Sunday, November 2, 2008

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကျွန်မတို့နဲ့ သက်ဆိုင် သလား (၃)

ဒီလို စနစ်မကျဘဲ တည်ဆောက် ထားတဲ့ စက်မှုဇုန်တွေဟာ သဘာဝ ပတ်ဝန်းကျင် မှာ ရှိတဲ့
(၁) လေထုထဲကို မြင်နိုင်/ မမြင်နိုင်တဲ့ မီးခိုးငွေ့တွေ အဖြစ်
(၂) ရေထု ထဲကို မြင်နိုင်/ မမြင်နိုင်တဲ့ အဆိပ်သင့်မှု အနည်းနဲ့ အများ ဖြစ်ပေါ်နေတဲ့ ရေဆိုးတွေ အဖြစ်
(၃) မြေထု ထဲကို မြင်နိုင်/ မမြင်နိုင်တဲ့ စိုက်ပျိုးလို့ မဖြစ်နိုင်၊ ရောဂါပိုးတွေ ပေါက်ပွားနေတဲ့ မြေထု ညစ်ညမ်းမှုတွေအဖြစ် စွန့်ပစ်ထုတ်တတ် ပါတယ်။

စက်မှုဇုန်ကြောင့် ဖြစ်တဲ့ လေထု ညစ်ညမ်းမှုက လူ့ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပုံ

အဲဒီထဲကမှ လေထု ညစ်ညမ်းမှုဟာ လူ့အဆုတ်ထဲကို ရှူသွင်းလိုက်တဲ့ လေဆိုးကြောင့် ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်မှု အပြင် နောက်ထပ် နည်းလမ်းပေါင်းများစွာနဲ့ လူ့ကျန်းမာရေးကို ထိခိုက် စေနိုင် ပါသေးတယ်။ လေထုထဲကို ရောက်သွားတဲ့ မီးခိုးတွေဟာ လေထုထဲက ရေခိုးရေငွေ့တွေနဲ့ ပေါင်းစပ်ပြီး မိုးပေါ် မရောက်ခင်မှာ
(၁)လူ့အရေပြားကို ထိခိုက်စေပါတယ်။ (၂) အ၀တ်အထည်မှ စပြီး အဆောက်အဦနဲ့ အိမ်သုတ်ဆေး များကိုတောင် ဆွေးစေ အရောင်ပျက်စေ ပါတယ်။ (၃) ပတ်ဝန်းကျင်က ကျေးငှက် တိရစ္ဆာန်နဲ့ အပင်တွေရဲ့ ကျန်းမာရေးကို ထိခိုက် စေပြီး အာဟာရ တန်ဖိုးကို လျော့ကျ စေပါတယ်။
မီးခိုးတွေနဲ့ ရေခိုးရေငွေ့တွေဟာ မိုးပေါ် ရောက်သွားတဲ့အခါ
(၁) အက်ဆစ် မိုးတိမ်တွေ ဖြစ်ပေါ် စေပါတယ်။ (၂) ကမ္ဘာ့လေထုကို ညစ်ညမ်းစေရုံသာမက ကမ္ဘာ့ မိုးလေ၀သ နဲ့ ရာသီ ဥတုကို ဖောက်ပြန် ပျက်စီး စေပါတယ်။ အဲလို ရာသီဥတု ဖောက်ပြန် ပျက်စီးမှုကြောင့် မုန်တိုင်း စတဲ့ သဘာဝ ကပ်ဘေး တွေ စဉ်ဆက် မပြတ် ဖြစ်ပေါ် ပြောင်းလဲ နေရတာ ဖြစ်ပါတယ်။ (၃) အဲဒီ အက်ဆစ် မိုးတိမ်တွေဟာ လေတိုက်နှုံး နဲ့ လေ တိုက်တဲ့ ဦးတည်ရာပေါ် မူတည်ပြီး မိုင်ပေါင်း ထောင်နဲ့ချီ ခရီးသွားနိုင်တဲ့ အတွက် ကမ္ဘာ့ တနေရာက ထုတ်လွှတ် နေပေ မယ့် တခြား နေရာ တခုကို ရောက်ရှိနိုင် ပါတယ်။ ဒီလို အက်ဆစ်မိုးတိမ်တွေ ကနေ အက်ဆစ်မိုးတွေ ရွာချ နိုင်ပါတယ်။

အက်ဆစ် မိုးဆိုတာ မြန်မာ လူမျိုး အများစု ထင်မှတ်ထားသလို မိုးရေ ဖြစ်ပေမယ့် သန့်ရှင်းတဲ့ မိုးရေ မဟုတ်ဘဲ အက်ဆစ် ဓာတ် (သို့မဟုတ်) အချဉ်ဓာတ် လွန်ကဲ ပြင်းပြစွာ ပါဝင်နေတဲ့ ကြောက်ဖို့ ကောင်းတဲ့ အက်ဆစ်ရေပဲ ဖြစ်ပါတယ်။
အက်ဆစ်မိုး ရွာချ ခံရတဲ့ လူ သို့မဟုတ် တိရစ္ဆာန်တွေမှာ အရေပြား မီးလောင် ဒဏ်ရာလို အနာတရ ဖြစ်တတ်ပါတယ်။ သာမန် အိမ်သုံး ဆေးဝါးနဲ့ ကုသလို့ မပျောက်ကင်း နိုင်တဲ့အနာပြဲ အနာကွက် ကြီးတွေ ဖြစ်တတ် ပါတယ်။ ဓာတုဗေဒ ဆေးဝါး လောင်မြိုက်လို့ ဖြစ်တဲ့ ဒဏ်ရာကို ကုသတဲ့ နည်းနဲ့မှ ကုသလို့ ပျောက်ကင်း နိုင်ပါတယ်။ မျက်စိထဲ ဒီလို ရေ၀င်ရင် အခန့်မသင့်ရင် ကန်းတတ်ပါတယ်။

