Monday, July 20, 2009

သမီးလေး အမှတ်တရ


သမီးလေး အကြောင်းကို ရေးပါဦးလို့ ပွဲတောင်းတဲ့လူတွေက ဘလော့မှာရော ချတ်မှာရော လူချင်းတွေ့ရင်ရော ပြောကြတာ များလွန်းလို့ သမီးလေး ရဲ့ ခြောက်လပြည့် မွေးနေ့မှာ သမီးလေး ဖြတ်သန်း ခဲ့တဲ့ နေ့ရက်တွေကို အမှတ်တရ ရေးထားခဲ့ ချင်ပါတယ်

သမီးလေး ၄၄ရက် ပြည့်တဲ့နေ့မှာ ပီပီသသကြီး ထွက်လာတဲ့ စကားလေး တခွန်းက “အခု” တဲ့။ ခဏလေး နေပါဦး သမီး ရယ် မေမေ ချီပါ့မယ်။ ခု အ၀တ်လဲဦးမယ်နော် လို့ ပြောတုန်း ထွက်လာတဲ့ စကားပေါ့ တအိမ်လုံး အံ့သြတာ မပြောတတ် နိုင်အောင်ပဲ

၄၅ရက် ပြည့်တဲ့ နေ့မှာတော့ သူ့ကို diaper လဲ ပေးမလို့ လုပ်နေတုန်း သူပြောလိုက်တာ “အများကြီး” တဲ့… တအံ့ တသြနဲ့ ဘာတွေ များပါလိမ့် အောက်မေ့တယ် ရှူရှူတွေ အများကြီး ပေါက်ထားတာကိုးးး

နှာချေရင် သုံးချက်ဆင့် ချေတာ… ချေချင်လျက်နဲ့ ချေလို့ မရရင် စိတ်တိုပြီး “ဟမ်း” လို့ အော်သေးတာ..

၃လကျော်တော့ စမှောက်ဖို့ ကြိုးစားတဲ့ သမီးလေး ပုံကို မျက်စိထဲက မထွက်ဘူး။ ညာခြေ ညာလက် ကိုအားယူလွှဲပြီး ဘယ်ဘက် ကို မှောက်ချလိုက်တာများ ချစ်ဖို့ ကောင်းလွန်းလို့။ အားယူ လွှဲလို့ မရရင် မှောက်မကျရင် စိတ်တိုပြီး အော်သေးတာ… မှောက်ချလိုက်ပြီး ကိုယ်လုံး အောက် ပိနေတဲ့ လက်ကလေးကို သူ့ဖာသာ ဆွဲထုတ်လို့ မရရင် စိတ်တိုပြီး အော် နေလို့ လူကြီးက ဆွဲထုတ်ပေးပြန်တော့လဲ သူ့ဖာသာ ကြိုးစားနေတာကို ၀င်ရှုပ်ရ ကောင်း လား ဆိုတဲ့ အကြည့်နဲ့ ပိုငို ပြန်ရော… ဒီလိုနဲ့ ၂ပတ်လောက် ရှိတော့ မှောက်တာများ ကျွမ်း လွန်းလို့… မှောက်ပြီး လက်ထုတ်ပြီးရင် ဟဲဟဲ ဆိုပြီး လူကြီးတွေကို ရီပြသေးတာ.. တွေ့လား သမီး လုပ်နိုင်တယ် ဆိုတဲ့ မျက်နှာပေး လေးနဲ့ပေါ့။

ဖေဖေ မေမေ ခေါ်တတ်အောင် ဘယ်လိုသင်သင် မိဘက ဘိုးဘွားကို ခေါ်တဲ့ ပြောတဲ့ အသံပဲ မှတ်ထားတယ်လေ.. အဖေရေ အမေရေတဲ့ အင်းးး ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ တိုင်းပြည်မှာ ထားလို့ မရမယ့် သမီးလေးပေါ့။

တပတ်တခါ ရှော့ပင်း ထွက်လို့ အိမ်ပြန်ရောက်ရင် မိဘတွေက အပြင် အ၀တ်အစားနဲ့ အိမ် နေရင်း အ၀တ်အစား လဲနေတာကို လိုက်ကြည့်ပြီး သူ့အင်္ကျီလေးကို ဆွဲချွတ်ပြီး တအင်းအင်း အော်တတ် သေးတယ် သူ့ကိုလဲ အ၀တ် လဲပေးပါ ပေါ့လေ.. အ၀တ်သစ်လေး ယူလာပြီး သူ့ ဘေးကို ချတာနဲ့ အော်ဟစ် ခုန်ပေါက် နေတော့တာပဲ သူ့သင်္ကေတကို မိဘ နားလည်လို့ ပျော်တယ် ဆိုတဲ့ အချိုးနဲ့ပေါ့။

