Wednesday, August 27, 2008

ကျွန်မ မကျေလည်တဲ့ မီဒီယာ ဥပဒေနဲ့ လူမှုရေး ဦးတည်ချက်များ

ညီမငယ် ဘာညာက သတင်းစာ ဖတ်ပါဦး ဆိုလို့ ဖတ်ရင်း ဒီခံစားချက်ကြောင့် ဒီပို့စ် ရေးဖြစ် ပါတယ်။ ဒီရက်ပိုင်း မြန်မာ့အလင်းမှာ မထူးခြားသလို ရှိတဲ့သတင်းနဲ့ ထူးခြားသလို ရှိတဲ့ သတင်း ၂ခု တက်လာ ပါတယ်။ မထူးခြားသလို ရှိတာက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ သတင်း နဲ့ ထူးခြားသလို ရှိတာက အ၀တ် မလုံတဲ့ ဆိုင်းဘုတ်တွေ ပြန်ဖြုတ်သိမ်းတဲ့ သတင်းပါ။

ဟုတ်ကဲ့။ အပေါ်ယံကြော ကြည့်လိုက်ရင် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်း သလိုလို ပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့တနှစ် နီးပါးက ထွက်ခဲ့တဲ့ ဆယ်စက္ကန့် ဆိုတဲ့ ဟစ်ဟော့ပ် သီချင်းခွေ ထဲမှာ ကဲသာကဲ ဆိုတဲ့ သီချင်း တစ်ပုဒ်ကို မထင်မှတ်ဘဲ နားထောင် ခဲ့မိပါတယ်။ ဟစ်ဟော့ပ် သီချင်းကို ကျွန်မ မကြိုက်တာ ကျွန်မရဲ့ ကိုယ်ပိုင် ခံစားချက်ပါ။ ဒါကြောင့် ဘယ်တုန်းကမှ ၀ယ်ယူ နားထောင်ခြင်း မပြုဖူးပါ။ ခုလဲ သူငယ်ချင်း တစ်ယောက် ဖွင့်ထားလို့ မလွှဲသာကြား ကြားခဲ့ရာက နားကြားများ လွဲသလားလို့ ထပ်ကာ ထပ်ကာ နားထောင် မိပါတယ်။ အံ့သြတကြီးနဲ့ပေါ့။ စာသားက

“မင့်ကောင်မလေးသာ ခေါ်လာခဲ့… ဆွဲမှာပဲ… ကဲသာကဲ” တဲ့။

မြန်မာ့ ရိုးရာ အစဉ်အလာမှာ သူငယ်ချင်းရဲ့ ရည်းစား၊ မိန်းမ ဆိုတာ စိတ်နဲ့တောင် မပြစ်မှားရတဲ့ အထိ စည်းစောင့် ရပါတယ်။ ခုတော့ လူငယ်တွေကြား ရေပန်းစားတဲ့ ဟစ်ဟော့ပ် သီချင်း ရေစီးကြောင်းကို ခုတုံး လုပ်ပြီး လူစင်စစ်က တော်သလင်းခွေးလို ဖြစ်ချင်တိုင်းဖြစ်ဖို့ တွန်းအားပေး မြှောက်ပေး သလို ဖြစ်တဲ့ ဒီ သီချင်းခွေ ကိုတော့ ထုတ်ဝေ ဖြန့်ချီခွင့် ပြုပြီး မြန်မာ့ရိုးရာ စစ်စစ် ဖြစ်တဲ့ သီးလေးသီး အငြိမ့်ခွေ ဖြန့်ဖြူး ခွင့် ကျတော့ နည်းအမျိုးမျိုးနဲ့ ကန့်သတ် ပိတ်ပင် ထားလို့ လက်သိပ်ထိုး ကူးယူ ကြည့်ရှု နေတာ ကိုကျ ဥပဒေ ပုဒ်မ တပ်ကာ ဖမ်းဆီးတာ ဘာသဘော ပါလဲ။

မြန်မာ့ ရိုးရာ အစဉ်အလာ စစ်စစ် ဖြစ်တဲ့ သင်္ကြန် တွင်း သံချပ် ထိုးတာကိုကျ ပိတ်ပင်ပြီး ဘီယာနဲ့ အရက် ကြော်ငြာ မဏ္ဍပ် တွေပေါ် က နောက်ကျော တွေ မှာ အ၀တ်ကို မပါ ကြိုးလေး ၂ပင်သာ ချည် ထားတဲ့ ညဉ့်ငှက်မယ် တဖြစ်လဲ ကချေ သည် များကို လွတ် လပ်စွာ ကခွင့်၊ ကဲခွင့် ပေးထားတာရော ဘာအတွက်ပါလဲ။ ဟုတ်ကဲ့ ကြည့်လဲ လုပ်ကြ ပါ ပေါ်လစီ ချမှတ်သူ၊ အကောင်အထည်ဖော်သူ ဥပဒေ ပညာရှင်နဲ့ တရားသူကြီး ဆိုသူ တို့ရေ…

