Sunday, September 20, 2009

မြန်မာ ဘလော့ဂါ လောက အတွက် ဆန္ဒ

တကယ်က ဒီပို့စ်ကို သြဂတ်စ်လ ၃၁ ရက် ဘလော့ဒေး အတွက် ရည်စူးပြီး ရေးခဲ့တာပါ။ ခုမှ ဘလော့ပေါ် တင်ဖြစ်ပါတယ်။

ဘလော့ဆိုတာ ဘာလဲ ဆိုတာကို ပထမဆုံး အကြိမ် မြန်မာ ဘလော့ဂါတွေနဲ့ ပရိသတ်တွေ စုစည်းမိတဲ့ ဘလော့ဒေး စီမီနာမှာ နေဘုန်းလတ် ပြောသွားခဲ့ ပြီးပါပြီ။ မြန်မာနိုင်ငံမှာ သာမန် လူတွေက ဘလော့ဆိုရင် တချို့ လူတွေက ကျောင်း၊ ဈေး၊ ရုံး အိမ်သာနံရံနဲ့ ခြံစည်းရိုး တွေမှာ လက်ဆော့ခြေဆော့ ရေးခြစ်သလို အင်တာနက်ပေါ်မှာ ရေးခြစ်တတ်တဲ့ လူတွေ လို့ နှိမ်ပြော နေကြတုန်းပါ။ တကယ်တမ်းက အမေရိကန် သမတ အိမ်ဖြူတော်က အစ ကမ္ဘာ့  သြဇာ အရှိဆုံး မီဒီယာ တွေထဲက တခု ဖြစ်တဲ့ ရိုက်တာ သတင်းဌာနအဆုံး ခုဘလော့ ရေးလာ ပါတယ်။ ဆည်ကျိုးသလို ၀ါးလုံးထိုး တိုးတက် လာတဲ့ ဘလော့ ရေစီး ကြောင်း ကို အမနာပ ပြောနေလို့ကတော့ ဆည်ရေထဲ မျောပါသလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဘာညာ ပြောဖူးသလို ဘလော့ ရေးတိုင်း ဘလော့ဂါ မဖြစ်သလို ဘလော့ မရေးတိုင်းလဲ ဘလော့ဂါ မဟုတ်တော့တာတော့ မဟုတ်ပါဘူး။ ပြက်လုံး ပြောတိုင်း လူရွှင်တော် မဖြစ်သလို ဇာဂနာတို့ ပြက်လုံး မပြော လဲ လူရွှင်တော် ဖြစ်နေသလိုပါပဲ။ ဒီတော့ ဘာကွာလဲ ဆိုရင် ကျင့်ဝတ်နဲ့ အရည်အသွေး ကွာတယ်လို့ ကျွန်မ မြင်ပါတယ်။

ဘလော့ ကျင့်ဝတ်ကတော့ စာနယ်ဇင်း ကျင့်ဝတ် အတိုင်းပဲ ရှိသင့်တယ်လို့ ကျွန်မ မြင်ပါတယ်။ ကိုယ်ရေး ဒိုင်ယာရီ ဆိုတာ လူအများကြီးက တကူးတက လာ မဖတ်တာမို့ စိတ်ကြိုက်ရေးနိုင်ပေမယ့် ငါ့ဘလော့ငါ စိတ်ကြိုက်ရေးမယ်လို့ သဘောထားပြီး ရေးရင် ဘလော့ဂါ ကျင့်ဝတ် မညီနိုင်ပါဘူး။ ဘလော့ကတော့ limited လုပ်မထားရင် published လုပ်ထား ရင် စာနယ်ဇင်း ကျင့်ဝတ် အတိုင်း မဖြစ်မနေ ရှိသင့်ပါတယ်။ ရှေးလူကြီးတွေက စာတလုံး ဘုရားတဆူ လို့ ဆိုရိုးထားတာ ကို ကျွန်မ သဘောတူပါတယ်။ ကိုယ့်စာကို ဖတ်ပြီး စာဖတ်ပရိသတ် လူပေါင်းများစွာ အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အတွက် ကိုယ့်ကျင့်ဝတ်ကိုယ် ထိန်းသင့်တယ်လို့ တိတိကျကျ ခံယူ ထားပါတယ်။ ကျင့်ဝတ် မထိန်းနိုင်ရင် ဘလော့ဂါ မဖြစ်ဘူးလား လို့ မေးနိုင်ပါတယ်။ ကျင့်ဝတ် မထိန်းတဲ့ လူရွှင်တော်နဲ့ ကျင့်ဝတ် ထိန်းတဲ့ လူရွှင်တော် အောင်မြင်ပုံချင်း လူလေးစားတာချင်း ကွာတာကို ကိုဇာဂနာက သက်သေပြနေပါတယ်။

