Saturday, November 15, 2008

အဖိုးများ၊ ဘကြီးများနဲ့ သူတို့ မုန်းတဲ့ သီချင်းများ

ဒီနေ့ နားရက်မို့ အားရပါးရ နားရင်း သီချင်း အေးအေးလေးတွေ နားထောင်ရင်း ဒီပို့စ် ရေးဖို့ စိတ်ကူး ရလိုက် ပါတယ်။ သီချင်း တချို့ကို ကြားရင် အဖိုးကို လွမ်းတယ်ဆိုလို့ ကျွန်မရဲ့ အဖိုးက သီချင်း ကြိုက်သူလို့ အထင်တော် မစောလိုက် ကြပါနဲ့။ အဲလိုပဲ ကျွန်မကလဲ အဖိုးတို့ ခေတ်က သီချင်းတွေကို မကြာခဏ နားထောင်လေ့ ရှိလို့ ထင်ရဲ့ လို့လဲ အထင် တော် မစောလိုက်ပါနဲ့ဦးနော်.. ရာဇ၀င် ရှိလို့ပါ။

စပြောရရင် အဘေးက စပြောရမလား မသိ။ အဖိုးရဲ့ အဖေပေါ့။ သူ့ခေတ်က မြို့ဝန်မင်းကိုတောင် စနောက် ရဲတဲ့ အဘေးဟာ သူက ဇာတ်ပွဲတွေကို တကူးတက သွားမကြည့်တတ် ပေမယ့် အိမ်က လူတွေ သွားကြည့်ပြီး စားမြုံ့ပြန် ပြောတာ ကြားလာ လို့များ သူ့နားထဲ အကြား မတော်ရင် အဲဒီပွဲကို တိတ်တိတ် သွားနားထောင်ပြီး ပေါက်ကရ သီဆို ပြောကြားတဲ့ သဘင်သည်တွေ ဆို စင်ပေါ်ထိ တက်ရိုက် တတ်ပါသတဲ့။ ဒါကြောင့် သူ့နယ် မှာ ပွဲကရင် သဘင်သည်များ ခမျာ တော်တော်လေး ဇာတ်ရွေး စကားရွေး ကြရ ရှာပါသတဲ့။ လာမက ဘဲလဲ မနေနိုင် ကြပါဘူး။ သူဆုချရင် နင့်ခနဲ ရတာကိုး။