အ၀တ် မလုံတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းတာ မိုးကြိုးပစ်လို့ ထန်းလက်နဲ့ ကာသလား ဆိုတာ လေးလဲ တခု ထောက်ပြ ချင်ပါသေးတယ်။ ဟုတ်ကဲ့။ ဒီလို အ၀တ်တွေ ရောင်းဝယ် ဖောက်ကား နေတဲ့ ဆိုင်ကြီး ဆိုင်ကောင်း ခမ်းနားတဲ့ ဆိုင်တွေကို ဘယ်သူတွေ ပိုင်ပါသလဲ။ ဘာလို့ ရောင်းခွင့် ရနေ သလဲ။ ဒီလို မလုံခြုံတဲ့ အ၀တ်တွေ ၀တ်ဆင် ပြသ နေတဲ့ မော်ဒယ်လ် ရှိုးပွဲတွေကို ဘယ်သူတွေ ဦးဆောင် ကျင်းပ နေသလဲ။ ဒီလို မလုံခြုံတဲ့ အ၀တ်တွေ ၀တ်ဆင်ပြီး ဧည့်ခံ နေတဲ့ ဘီယာဆိုင်နဲ့ ကာရာအိုကေ ဆိုင်တွေကို ဘယ်သူတွေ ပိုင်ဆိုင် ထားသလဲ။ ဒါတွေကို ဘယ်သူက ဖြစ်ပွားခွင့် ပေးထားသလဲ။

ခုဆို ရန်ကုန်မြို့ လယ်ခေါင် မဟာဗန္ဓုလ လမ်းနဲ့ တခြား လမ်းတွေက ပလက်ဖောင်း တွေပေါ်မှာ အပြာ ကား တွေကို ပေါ်တင် ခင်းကျင်း ရောင်းချ ရုံသာ မက ယောက်ျားသုံးနဲ့ မိန်းမသုံး လိင်အင်္ဂါ ပစ္စည်း အတု များကိုပါ လမ်းဘေး ပလက်ဖောင်းပေါ် ခင်းကျင်း ရောင်းချ နေတာတွေကို ဘယ်သူကမှ မဖမ်းတဲ့ ကိစ္စ ပါပဲ။ ဂျေဂျေ နိုက်ကလပ်မှာ အ၀တ် မပါဘဲ ကနေတဲ့ အဖြစ်အပျက်ကို ကြားဖူးတာ ဆယ်စုနှစ် တစ်ခုစာ လောက် ကြာနေ ပါပြီ။ နိုင်ငံခြား ဘာသာ သင်တန်း တစ်ခုမှာ ယောက်ျားလေး အယောင်ဆောင် တက် ရောက် နေစဉ်က ကိုယ့်ကို ယောက်ျား ထင်လို့ သင်္ဘောသား လောင်းလျာများ လွတ်လွတ်လပ်လပ် ပြော ဆိုနေ တာကို နားနဲ့ ဆတ်ဆတ် ကြားဖူး ခဲ့တာပါ။ ပိုဆိုးတဲ့ အဖြစ်က သိမ်ကြီးဈေး ၀န်းကျင်က အခန်း တွင်း ဘီယာဆိုင်များနဲ့ အနှိပ်ခန်း များမှာ တည ဖျော်ဖြေခ ကျပ်ငွေ ဆယ့်ငါးသိန်း ပေးရင် လူ ဆယ် ယောက် ထိုင်တဲ့ ၀ိုင်း တစ်ဝိုင်းမှာ ကိုယ်လုံးတီး ဖျော်ဖြေ ရေးမယ် တစ်ယောက်က အရက်ငှဲ့ ပေး၊ ၀န်ဆောင်မှု ပေးနေတဲ့ ကိစ္စပါ။ ဒီလောက်တောင် အခြေအနေ ဆိုးသလား။ ဒါမျိုး ငါတို့ မြန်မာနိုင်ငံမှာ တကယ် ဖြစ်နေပြီ လားလို့ မယုံနိုင် လွန်းလို့ သူငယ်ချင်း များက အမျိုးသား ထံကို ဓာတ်ပုံများ ပေးပို့ လာပါတယ်။ ဓာတ်ပုံ များ သက်သေ အဖြစ် လက်ထဲ ရှိနေ ပေမယ့် ကျွန်မရဲ့ ဘလော့ စာမျက်နှာ ညစ်ညမ်းမှာ စိုးရိမ်တဲ့ အတွက် မဖော်ပြ တော့ပါဘူး။ ဒီ လုပ်ငန်း ပိုင်ရှင် တွေက ဘယ်သူတွေ ပါလဲ။ မိန်းမက မိခင်နဲ့ကလေး စောင့်ရှောက်ရေး တို့ အမျိုးသမီး

