပြုစုပျိုးထောင် ပေးခဲ့ပါတယ်။ ခုချိန်မှာ သူအောင်မြင်မှု ရခဲ့တာကို မြန်မာနိုင်ငံက ရှမ်းလူမျိုး တစ်ယောက်ရဲ့ အောင်မြင်မှု အဖြစ် ဂုဏ်ယူရမလား၊ သူ့အတွက် ဘယ်လို ပံ့ပိုးမှုမျိုးမှ မလုပ်ပေးခဲ့တဲ့ အမိမြန်မာ နိုင်ငံတော်ကြီး ကိုယ်စား ရှက်ရမလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒီလို အခြေအနေမျိုးကနေ ရုန်းကန် ခဲ့ရတဲ့ ၁၂နှစ်သားလေးရဲ့ ဇွဲ လုံ့လ ၀ီရိယ ကြိုးစားမှု တွေကနေ ပေါက်ဖွားလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေ အတွက် ဂုဏ်ပြုပါသည် မောင်သောင်းဒီ ... မောင်သောင်းဒီလေးရဲ့ အောင်မြင်မှု တွေကနေ ကျန်ရှိနေတဲ့ နိုင်ငံမဲ့ မြန်မာ ကလေး တွေ၊ နိုင်ငံတွင်းက ကောင်းကင်မဲ့ ပျံသန်းခွင့်မဲ့ မြန်မာကလေးတွေ၊ တကမ္ဘာလုံးက ကလေးငယ်တွေ မောင်သောင်းဒီလို ကြိုးစားရင်း ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေ...

သတင်းဓာတ်ပုံကို ဒီက ယူပါတယ်။

5 comments:

Anonymous said...

မောင်သောင်းဒီလေး အတွက် ဂုဏ်ယူ ပါတယ်...
ဆထက်ထမ်းပိုး တိုးတက် အောင်မြင် ပါစေ...

ဒီပို့စ်လေးတင်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်...


အန်တီ mie nge

Nge Naing said...

ခွန်မြလှိုင်ရေ ဒီပို့စ်လေးကို တင်ပေးပြီး သတင်းကောင်းပါးတာ ကျေးဇူးတင်ပါတယ်။ မောင်သောင်းဒီလေးအတွက်လည်း သိပ်ပြီး ဂုဏ်ယူ ၀မ်းမြှေက်မိပါတယ်။

မြတ်နိုး said...

ချီးကျူးဖို့ကောင်းတဲ့ ကလေးပဲ.

ဂျပန်မှာရှိပီး မသွားလိုက်ရဘူး။

influenza နှိပ်စက်လို့..။ ဘယ်ကိုမှ မသွားရဘူး

သတင်းနဲ့တပြေးညီဖော်ပြပေးလို့ ကျေးဇူးပါ။

amk said...

ဂုဏ်ယူပါ သည် မောင်သောင်းဒီ wishing you a brilliant future သတင်းပြောပေးတဲ့အစ်မခွန်မြလှိုင် ကျေးဇူးပါဗျာ

maylay said...

ကျေးဇူးပါ မမ။ ပျံသန်းခွင့်မဲ့ မြန်မာကလေးတွေ။ အဲဒီစကားလုံးမှာ ကြက်သီးထတယ် မျက်ရည်ဝဲတယ် မမ။ ရှိနေတယ် ရှိနေဆဲ မြန်မာအနာဂတ်လေးတွေ။(အဲ့ထဲမှာ မေလေးတို့တောင် ပါခဲ့သေးတယ်) မောင်သောင်းဒီလေးအတွက် ဂုဏ်ယူပါသည် မမ။