နောက်တော့ ကိုလိုနီခေတ်မှာ ဓာတ်ပြားတွေ ခေတ်စား လာပါတယ်။ ဒီတော့ ဓာတ်စက်ပေါ့လေ အဘေးတို့ မြို့လေးမှာ ဓာတ်ပြား ရောင်းတဲ့ဆိုင်က တဆိုင်တည်း ရှိပါသတဲ့။ ရွှေမိ သီချင်း ပေါ်ချိန်မှာ လူတိုင်းက ရွှေမိမှ ရွှေမိ (ဗဒင် သီချင်း ပေါက်သလိုကို ပေါက်သွားတဲ့ သီချင်းပါတဲ့) အဲဒီ သီချင်းဓာတ်ပြားက အဘေးတို့ မြို့လဲ ရောက်ရော အဘေးက ဆိုင်က ထွက်သမျှ သိမ်းကြုံးပြီး ၀ယ်ခိုင်း လိုက်ပါ သတဲ့။ ဆိုင်ရှင်ကတော့ ပျော်လို့ပေါ့။ သူဒီလောက် ကြိုက်သလားလို့… ဘယ် ဟုတ်မလဲ အိမ်ကို ဓာတ်ပြား ထုတ်ကြီး လဲ ရောက်ရော နောက်ဖေးမှာ တူနဲ့ ထုပြီး ခွဲပစ် ပါလေရော.. အဘေးကို မြေး၊ မြစ်တွေက ဘိုးလေးကောင်း လို့ ခေါ်ပါတယ်။ သူ့ဇနီး အဘေး ကိုကျ အမေကြီးပ လို့ပဲ ခေါ်ပါတယ်။ အမေကြီးပက “တော့ ကိုကောင်း.. ဓာတ်ပြားတွေ ဘာလို့ ခွဲပစ် သတုံး” ဆိုတော့ သီချင်းက ကလက် လို့ပါတဲ့။ မိန်းကလေးတွေကို ဆပ်ကော့ လပ်ကော့ ဖြစ်အောင် မြှောက် ပေးတဲ့ သီချင်း ဖြစ်လို့ နားထောင်ရတာ နားရှက်လို့တဲ့။ ဒါပေမယ့် ဘိုးလေး ကောင်း က ဆိုင်ရှင်ရဲ့ စီးပွားရေးကို ပိတ် ပင် သလို ဖြစ်စေမယ့် သီချင်း ဓာတ်ပြား မရောင်းရ လို့ အမိန့် မထုတ်ပါဘူး။ ဒါ့အပြင် ဟိုလူ နားမထောင်ရ ဒီလူ နားမထောင်ရ လို့လဲ လိုက် မပိတ်ပင် ပါဘူး။ ဒါပေမယ့် ဒါမျိုး သီချင်းကို ရေးတဲ့သူ ရော ဆိုတဲ့သူပါ သူ့ အာဏာစက် နဲ့ ကင်းတဲ့ နေရာ ရောက်နေ တာ ကံကောင်း သွားပါတယ်။ ကင်းမြီးကောက်၊ ကင်းမ လက်မဲ၊ ကင်းခြေများ စတဲ့ အင်းဆက် များတဲ့ အညာဒေသမို့ ကင်း ကိုက်ရင် ဓာတ်ပြားကွဲ သွေးလိမ်း ရတာမို့ အဲဒီ ဓာတ်ပြားကွဲ တွေကို သူ့အိမ်က အလုပ်သမား များကို ဆေးအဖြစ် ဝေပေးလိုက် ပြီးတဲ့နောက် အဲဒီ သီချင်းသံလဲ တမြို့ လုံး တိတ်သွား ပါတော့တယ်။ ဘကြီးကောင်းက ဒီသီချင်းကို မကြိုက်လို့ ဓာတ်ပြားတွေ ခွဲပစ်တယ် တဲ့ဟေ့ ဆိုတဲ့ အသံ ကြား တာနဲ့ ဆိုင်ကလဲ ထပ်ပြီး တင်မရောင်းရဲ သလို မြို့သူ မြို့သား များခမျာလဲ နားမထောင် ရဲကြ တော့ပါဘူး။ သူက မြို့သူ မြို့သားတွေ အပေါ် ထားတဲ့ စေတနာ အပေါ် မြို့သူ မြို့သား တွေရဲ့ တုန့်ပြန်မှုက အားရ စရာပါ။ ဒါ့ပြင် သူနေတဲ့ မြို့နဲ့ ပတ်ဝန်းကျင်က တခြား မြို့တွေ နှိုင်းယှဉ်ရင် မိန်းကလေးတွေ ငယ်ငယ် ရွယ်ရွယ်နဲ့ လင်နောက် လိုက် ပြေးသူ အရေအတွက်ချင်း သိသိသာသာ ကွာလေ့ ရှိတာ ဘိုးလေးကောင်းရဲ့ ဒီလို သတိထား ပဲ့ပြင် တတ်မှု ကြောင့် များလား။ “ငတို့ မြို့မှာ ဦးလေးကောင်းတို့ ခေတ်တုန်းကများ ဒီလို မဟုတ်ပေါင်ကွာ” ဆိုပြီး သူ့ခေတ် တခေတ် ဖြစ်ကျန် ခဲ့ဖူး ပါတယ်။ ခေတ်ဟောင်းတေးများ တကျော့ပြန်လို့ “မြို့ရွာတခွင်လုံး ရွှေမိကို ခင်ကြသတော့” ဆိုတဲ့ အသံများ ကြားရင် ဘိုးလေးကောင်းကို သတိရမိ ပါတယ်။