စွမ်းဆောင်ရှင်တို့ စတဲ့ အသင်းဝင် ရာထူး ယူထားပြီး ယောက်ျား လုပ်သူက အနှိပ်ခန်း ဖွင့်စား နေတဲ့ ဒီခေတ်ကြီးမှာ အ၀တ် မလုံတဲ့ ဆိုင်းဘုတ် ဖြုတ်တာလေး တစ်ခုနဲ့ တော့ မိုးကြိုး ပစ်တာကို ထန်းလက်နဲ့ ကာဖို့ ကြိုးစား တာဟာ သိပ် ကလေး ဆန်လွန်း ပါတယ်။

ဒီကိစ္စတွေဟာ ဘယ်သူ့မှာ တာဝန် ရှိပါသလဲ။ အနောက်တိုင်း ယဉ်ကျေးမှု ထိုးဖောက်တာ ခံ၇လို့ အနောက် တိုင်းကို အပြစ်ပုံ ချမယ် ဆိုရင်တော့ ယဉ်ကျေးမှု ၀န်ကြီး ဌာန မလိုအပ်တော့ တာမို့ ဖျက်သိမ်း လိုက်ဖို့သာ ကောင်းပါတယ်။ ဒီဝန်ကြီး ဌာန ရှိလျက်နဲ့ ဒီလောက် ဖြစ်နေမှတော့ ရှိဖို့ လိုအပ် သေးလို့ လားလို့ တွေးမိလို့ပါ။ ဒါမှ မဟုတ် သိသိနဲ့ ရည်ရွယ်ချက် ရှိရှိ တမင် ပေးဖြစ် ထားသလား ဆိုတာလဲ တွေးမိ ပါရဲ့။



ဘယ်အမျိုးရဲ့၊ ဘယ်မျိုးရိုးရဲ့ အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်း လက်ဆင့်ကမ်းဖို့ ဒါမျိုးတွေ ဖြစ်ပွားခွင့် ပေးနေတာ ပါလဲ။ လူမြင်တာတွေကျ ၀ါဒ ဖြန့် ကောင်းရုံ လုပ်ပြ နေပြီး အနှစ်သာရ ကိုကျတော့ ပြောင်းပြန် လှန်နေတာ၊ ခွင့်ပေး နေတာ အမြင် မတော်တာ ကြာလှ ပါပြီနော့…







နအဖခေတ် ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ လမ်းညွှန်မှု အောက်က မြန်မာပြည်တွင်း လူငယ်များရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ အင်္ဂလန်မှာမွေး အင်္ဂလန် နိုင်ငံသား အဖေနဲ့ အင်္ဂလန်မှာ ကြီးပြီး မိခင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈နှစ်သား ကတည်းက ခွဲခွာ ခဲ့ရတဲ့ သားငယ် ကိုထိန်လင်း စကော့တလန်မှာ ပါလီမန် တက်ရောက် နေပုံကို နှိုင်းယှဉ် ဖော်ပြ ထားတာ ဖြစ်ပါတယ်။ ကြိုက်တဲ့ ဂုဏ်သရေရှိ လူကြီး လူကောင်း များရဲ့ သားများရဲ့ နိုင်ငံခြားရောက် ၀တ်စား ဆင်ယင်မှုနဲ့ နှိုင်းယှဉ် နိုင်ပါသေးတယ်နော်။


8 comments:

Anonymous said...

right!!
i also hate this J-me song.
Really rude!

Anonymous said...

I like this post very much.GOOD!!!

ခင်မင်းဇော် said...

လှိုင်....
ကောင်းလိုက်တဲ့ ပို့စ် .....

Anonymous said...

Wow! Outstanding Post.
Some hiphopper in Myanmar are very rude. In another song, they ask each other "Hey,are there any girl wearing g-string? They think this is very modernized. They actually copy the bad things from foreign.
I also hate some of them.

Anonymous said...

မှူးဆိုတဲ့ သူရေ.. ရှင်ဘာကို မှူးသလဲတော့ မသိဘူးနော်.. ဓာတ်ပုံလေး ၂ပုံတည်းကို နှိုင်းယှဉ်ပြီး ပြောတယ်လို့ ထင်တာ ရှင် တော်တော် အမြင် ကျဉ်းသေးတာပဲ။ ကိုယ်ပြောချင်တာ ငါစကား နွားရ ပြောဖို့ အတွက် လိုချင်တဲ့အချက်ကို တဖက်သတ် ဆွဲပြီး ပြောသွားလိုက်တာ အထက်တန်း အဆင့် အောင်သူတောင် ရှင့်စိတ် ဘာကို ဦးတည် နေတယ် ဆိုတာ သိလောက်ပါရဲ့…

ကျွန်မရဲ့ ပို့စ် ခေါင်းစဉ် အရရော၊ ရှင် ထောက်ပြတဲ့ အချက် မရောက်ခင် စာပိုဒ် ကိုးပိုဒ် စလုံး ကပါ ကျွန်မရဲ့ အဓိက ဆိုလိုချက်ကို ရှင်းအောင် ရေးပြ ထားလျက်က တခြား ရှုထောင့်ကို မရောက်ရောက် အောင် အတင်း ဆွဲခေါ်သွားတဲ့ ရှင့် ကောမန့်က ဝေဖန်ရေး အရည်အချင်း မပြည့် လှဘူးရှင့်။ နောက်ပြီး ကျွန်မကလဲ မြန်မာ နိုင်ငံ နေရာ အနှံ့ မရောက်ဖူးသူ မဟုတ်ဘူးလေ။ ဒီရုပ်နဲ့ လူတွေက ကျွန်မ ကလေး ဘ၀ ၉၀ ပြည့်လွန် နှစ်များ ကတည်းက ရန်ကုန်နဲ့ မန်း သင်္ကြန်တွေမှာ ကျွန်မ မြင်ဖူးပေါင်း များလှပြီ။ ဟုတ်ကဲ့ အစိုးရ ရုံးစိုက်တာလဲ ဒီမြို့ကြီး တွေပဲ မဟုတ်လား။ ဒါတောင် ရှင်က ကျွန်မရဲ့ စာပိုဒ် ကိုးပိုဒ်ပါ အချက် တွေကို မဆွေးနွေးဘဲ နအဖ ကို အတင်းကြီး ကာကွယ် ပေးနေတော့ မဟုတ်မှ လွဲရော ရှင်က နအဖ တစ်ယောက် ပဲလား ဒါမှ မဟုတ် နအဖ ဆီက အခွင့်အရေး တစုံတရာ ရထားလို့ ဒီလို ရေးသလားပဲ မှန်းကြည့် နေမိတယ်။

ပန့်ခ် ဂီတ ခုံမင်သူ ၅ယောက်က လူဦးရေ ၅၆သန်းကို ကိုယ်စား မပြုသလို ရေကြည်တော် ၀တ်အသင်း က လူရာဂဏန်း ဟာလဲ လူဦးရေ ၅၆သန်းနဲ့ တကွ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တခုတည်းကတင် ထွက်တဲ့ အနှိပ်ခန်း ၃၀၀ ကျော်က သောင်းချီ နေတဲ့ ပြည့်တန်ဆာ တွေကို ကိုယ်စား မပြုပါဘူး။ နောက် ပြီး သမိုင်း ခ၀ဲခြံ တ၀ိုက်က တစ်ရက်ကို လူ၃၀ကျော်ကို ဒိုင်ခံ ဗိုက်ဖျက်ချ ပေးနေတဲ့ အရပ် လက်သည်တွေကို ကိုယ်စား မပြုပါဘူး။ ဒီလို ပြည့်တန်ဆာတွေ များပြား နေတာ၊ ဒီလို အကျင့် စာရိတ္တ ပျက်စီးမှု များပြား လာအောင် အပြာကားတွေ ပေါ်တင် ရောင်းခွင့် ပေးနေတာ၊ လိင် အပိုပစ္စည်းတွေ ပေါ်တင် ရောင်းနေတာကို မျက်ကွယ် ပြုထားတာ နအဖ မဟုတ်ရင် ဘယ်သူ့မှာ တာဝန် ရှိသလဲ ပြောလိုက်စမ်းပါ။