မွေးစကနေ ၂လပြည့် အထိ သူ့ဆရာဝန်က တဖွဖွ မှာပါတယ် မိခင်နို့က လွဲရင် ကလေးကို ရေတောင် မတိုက်ပါနဲ့တဲ့။ ဒါပေမယ့် လေးလ ကျော်တော့ ဆရာဝန် ကိုယ်တိုင်က သူ့ကို ကြည့်ပြီး ဖြည့်စွက်စာ ကျွေးပါတော့ မကျွေးလို့ မရတော့ဘူး တဲ့လေ။ ပုံစံကိုလဲ ကြည့်ပါဦး လေးလ သာဆိုတယ် ကိုယ်အလေးချိန်က ခြောက်လသား၊ အရပ်က ကိုးလ သားလေ။ ဆေးရုံက ရှိသမျှ ဂရပ်ဖ်မျဉ်းတွေ အကုန် စံချိန်ချိုးတာကိုးးး

သမီးလေးကို cerelex စကျွေးတော့ အမယ်လေး စားလိုက်တာ… စားလို့ ကောင်းလား သမီးလေး စားကောင်းလားလို့ ထမင်းကျွေးရင်း ၀ိုင်းမေးနေတဲ့ အမေ အဖေနဲ့ အဘွားကို သေချာ ကြည့်ရင်း အားရပါးရ သမီးလေး ပြောလိုက်တာက “ စားကောင်း” တဲ့။ နောက်နေ့ကျ nestle product cerelex စားရင်းနဲ့ ပြောလိုက်တာက “ များများပေး” ပါတဲ့။ ရီလိုက်ရတာ မျက်ရည်ကို ထွက်ရော…

Shopping တပတ်တခါ ထွက်ပြီဆိုရင် သူ့ကို မခေါ်လို့ကတော့ ကမ္ဘာပျက်မယ်မှတ်.. အိပ် ငိုက် နေလျက်နဲ့ အတင်းကို မျက်လုံးပြူးထားတော့တာ.. ဒီတော့ ခေါ်ရတော့တာပေါ့။ သူ့ကို ချီပြီး လမ်းလျှောက်ရတော့ ဗိုက်က မြန်မြန်ဆာရော.. ဒါနဲ့ food court သွားတော့ ဘေးနားက ကလေးကစားကွင်းကို ဖြတ်ရတယ်လေ. အဲဒီမှာတင် သူ့အဖေက သမီးမိန်းကလေး မို့ ဘိုမ ရုပ်လေး ပြပါတယ် မိန်းကလေး ပီသစွာနဲ့ အရုပ်ဆိုင်ထဲက သူ လှမ်းဆွဲ တာက မြေတူး စက် ကြီး ပေါ့။ အကြွေစေ့ ထည့်ပြီး ကလေးတွေ အပျော်စီးတဲ့ ကားလေးတွေက ပုံစံ စုံပါ။ ရိုးရိုး ကား၊ ပြိုင်ကား၊ တင့်ကား၊ ဆိုင်ကယ် မျိုးစုံပေါ့။ အဲဒါကို တင့်ကားကြီး ဘက် ကိုယ်ကို ကိုင်းပြီး ပါးစပ်က တဘူးဘူး အော်နေလို့ တင့်ကားပေါ် ပေးထိုင်ရတယ်။ ခါးက မခိုင် သေးတော့ သူ့ကျောလေး ဖေးကိုင်ပေးရတာပေါ့။ စတီယာရင်ကို ကိုင်ပြီးပျော်နေတဲ့ ရုပ်ကို မျက်စိထဲ က မထွက်ဘူး။ အဲလို မိန်းကလေး ပီသတာပါ။ ခဏ ပေးထိုင်ပြီး သူ့ကို ပြန်ချီတော့ ခြောက်နှစ် သား လောက် ကောင်လေး တစ်ယောက် အကြွေစေ့ ထည့်ပြီး တင့်ကားကို စီးသွား ပါရော။ အဲဒါကို လက်သီး နှစ်ဘက် ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အောက်နှုတ်ခမ်း ကိုက်လို့ မျက်စိ တဆုံး ကိုယ်ကြီးပါ ကိုင်းပြီး လိုက်ကြည့်ပါတယ် ပြီးတော့ ဟင်းးးးးးးးး ကနဲ အော်ထည့် လိုက်တာ လူလေးနဲ့တောင် မလိုက်ဘူး။ ငါ့တင့်ကား ယူစီးရ ကောင်းလား လမ်းမလျှောက်နိုင် သေးလို့နော် ဆိုတဲ့ အချိုးနဲ့ပေါ့။