သူ့သား ကျွန်မရဲ့ အချစ်တော် အဖိုးကရောတဲ့။ အဖေတူသား အကျင့် တူတူ ပါပဲ။ ဘက်စုံ တော်တဲ့ အကယ်ဒမီ ၀င်းဦးရဲ့ မေဘရဏီ သီချင်းကို ကြားတဲ့ အချိန်တိုင်း တွန့်တက်သွားတဲ့ အဖိုးဟာ သူ့အဖေ ခြေရာ နင်းတော့ တာပါပဲ။ “အို့---- မေဘရဏီလို.. ငွေပန်းချီတောင် လက်မှိုင်ချရသကိုးးးးး မမမိုး” ဆိုတဲ့ အသံကြားတိုင်း ကျွန်မကတော့ ခုချိန်ထိ ပြုံးမိဆဲပါ။ အဖိုး မကြိုက်ဆုံးက ဒီအပိုဒ်မို့ပါ။ “အို့” သံကို မုန်းပါသတဲ့လေ။ ပြီးတော့ ယောက်ျားလေးများ မယားတရူးစိတ် မွှန်စေတဲ့ သီချင်းမို့ ပါတဲ့။ အင်းးးး သူတို့ အနုပညာကို မခံစား တတ်ဘူးတော့ မထင်ပါ နဲ့နော်.. တယောကို ထိုးတဲ့ ဘိုးတံ မရှိရင် တောင် အနားရှိတဲ့ ပစ္စည်းနဲ့ ဂီတသံ ထွက်အောင် ထိုးနိုင် ပါတယ်။ ဒါပေမယ့် အနုပညာကို အသုံးချပြီး အမျိုးသား ယဉ်ကျေးမှု လက္ခဏာကို ပျက်စီးစေတဲ့ အသုံးအနှုံး တွေကို သူတို့ မကြိုက် ကြတာပါ။ ကျွန်မရဲ့ အဖိုးတင်မှ မဟုတ် ပါဘူး။ သူတို့ ညီအကိုများ အားလုံး အကျင့် တူတူ ပါပဲ။

သူတို့ တူသားများ ဖြစ်တဲ့ ကျွန်မရဲ့ ဘကြီးများ ကရောတဲ့… သူတို့ကျတော့ အဖိုးတို့လို စီးပွားရေး မကောင်းတော့တဲ့ အခါမို့ သူတို့လောက် ၀န်ထမ်း မများသလို နယ်မြို့မှာ မနေတော့ဘဲ မြို့ကြီး ပြကြီး ရောက်လာတဲ့ အပြင် အရပ်သား များမို့ အာဏာ စက် မပြင်းတော့ တာမို့ တမြို့လုံး သီချင်းသံ တိတ်အောင် မလုပ်နိုင် ကြတော့ ပါဘူး။ ဒါပေမယ့် ရပ်ကွက် ထဲက အလှူခံ မဏ္ဍပ်နဲ့ လက်ဖက်ရည် ဆိုင်တွေမှာ ကဗျာဘွဲ့မှူး ဆိုတဲ့ “မင်းရည်းစားတောင် သိရဲ့လား” နဲ့ “ရည်းစား နှစ်ယောက် လိုတယ်” သီချင်းသံ ကြားတိုင်း ချက်ချင်း အဲဒီ နေရာက ထထွက် သွားတတ်တာ၊ ထ ကန့်ကွက် တတ်တာ ကြောင့် သူတို့ ရပ်ကွက် တွေမှာ တော့ အကြားမတော်တဲ့ သီချင်းသံ မကြားရ တတ်ပါဘူး။ အိမ်မှာ ဒါမျိုး သီချင်း မဖွင့်ရ တာတော့ မပြောပါနဲ့တော့။ ဟစ်ဟော့ပ် နိုင်ပါတယ်။ ရက်ပ် နိုင်ပါတယ်။ သူတို့ မကြိုက်တာ စာသားပါ။ ဒီသီချင်း နှစ်ပုဒ်ကို ဘကြီးဇော် ကင်ပွန်းတပ်ပုံက “ကြာကူလီ သီချင်း” နဲ့ “အရပ်ပျက်မ သီချင်း” တဲ့။ မျိုးကြော့မြိုင်ရဲ့ သတိရရင် ပြီးတာပဲ သီချင်းကို များဆို ပိုးစိုးပက်စက် ဝေဖန် ပါတယ်။ “ဆွေဂုဏ် မျိုးဂုဏ် ဖျက်မယ့် မျိုးဖျက်တွေ မွေးထုတ်ပေး နေတဲ့ သီချင်း” ပါတဲ့။ ဂျေမီရဲ့ “ကဲသာကဲ” သီချင်း ထွက်တဲ့အချိန်မှာ ကျွန်မက ဘကြီးနဲ့ တနိုင်ငံစီ ခြားနေ ပြီမို့ သူ ဒီသီချင်းကို ဘယ်လိုများ ကင်ပွန်းတပ်မလဲ မသိပေမယ့် ကျွန်မကတော့ သူတို့ရဲ့ သွေးပါလို့လား မပြောတတ်။ “တော်သလင်း သီချင်း” လို့ပဲ ကင်ပွန်းတပ်ချင် ပါတယ်ရှင်။