ဒေါ်အောင်ဆန်း စုကြည် မြန်မာ့ရိုးရာ ထိန်းသိမ်း ၀တ်စားတာ ကိုယ်လုံး အလှ ပေါ်ချင်လို့လို့ ရှင် ထပ်ခါ တလဲ စွပ်စွဲ နေတော့ ရှင့် အမေ၊ ရှင့်အဘွားတွေ ဘာအ၀တ် အစား ၀တ်ခဲ့လဲ လို့ ကျွန်မ ပြန်မေး ပါရစေ။ ကိုယ်နဲ့နှိုင်းတော့ မရိုင်း ပါဘူးတဲ့နော်။ ဒါဆိုရင် ရေကြည်တော် ၀တ်အသင်းက ငြိမ်းချမ်းစွာ ၀တ်စားပါတယ် ဆိုတဲ့ မိန်းကလေးတွေ ဘာအ၀တ်အစားများ ၀တ်ကြ ပါလိမ့်။ ရှင့်စကားနဲ့ရှင် ပဲ ပြန်ဖြေစမ်းပါဘိ။

ဒေါ်အောင်ဆန်းစုကြည် အောက်စဖိုဒ်မှာ ကျောင်းတက် နိုင်တာကို ကျွန်မ အထင်မကြီးပါဘူး ရှင်းတယ်နော် ဘာကြောင့်လဲ ဆိုတော့ ဒေါ်ခင်စန္ဒာဝင်းလဲ တက်ဖူးတာပဲလေ ဒါပေမယ့် အောက်စဖို့ တက္ကသိုလ် တက္ကသိုလ်က စကားရည်လုပွဲ စင်မြင့်တွေ ပေါ်မှာ ကမ္ဘာ့ ခေါင်းဆောင်လောင်း အသီးသီးနဲ့ စကားရည် ယှဉ်လုပြောဖို့ ဒေါ်အောင်ဆန်းစုကြည် စင်ပေါ် တက်လိုက်တိုင်း ပြိုင်ရဲသူ မရှိ ဖြစ်ရ လောက်အောင် အချက်အလက်ကျကျ ထိထိမိမိ ဂုဏ်သရေ ရှိစွာ စကားပြောတတ်လွန်းတဲ့ သူ့အရည် အချင်းကို လေးစားတယ်။ မြန်မာကို သိမ်းခဲ့ဖူးတဲ့ အင်္ဂလိပ်လူမျိုး မင်းမျိုးမင်းနွယ်ကို ရအောင် ယူပြီး မြန်မာ့ ယဉ်ကျေးမှုကို ပြန်လေးစား လိုက်နာ ခိုင်းနိုင်တဲ့ အရည်အချင်းကို သဘောကျတယ် ဒါပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူများလင်ကို ခိုးတဲ့သူမှ မဟုတ်ဘဲလေ.. လူပျိုလူလွတ် မင်းမျိုး မင်းနွယ် ကို ရအောင် ယူပြီး မြန်မာ့ အရေးကို ပြန်လုပ်ခိုင်း နိုင်တာမို့ ကျွန်မကတော့ နိုင်ငံခြားသားကို ယူတဲ့ အတွက် Globalization ခေတ်ကြီးမှာ သူ့ကို ဘယ်လိုမှ မအောက်မေ့ဘူးရှင်။

Anonymous said...

ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့မိသားစုကို တော်တော် တိုက်ခိုက်ချင်ပုံ ရတယ်နော် .. ကျွန်မရဲ့ ပို့စ်က အဓိက အကြောင်းအရာတွေကနေ သွေဖီပြီး ဒီမိန်းမ တစ်ယောက်ကိုပဲ ဦးတည်နေတာ ကျွန်မဖြင့် ရှင့်ရဲ့ သူ့အပေါ် စိတ်ဝင်စားမှုကို အသိအမှတ်မပြုဘဲ မနေနိုင် လောက်အောင်ပါပဲ :P
တစ်အချက်က ကျွန်မဟာ racism ကို မနှစ်သက်ဘဲ nationalism ကိုပဲ နှစ်သက်ပါတယ်။ လူမျိုးရေး အမြင် ကျဉ်းမှုကို လက်မခံ ပါဘူး။ ဘုရားဟာ သာကီဝင်ကိုမှ ရွေးပြီး တရားမဟော ပါဘူး။ လက်ထပ်ဖို့အရေး လူမျိုး ရေး ရွေးချယ်မှုဟာ ယဉ်ကျေးမှုနဲ့ တခြားစီပါ။ ရှင့်အဘွားက မွန်ဖြစ်ပြီး ရှင့်အမေက ကချင် ဖြစ်တာ ကျတော့ ရော လူမျိုး မတူဘဲ လက်ထပ်တာဟာ ဒေါ် အောင်ဆန်း စုကြည်နဲ့ ဘာထူးလဲ။ ကျွန်မ ရှင့် ဘိုးဘေး မျိုးရိုးကို ထိခိုက်ပြီး ပြောတာ မဟုတ်ဘူးနော်.. သူများ ကို လက်ညှိုးထိုးချင်တာနဲ့ ကိုယ့်စကား တာကျိုး နေတာကို ပြန်စဉ်းစားပါ။ ဘယ်နှစ်ခုနှစ် တည်းက ယူယူ.. မထူးပါဘူး ရှင်တို့ ဘိုးတော်ကြီး ကျန်စစ်သားလဲ မွန်မင်းသမီး ကို လက်ထပ် တာပါပဲ။ နိုင်ငံခြားသူ မိဘုရား ရှိတာပါပဲ။ မိန်းမမို့ယောက်ျားနဲ့ ပြိုင်စရာလား မေးရင် မွန်ဘုရင်မ ကြီး ရှင်စောပုလဲ မြန်မာ ကြင်ယာတော် ရှိတာပါပဲ။ လူတစ်ယောက်ကို အရည်အချင်း မပြိုင်နိုင်တာနဲ့ တခု တည်း သော အားနည်းချက် မဖြစ် ဖြစ်အောင် လူမျိုးရေး အမြင်တွေ ကျဉ်းပြ မနေပါနဲ့ရှင်။
နောက်ပြီး စကားပြောရင် တိကျ သေချာ ရှင်းလင်းအောင် ပြောရမယ့် အစား ဆုတ်သာ ခွာသာ ဖြစ်အောင် စကားကို လုံးချ ပြောတာ ကျွန်မ လက်မခံ ပါဘူး။ ရှင်ဆိုလိုချင်တဲ့ pros ဆိုတာ ဘာလဲ။ မြန်မာက အမေရိကန် ထက် အင်္ဂလန်ထက် သာတာ ဘာလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုလား။ ကလေးစစ်သားလား။ သိပံနဲ့ နည်းပညာ လား။ ဆေးပညာလား။ ဘာပိုသာတာလဲ။ ဟုတ်ကဲ့။ ခု ကျွန်မ ပြောတဲ့ ခေါင်းစဉ်ထဲက သာတာလေး ချရေးပေးပါ။ သက်သေပါ ပြပါ။ မြန်မာ့ ရှေ့ရေး အတွက် မကောင်းတာ လာမပြိုင်ပါနဲ့။ ကျွန်မ အဆိုးရှာဝါဒီ မဟုတ်ဘူး။ ရှင်က ပက်ပုန်းကို ဥပမာ ပေးတော့ ကျွန်မက ပြန်ဥပမာ ပေးမယ်။ ထိုင်းက ပက်ပုန်းထက် ဆိုးတဲ့ ပတ်တယားမှာတောင် တိုင်ပတ် အကကို လမ်းမပေါ် စင်ထိုးပြီး မကဘူး။ မြန်မာပြည်က အင်းလျားလမ်းနဲ့ မန်းလေး နန်းမြို့ရိုးရှေ့မှာ သင်္ကြန်တွင်း လမ်းမပေါ်က စင်ပေါ်မှာ တိုင်ပတ် အက ကတာ မြန်မာက ပိုသာတယ် ထင်လား။ ထိုင်းမှာ ပတ်တယားမှာတောင် လိင်အတု ပစ္စည်းကို ပလက်ဖောင်းပေါ် တင်မရောင်းဘူး ရန်ကုန်က ဆူးလေ ဘုရားလမ်းမှာ လမ်းဘေး ပလက်ဖောင်းပေါ် တင်ရောင်းတာ မြန်မာက ခေတ်မီတယ် ကောင်းတယ် ထင်လား။ ဒါဆို ရှင့် အဆင့်ကို ကျွန်မ မှန်းလို့ ရမယ်။
ဒေါ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှု မူကြောင့် မြန်မာ့စီးပွားရေး အပိတ်ခံရတယ်လို့ ရှင်ယုံရင် ဒေါ်စုကို ရှင်တအား အထင်ကြီးတာလား၊ တမင် အပြစ်ပုံချင်တာလား တခုခုပဲ။ ဒေါ်စုက ဘာမို့လို့ သူပြောတိုင်း တခြားတိုင်းပြည် က အာဏာပိုင်တွေက သူတို့ အကျိုးစီးပွား အထိခိုက်ခံပြီး ဒေါ်စု စကား နားထောင်ရမှာလဲ။ Visit Myanmar Year 1996 မအောင်မြင်တာ ဘာလို့လဲ သိချင်လား။ ကျွန်မသာ နိုင်ငံခြားသားဆို ရန်ကုန် မြို့လယ်ခေါင် လမ်း သွားရင် အိမ်သာ တက်ချင်လို့တောင် တက်စရာ အိမ်သာ သန့်သန့်ရှင်းရှင်း မရှိတဲ့ နိုင်ငံ၊ သွားလေရာ မီးပျက် နေမယ့် နိုင်ငံကို လာမလည်ချင်ဘူးရှင့်။ နောက်ပြီး ကိုယ့်ဒေါ်လာကို ရူးကြောင်ကြောင်နဲ့ အက်ဖ်အီးစီနဲ့ အနာခံ လဲရမယ့် နိုင်ငံကိုလဲ မလာချင်ဘူး ရှင်းတယ်နော်။ အဆိုးဆုံးကတော့ အီရတ်တို့ အာဖဂန်နစ္စတန် တို့လို စစ်ပွဲတွေမှာ စစ်ရေး သတင်းထောက် လုပ်ပြီး တိုက်ပွဲတွေကြား သွားလာ သတင်းယူတဲ့ ဂျပန် သတင်း ထောက် ခန်းဂျိ နာငအိ တစ်ယောက် ဆူးလေ ဘုရားရှေ့ လူပုံအလယ်မှာ ကင်မရာ မြှောက်ပြလျက်က အနီး ကပ် တေ့ဖြုတ် အသတ်ခံရလောက်အောင်တောင် စစ်သားကို စစ်ရေး နားလည်အောင် သင်မထားဘဲ ခါးပိုက် ဆောင်တပ်လို အသုံးချ နေတဲ့ တိုင်းပြည်ကို ပိုတောင် လာမလည်ချင်သေးတယ်ရှင်။ စစ်သားတစ်ယောက်ကို rules of engagement နဲ့ rule of shooting လောက်မှ သင်မပေးထားဘဲ လက်နက်တပ်ပေး ထားတဲ့ တိုင်းပြည်များ မလာရဲပေါင်။
စီးပွားရေးပိတ်ဆို့မှုလား။ ခုပေါ်လစီ တမျိုး၊ နောက်နေ့ နောက်ဝန်ကြီး ပြောင်းရင် နောက်ပေါ်လစီ တမျိုးနဲ့ အုပ်ချုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ် အာမခံချက် မရှိတဲ့ နိုင်ငံကို ကျွန်မသာ လုပ်ငန်းရှင် ဆိုရင် လာ စီးပွားရေး မလုပ်ဘူးရှင်။ ဒေါ်စု တားလို့တော့ မထင်လေနဲ့။ ဒေါ်စု ခေါ်လဲ မလာဘူး။ ရှင်းပလား။ ကိုယ့် အတွက် အကျိုးစီးပွား မသေချာတဲ့ နိုင်ငံခြား တိုင်းပြည်ကို ဘယ်နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်မှ လာရင်းနှီး မြှုပ်နှံမှု မလုပ်ဘူး။
U Than Shwe's daughter will never become pros because of Sanctions ဆိုတဲ့ စာကြောင်း ကျွန်မတော့ နား မလည် ဘူး သူကမ္ဘာကျော်ရတဲ့ အကြောင်းကတော့ စိန်စီသောည ဗီဒီယိုခွေကြောင့်ပဲ ဆိုတာတော့ သိပါရဲ့။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ဘာဆိုင်ပါလိမ့်။ စီးပွားရေး ပိတ်ဆို့ထားတာတောင် ဒီလောက် စိန်သီးအောင် ၀တ်နိုင်တယ် ဆိုတော့ စီးပွားရေး သာ မပိတ်ဆို့ရင် ဘာတွေ ၀တ်မလဲ မသိဘူးဗျ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မဖြစ်ခင် ဗိုလ်မှူးကြီး ဘ၀ကတော့ ဒီလို မချမ်းသာဘူးဆိုတာ သေချာပါတယ်။