ဘလော့ကို မီဒီယာ အမျိုးအစား တစ်ခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပြီ ဖြစ်ပါတယ်။ ဒါကို သက်သေ အနေ နဲ့ http://www.forbes.com/2003/03/17/cx_ah_0317mediablogs.html မှာ တွေ့နိုင်ပါတယ်။ ကိုယ့်ဘလော့ကို သတင်းဘလော့၊ ဒိုင်ယာရီဘလော့၊ ဂျာနယ် ဘလော့၊ မဂ္ဂဇင်း ဘလော့၊ ၀တ္ထုတို ပေါင်းချုပ် ဘလော့၊ ခရီးသွားလာရေး ဘလော့၊ စီးပွားရေး ဘလော့၊ ကြော်ငြာ ဘလော့ စတာတွေ ထဲက ဘယ်လို ဘလော့မျိုး ဖြစ်အောင် ရေးမလဲ ဆိုတာ ကိုယ့် ဆုံးဖြတ်ချက်ပါ။ ကြိုးစား အားထုတ်မှု ပေါ် မူတည်ပြီး အောင်မြင်နိုင်ပါတယ်။ အင်တာနက် သုံးသူများ အချင်းချင်း ဆက်သွယ်တဲ့ ကွန်ယက်၊ ဗဟုသုတ မျှဝေရာ နေရာအဖြစ် အပျော်တမ်း ဘလော့ ရေးတာကနေ တဆင့်တက်ပြီး ဘလော့ အသုံးချ လုပ်ငန်း တွေ ဖော်ဆောင်ဖို့လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ဘလော့ပေါ်ကနေ ဈေးရောင်းနိုင်ပါတယ် ပွဲစားလုပ်နိုင်ပါတယ် မဖြစ် နိုင်ဘူး မထင်ပါနဲ့။ ကိုယ်တွေ့ပါ။

ဥပမာ နယ်စည်းမခြား ဘလော့ဂါများ ဘလော့ဟာ နိုင်ငံတကာက ဘလော့ဂါတွေ ခရီးသွား အတွေ့အကြုံတွေ ဖလှယ်တဲ့ အဆင့် ကနေ တဆင့်တက်ပြီး global tourism လုပ်ငန်းကို ဘလော့ဂါတွေ စုပြီး လုပ်နိုင်ဖို့ အထိ ရည်ရွယ် စုစည်း ပေး ထား ပါတယ်။ လက်တွေ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပဲ လိုပါတယ်။ ထိုင်းကို လာလည်ချင်သူ တွေ ထိုင်းနိုင်ငံက ခရီးသွား လုပ်ငန်းကို ငွေပေး ငှားစရာ မလိုဘဲ ဘလော့ဂါချင်း ချိတ်ဆက်ပြီး မြန်မာ ကျောင်းသား ကျောင်းတဖက်နဲ့ အပိုဝင်ငွေ ရှာချင်တဲ့ သူတွေ အဆင်ပြေအောင် အလည် လာသူတွေ ကိုလဲ သုံးချိုးနှစ်ချိုး သက်သာတဲ့ ဈေးနှုံးနဲ့ အလွတ် tour guide အဖြစ်နဲ့ အဆင် ပြေပြေ ၀န်ဆောင်မှု ပေးနိုင်အောင် ချိတ်ဆက် အကျိုးဆောင် ပေးတာတွေ လုပ်နိုင် ခဲ့ပါ တယ်။ ပျော်ပွဲစား ၀န်ဆောင် မှုတွေ ပေးနိုင်ပါတယ်။ ထိုင်းမှာလိုပဲ တခြား နိုင်ငံတွေမှာလဲ အဲလို အသိုင်းအ၀ိုင်း လေးတွေ ရှိစေချင် ပါတယ်။

စင်ကာပူ၊ ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ တရုတ်လူမျိုး ထိုင်းလူမျိုး သူဌေးတွေက သူတို့ နိုင်ငံသားချင်း ရိုင်းပင်းတဲ့ အနေနဲ့ ကျောင်းသား တွေကို သူတို့ လုပ်ငန်းတွေမှာ internship ပေးလုပ်တာ၊ သူတို့ ဘော်ဒါတွေမှာ ဈေး သက်သက် သာသာနဲ့ ပေးနေတာ၊ လိုအပ်ရင် အတိုးမဲ့/ အတိုးနည်း ငွေချေးတာ စတာတွေကို ကူညီကြပါတယ်။ မြန်မာ အချင်းချင်း ထဲမှာ တော့ နိုင်ငံခြား ရောက်ရင် မြန်မာရှောင်.. ငွေချေးပြီးရင် ပြန်မဆပ်ဘူး အရင် ရောက်နေတဲ့ သူတွေ က ရိတ်တယ် ရိုက်စား လုပ် တယ် ဆိုတဲ့ စီနီယာ ဂျူနီယာ အပြန်အလှန် လက်ညှိုးထိုးနေပြီး ၂ယောက်ရှိရင် သုံးပါတီ ကွဲတယ် လို့ ပြောယူရတဲ့ ဆိုရိုး ပျောက်အောင် ကူညီသူရော အကူညီတောင်းသူရော အပြန်အလှန် စည်းစောင့်ပြီး အမျိုးသား ရေးပါ တိုးတက်အောင် ဘလော့ဂါ တွေက စပြီး ဦးဆောင် ဦးရွက် နမူနာ ပြသနိုင်အောင် ကြိုးစား စေချင် ပါတယ်။ မြန်မာဘလော့ဂါများ ကမ္ဘာ့  အဆင့်မီ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။



3 comments:

Nge Naing said...

ကျွန်မကတော့ ဘလော့ဂ်ရေးတာ နှစ်လနဲ့ တပတ်ရှိပါပြီ၊ ကျွန်မဘလော့ကို ဘာဘလော့ဂ်ကိုတော့ အထွေထွေ ဘလော့ဂ်အဖြစ်ပဲ ကိုယ့်ဖါသာကိုယ် သတ်မှတ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဘလော့ဂ်အဖြစ် လာသတ်မှတ်နေတဲ့ သူတွေကလည်း ရှိနေတော့ ပြန်ဖြေရှင်းနေရတာတွေ ရှိပါတယ်။ ဘလော့ဂ် နားလည်သူတွေ ကိုယ်တိုင်က ဘယ်လို ဘလော့ဂ်အမျိုးအစားဖြစ်တယ်ဆိုတာ ကြည့်ပြီး ဝေဖန်ပေးနိုင်ရင်တော့ သိပ်ကောင်းမှာပဲ။

Unknown said...

မြန်မာဘလော့ဂါများ ကမ္ဘာ့  အဆင့်မီ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


သိပ်ကောင်းတဲ့ ဆုတောင်း ပါ ဗျာ ကျနော် လည်း ဘလောဂါ မဟုတ်ါပေ မဲ့ မြန်မာ့ ဘလော့ဂါတွေကို တိုး တက် စေ ချင် တယ် တချို့ကပြောတယ် မြန်မာ ဘလော်ဂါတွေက အာ တွေ ချည်း ပါတဲ့ ဒါ တော် ကျနော် ခံ ချင် ဘူး။

maylay said...

မမလှိုင်ရေ မေလေးလည်း ဘလော့ဖွင့်တာ တစ်လကျော်ပဲရှိသေးတာပါ။ ဘလော့စည်းကမ်းကို စာနယ်ဇင်းစည်းကမ်းအတိုင်း ရှိစေချင်တယ်ဆိုတာမေလေးလက်ခံပါတယ် မမ။ စာနယ်ဇင်းစည်းကမ်းဆိုတာကို အပြည့်အဝနားမလည်ပေမယ့် ကိုယ့်စာကို ဖတ်ရသူတွေဆီ တစုံတရာရောက်သွားခဲ့ရင် အဲဒီအရာဟာ ကောင်းတာပဲဖြစ်စေချင်ပါတယ် မမ။ ကျေးဇူးပါ။ မေလေးတို့ မြန်မာဘလော့ဂါတွေ ကမ္ဘာ့အဆင့်မီနိုင်ပါစေလို့