7 comments:

ဒူကဘာ said...

မလှိုင်ရေ.....အသုဘ သီချင်းလို့ ဆိုတဲ့ ကိုင်ဇာရဲ့ မနိုးပါစေနဲ့ မိုးရယ်တို့ ကျန်သေးတယ်လေ။

Anonymous said...

:D
like father, like son...!
anyway, i agree with you..:)

scopioo

Anonymous said...

ငယ်ငယ်က ကော်နီသီချင်း "သနပ်ခါးလိမ်းတာ ကိုကို့ အတွက်ပါကွယ်.." ကို ဖေဖေ့ရှေ့မှာ
"သနပ်ခါးလိမ်းတာ ကိုယ်လှ ဖို့ပါကွယ်" လို့ပြင်ဆိုခဲ့ရဖူးတယ်။ သီချင်းက မညည်းပဲမှမနေနိုင်တာကိုး

Wunna said...

ကော်နီရဲ့ ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိဘူးဆိုတဲ့ သီချင်း၊ ဘာဘူရဲ့ မင်းကိုငါက နားနားနားနား၊ စိုင်းစိုင်းရဲ့ အိုးလေးလှုပ်ပါဟေ့ သီချင်းတွေကိုသာ အဘေးကြားရင်တော့

Moe Cho Thinn said...

တို့အမေကတော့ ငယ်ငယ်က မနက်မိုးလင်းရင် မေဆွိရဲ့
ရှားရှားပါးပါး သီချင်း ဆိုလို့ ခေတ်ကြီးတော့ ရှားပါးကုန်တော့မယ် ဆိုပြီး တားခဲ့ဖူးတယ်။ ဇဗူဒိတ် နိမိတ်ဆိုပဲ။

ဟန်လင်းထွန်း said...

အမကလည်း တော်သလင်းသီချင်းလို့တော့ ပြောပါနဲ့။ ကဲသာကဲ ရေမကူးတက်တဲ့ ဘဲလိုပဲ။ :))))))

တန်ခူး said...

လှိုင်ရေ… ဘကြီးတွေမုန်းတဲ့ အဲဒီကဗျာဘွဲ့ မှူးသီချင်း၂ ပုဒ်ကို တို့ လဲ မုန်းတယ်…
ခုနောက်ပိုင်းက ကျက်သရေကင်းတဲ့ သီချင်းတွေ ပိုများလာသလိုပဲ… တို့ ကတော့ အဘွားကြီးလို့ ပဲဆိုချင်ဆို သဌေးဝါဒလို အတိတ်နိမိတ် ကောင်းတဲ့ သီချင်းလေးတွေပဲ ကြိုက်တယ်…