ရွံစရာကောင်းတယ်လို့ တိုက်ရိုက်စာသား ရေးပြီးမှ ကျွန်မကို မတိုက်ခိုက်ဘဲ ကျွန်မက ရှင့်ကို ဘာလို့ တိုက်ခိုက်လဲ ဆိုတဲ့ စာသား ရေး ထွက်သေးတယ် ဆိုတော့ ရှင်ဘယ်လိုလူစားပါလိမ့်
ဗိုလ်ချုပ်အောင်ဆန်း ဘာစီးပွားရေးမှ မလုပ်ခဲ့ဘဲ ဒေါ်စုတို့သားအမိတွေ ငွေမရှာဘဲ oxford မှာ ကျောင်းတက်နိုင်တာ ဘာလို့လဲ ချည့် ရှင်သိချင်လို့ မေးနေတာလား သိလို့ မေးနေတာလား။ သိတယ်လို့ ပြောပြီးဖြေလဲ ယုံချင်မှ ယုံမှာ ဖြစ်သလို ကျွန်မ စိတ်ဝင်စားတာလဲ ဒါမဟုတ်ဘူး။ ဒေါ်ခင်ကြည်ဟာ သာမန် သူနာပြု တစ်ယောက်အဖြစ် အကြမ်းဖျင်းပဲ သူများသိပေမယ့် ကျွန်မ လေ့လာဖူးသမျှ ထဲမှာတော့ မြန်မာ့ ပထမဆုံး မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဌ အဖြစ် စွမ်းစွမ်းတမံ လုပ်ဆောင်ချက် တွေကြောင့် ပါလီမန် အမတ် ဖြစ်ရာက ပိုသြဇာ ကြီးလာ လို့ သံအမတ် ရာထူး မျက်နှာဖုံး တပ်ပြီး ပြည်ပကို နယ်နှင်လိုက်တာပါပဲ။ ကျွန်မ စိတ်ဝင်စားတာက သူတို့ မိသားစုက တိုင်းပြည်နဲ့ လူမျိုး ဆီကနေ အရှက်ရစရာ အမြတ်ထုတ်မှု ဘာတစ်ခုမှ မကျူးလွန်ခဲ့တာဘဲ။
ဒေါ်စု အစာငတ်ခံ ဆန္ဒပြတာ ဘာအတွက်လဲ ကျွန်မ မသေချာဘူး။ ကျွန်မနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ယူဆလို့ ကျွန်မ ဒီလောက် အသည်းအသန် စိတ်မ၀င်စားဘူး။ ဒါပေမယ့် ဒေါ်စုလို အမျိုးသမီး တစ်ယောက် ကို တရားဥပဒေနဲ့ ဆန့်ကျင်စွာ ၅နှစ်ထက် ကျော်ပြီး ဥပဒေမဲ့ အကြောင်းပြချက်မဲ့ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ တိုင်းပြည်ရဲ့ ဥပဒေကိုတော့ မြန်မာ နိုင်ငံသား တစ်ယောက် ဖြစ်တဲ့ ကျွန်မအတွက် ကိုယ့်တိုင်းပြည်ရဲ့ မင်းမဲ့စရိုက်က ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်လို့ စိတ်ဝင်စားတယ်။ ကဲ… ကျွန်မရဲ့ မေးခွန်း တွေ ရှင်ဖြေနိုင်ရင် ပြီးတော့ တခြား အလုပ်မရှိ ဘဲ ကျွန်မရဲ့ ဒီပို့စ်ကို ထိုင်ပြီး misdirection လုပ်ဖို့ အလုပ်တစ်ခုပဲ ရှိတာဆိုရင် ရှင်ဖြေပေတော့နော့။

Anonymous said...

Khon Mya Hlaing,
The dogs are baking on the road. So, please shut the door and sleep so well. Oh! i am not lucky today, on the way to Khon May Hlaing, I am meeting Na a pah fellow dogs and unbelieveable man who dares to blame General Aung Sun. Shup up guys (or gays)!This blog is not for such -----( i can't find the right words for both of u but u r so disgusting).
Ok, see u later Khon Mya Hlaing. I will be back when the dogs already gone to the toilet of Than Shwe.

Anonymous said...

တချို့လူတွေဟာဘာလို့ အဖြူကိုတွေ့နေရဲ့သားနဲ့ အမည်းလို့ငြင်းချင်နေကြတာလဲမသိဘူး။ အစ်မရဲ့စာအရေးအသားတွေကို ကြိုက်ပါတယ်။ ကော်မန့်တွေကိုချက်ကျကျ ပြန်ဖြေနိုင်တာကို လဲ အားကျတယ်။ အားပေးနေတယ် အစ်မ။