မနေ့ကတော့ ၀က်တုပ်ကွေး ကြောက်လို့ အိမ်တွင်းအောင်း နေခဲ့ပေမယ့် ညနေ ရောက်တဲ့ အထိ လုံးဝ မအိပ်ဘဲ တဘူး ဘူးအော်ပြီး ဂျီတိုက်နေတာနဲ့ သူ့ကို ချီပြီး ကားတပတ် ပတ် မောင်း ရပါတယ် လမ်းထိပ်ရောက်တာနဲ့ အိပ်ပျော်ကရောပဲ။ ဒါနဲ့ လမ်းကြုံ ဈေးဆင်းဝယ်ဖို့ ကားရပ်တော့ ချက်ချင်း နိုးပါရော။ သူ့အဖေ ဈေးဆင်းဝယ်တာကို ကိုယ်က သူနဲ့ အတူ ကား ထဲတင် စောင့်နေတော့ ငိုမဲ့မဲ့နဲ့။ အိမ်ကိုလဲ ပြန်လာရော တလမ်းလုံး မဲ့ကာ ရွဲ့ကာနဲ့ တဘူးဘူး အော်ရင်း အိမ်ကို ရောက်ပါတော့တယ်။

တသက်လုံးမှ နှစ်ကြိမ် လေထိုးလို့ ငိုတဲ့ အချိန်က လွဲလို့ အမြဲတမ်း လူကြီး စိတ်ချမ်းသာအောင် ပြုံးပြ ရီပြေ နတတ် တဲ့ ကလေးလေးကို မြင်တဲ့ လူတိုင်း ချစ်ရ သနားရလို့ နှုတ်ဆက်ကြလွန်းလို့ သူနဲ့ အတူ အပြင်ထွက်ရင် လိုရင်း ရောက်အောင် တစ်နာရီ ပိုစောပြီး သွားရပါတယ်။

ဒါထက် သမီးလေး နာမည်လား။ တအိမ်လုံးက ချစ်စနိုး ခေါ်တဲ့ နာမည်က ပိုးကြူးပါ။ သူ့ကိုယ်ဝန် နဲ့ အချိန်က တမိသားစုလုံး ပုလဲလုံးကြီးကို အိပ်မက် မက်တာ တူနေလို့ အမှတ်တရ ပေးတဲ့ အိမ်နာမည်ပါ။ ဓာတ်ပုံကတော့ မတင်တော့ပါဘူးရှင် သမီးရှင် ဖြစ်နေလို့ လေးတင်ပွဲ လုပ်နေသလားလို့ အပြောခံရမှာ စိုးလို့ပါ။

မွေးနေ့က စပြီး အမြဲတမ်း မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေ သမီးလေးရေ

7 comments:

စူး said...

ပုံမမြင်ရဘူးးးးဟင်းးးး

အရမ်းထွားမှာပဲ
မတန်ခူးကို လက်တို့လိုက်မယ်...ဒန်တန်တန်


တွေ့မယ်လာတဲ့ အခါ ...

ရှင့်အိမ်မှာတည်းပီး ရှင့်သမီးနဲ့သောင်းကျန်းမယ်

စူး said...

ကျန်ခဲ့လို့

သမီးလေးရဲ့
၆လပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သော မွေးနေ့ ဖြစ်ပီး ဒီအဖေ ဒီအမေ ဒီအဘိုးအဘွား မိသားစုနဲ့ အသက်ရှည် ကျန်းမာစွာ နေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

maylay said...

သမီးလေး ဖေဖေ၊မေမေတို့နဲ့ ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေ။ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေ။

MM said...

တော်တော်လေးချစ်ဖို့ကောင်းမှာပဲ။ ဖတ်ရင်းနဲ့တောင် ဆွဲကိုက်ချင်တယ်။ ဟီး..။ ပျော်ရွှင်ဖွယ်မွေးနေ့များကိုပိုင်ဆိုင်နိုင်ပါစေ ညီမလေးရေ။

rose of sharon said...

၆ လလေးနဲ့တတ်လိုက်တာနော်... တကယ်အံ့သြတယ်... ဓာတ်ပုံလေးမြင်ရရင်သိပ်ကောင်းမှာဘဲ...

လင်းလက်ကြယ်စင် said...

သားသမီးရှိလာရင် သူတို့လေးတွေ အပြုအမူ ၊ အပြောအဆိုလေးတွေကိုကြည့်ရင်း မိဘတွေမှာ အမြဲရယ်မောစိတ်ချမ်းသာနေရတယ်ဆိုတာ မှန်ကန်ကြောင်း မမခွန်မြလှိုင်ပို့စ်လေးဖတ်ပြီး ပိုမိုသိရှိရပါတယ်။ သမီးလေးနှင့် မမတို့မိသားစုအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် :)

ရွှန်းမီ said...

ကလေးစကားပြောသံလေးတွေပါ ကြားယောင်လာမိတယ်.. မျက်လုံးစူးစူးတောက်တောက်ကလေးလည်း မြင်ယောင်တယ်..
တစ်မိသားစုလုံး ကျန်းမာချမ်းသာပျော်ရွှင်ကြပါစေ..