အက်ဆစ်မိုးရေ ရွာချ ခံရတဲ့ သစ်ပင်များဟာ အင်မတန် အသက်ပြင်းတဲ့ အုန်းပင် များတောင် လောင်ကျွမ်း သေဆုံး တတ်ပါတယ်။ ဒီတော့ သာမန် စိုက်ခင်းတွေက သစ်ပင်တွေ လောင်ကျွမ်း ပျက်စီး သေဆုံးဖို့ ကတော့ ရာခိုင်နှုံး များလွန်း လှပါတယ်။ အက်ဆစ်မိုး ရွာချ ခံရတဲ့ စိုက်ခင်းက ဟင်းသီးဟင်းရွက် ပင်တွေဟာ မသေရင်တောင် ရောဂါ ဖြစ်တာမျိုး၊ အာဟာရ မပြည့်ဝ တော့ဘဲ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အာနိသင်တွေ ကူးစက် ခံရတာမျိုး ဖြစ်တတ်လို့ မစားသုံး သင့်တဲ့ အနေအထားထိ ဖြစ်ရတတ် ပါတယ်။

အက်ဆစ်မိုးရေ ရွာချ ခံရတဲ့ မြေပြင် ပေါ်မှာ စိုက်ပျိုး မိတဲ့ သီးနှံ များလဲ ဒီလိုပဲ အလားတူ အဖြစ်မျိုး ဖြစ်တတ် ပါတယ်။ အက်ဆစ် မိုးရေ တွေ မြေပြင် ပေါ်က တဆင့် မြစ်ချောင်းထဲ စီးဝင် ရောက်ရှိ သွားတဲ့ အခါ မြစ်ချောင်းထဲက ငါး အစရှိတဲ့ ရေသတ္တ၀ါတွေကို သေကြေ ပျက်စီး စေတာ၊ အနာတွေ ရောဂါတွေ ဖြစ်ပေါ် သေဆုံး စေနိုင် ပါတယ်။

ဒီ သိပ်များတဲ့ အက်ဆစ် မိုးရေတွေ မြစ်ဝ ကျွန်းပေါ် ဒေသတွေကို ရောက်တဲ့အခါ မြေဆီသြဇာ ကောင်းလှ ပါတယ် ဆိုတဲ့ မြစ်ဝကျွန်းပေါ် ဒေသ တွေက စိုက်ခင်းတွေ လယ်ကွင်း တွေပေါ်က သီးနှံ တွေဟာလဲ ရောဂါ ဖြစ်တာမျိုး၊ အာဟာရ မ ပြည့်ဝ တော့ဘဲ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အာနိသင်တွေ ကူးစက် ခံရတာမျိုး ဖြစ်တတ်လို့ အင်မတန် အဖျက် စွမ်းအား ကြီးတဲ့ အက်ဆစ်မိုးပဲ ဖြစ်ပါတယ်။ ဒီသီးနှံ တွေဟာ သူတို့ပေါ် ကျရောက်တဲ့ ပင်ဖျက် ရောဂါ ဒဏ်တွေကို မ ကာကွယ် နိုင်တော့တဲ့ အတွက် အထွက်နှုံး လျော့ကျ ရုံသာမက အာဟာရလဲ မပြည့်ဝ ပါဘူး။

အဲဒီလို ရောဂါဒဏ်ခံ အာဟာရ မပြည့်ဝတဲ့ သီးနှံ ဟင်းသီးဟင်းရွက်တွေကိုစားသုံး ရတဲ့ တိရစ္ဆာန်တွေရော လူတွေပါ ကျန်းမာရေး ထိခိုက် ချို့ယွင်း ကုန်ရတာမို့ စက်မှုဇုန်တွေကြောင့် ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ လူသား တွေကို တိုက်ရိုက်ရော သွယ်ဝိုက် ပြီးပါ ဆိုးကျိုး ဖြစ်ပွား စေသလို ဖျက်နှုံးလဲ ပြင်းလှ ပါတယ်။

ဒါကြောင့် လူများ အနေနဲ့ မသိလိုက် မသိဘာသာ မနေကြဘဲ ကိုယ့်ကို တိုက်ရိုက် ထိခိုက် ပတ်သက် လာနိုင်တဲ့ ကိုယ့် ပတ်ဝန်းကျင်က စက်ရုံတွေ စက်မှုဇုန်တွေကနေ ရေဆိုး မီးခိုးတွေကို အလွန်အကျွံ စည်းကမ်းမဲ့ စွန့်ထုတ်နေရင် တားဆီး ကာကွယ်မှု တွေ ပြုလုပ်သင့်ပါတယ်။ စီးပွားရေး ဆိုင်ရာ အကျိုးစီးပွား ဖြစ်တော့ ကုန်ထုတ် လုပ်ငန်း ပိုင်ရှင်တွေ၊ ကျန်းမာ ရေး ထိခိုက်တော့ အများပြည်သူ ဆိုတာမျိုး မဖြစ်သင့် ပါဘူး။ အပြန်အလှန် တူမျှတဲ့ လူသားချင်း စာနာမှုနဲ့ ထိန်းသိမ်းမှု ရှိပါမှ လူ့ယဉ်ကျေး ဖြစ်မှာပါ။



No comments: