ကြံကြံဖန်ဖန် မြင်မိတယ် (၁)
ပေါက်တတ်ကရဆို ဒီမျက်စိက မြင်ကို မြင်တတ်တယ်။ အင်းလေ စပ်စုစိန် မျက်လုံး ဆိုတော့လဲ… ခွန်မြလှိုင် ဘာများ မြင်မိလို့ ဘလော့ပေါ် ဖောက်သည်ချပါလိမ့်နော်
ကျွန်မတို့ အိမ်က သစ်ပင်စိုက်တာ များလွန်းလို့ အကောင်ပလောင် ပေါပါတယ်။ ဒီအကောင်ပလောင် အင်း ဆက် လေးတွေကို ဖားတွေက လာစားတော့ ခြံထဲတင် မက အိမ်ထဲမှာပါ ဖားပေါပါတယ်။ တစ်ရက်က သမံ တလင်း ပေါ် ကျနေတဲ့ ငရုတ်သီးခြောက် တဖတ်ကို ပုရွက်ဆိတ် နီနီတွေက တန်းစီ ချီယူ နေကြလေရဲ့။ ပုရွက်ဆိတ် ကိုလိုနီ အကြောင်းကို ဖတ်ဖူးထားတဲ့ ကျွန်မက ဒီပုရွက် ဆိတ်တွေကရော ကိုလိုနီ လုပ်ခိုင်း နေတာ လား သူတို့ဖာသာ စားစရာကို ပုရွက်အုံဆီ သယ်သလား သိချင်တာနဲ့ ဆနွင်းမှုန့်ဗူးလေး ကိုင်ပြီး လိုက်စပ်စု နေခဲ့ပါတယ်။ သြော် ဆနွင်းမှုန့်ဗူးက ဘယ်က ပါလာလဲ ဟုတ်လား။ ပုရွက်ဆိတ်နီ ကိုက်ရင် နာတယ်လေ။ ဒါပေမယ့် ပုရွက်ဆိတ်က ဆနွင်းမှုန့်ကို သိပ်မုန်းတာ။ ပုရွက်ဆိတ် လမ်းကြောင်းကို ဆနွင်းမှုန့်နဲ့ ဖြူးပြီး တား ထားလိုက်ရင် အနံ့ ရှိနေသမျှ ကာလပတ်လုံး ပုရွက်ဆိတ် မလာတော့ဘူး။
အဲဒီအချိန် ကိုရွှေဖား တစ်ကောင် ခုန်ဆွခုန်ဆွနဲ့ ရောက်လာရင်း ဖြိုးဖြိုးဖျပ်ဖျပ်ပဲ ငရုတ်သီးခြောက်ချီထားတဲ့ ပုရွက်နီတပ်ကို တတပ်လုံး သိမ်းကြုံးပြီး သူ့လျှာနဲ့လိပ်ကာ ဖမ်းစားလိုက်ပါရော.. ဘာဖြစ်ကုန်လဲ သိလား
ကိုရွှေဖား ငရုတ်သီးစပ်သွားတာပေါ့… အစာကိုပဲ မြင်ပြီး ဘေးအန္တရာယ်ကို မမြင်တဲ့ ကိုရွှေဖား ခမျာ သူ့ကျော ပေါ်က ဗြုပ်ကြီးတွေ မဲတူး ဖောင်းကား လာတဲ့ အထိကို စပ်သွားတာပါ။ အားရပါးရ အမြင့်ကြီး ခုန်ထည့်လိုက်တဲ့ သူ့ကို အစက ဘာဖြစ် သွားမှန်း မသိလိုက်ပါဘူး။ ဖားဆိုတာ စပ်တဲ့ အရသာကို ခံစား တတ်မှန်း မသိခဲ့ဘူး လေ။ သူ့ပါးစပ်ကိုဖြဲ၊ သူ့ခြေ၂ဖက်တည်းနဲ့ ရပ်လို့ရအောင် ကိုယ်ကို ဟန်ချက် ညီအောင် ကြိုးစား ရပ်ရင်း သူ့ လက် ၂ဖက်နဲ့ သူ့လျှာမှာ ကပ်နေတဲ့ ငရုတ် သီး ဖတ်ကို ကြိုးစား ပမ်းစား ခွာချလိုက်၊ အရှိန်လွန်ပြီး ၀မ်းလျား မှောက် လဲကျသွားလိုက်၊ ပြန်ထလိုက်၊ ပြန်ခွာ ချလိုက်နဲ့ တော်တော် ကြီးကို အလူးအလဲ ခံလိုက်ရရှာပါတယ်။
သြော်… အားကြီးတဲ့ ကိုရွှေဖား ပုရွက်နီကိုပဲ မြင်ပြီး ငရုတ်ဖတ်ကို မမြင်ဘဲ လောဘကြီးမိတာကိုးးး

1 comment:
ကြံကြံဖန်ဖန် မြင်မိတာလေးက စိတ်ဝင်စားစရာပဲ။ အဲဒီဖား... ကုလားအော် တွေ့သွားပုံပဲဗျ။
Post a Comment