Thursday, March 27, 2008

မတ်လ ၂၇ ရက်နေ့ = တော်လှန်ရေးနေ့ (၆၃ နှစ်မြောက် ခရီး အမှတ်တရ)

တော်လှန်ရေးနေ့ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၆၃ နှစ် ရှိခဲ့ပြီ။ လွန်ခဲ့တဲ့ ၆၃ နှစ်ဆီက ဖက်ဆစ်ကို တော်လှန်သူ ဗမာ့ ကာကွယ်ရေး တပ်မတော် ဘီဒီအေကို ပြည်သူများက အောင်သပြေနဲ့ အောင်စံပယ် ပန်းကုံး များဖြင့် နှစ်ထောင်း အားရစွာ ကြိုဆို ဂုဏ်ပြု ခဲ့ကြသည်။ ၁၉၄၅ မတ်လ ၂၇ နေ့တွင် မြန်မာ တနိုင်ငံလုံးက ဖက်ဆစ် တို့ကို တညီ တညာတည်း တော်လှန် ခဲ့ကြပြီး လွတ်လပ်ရေး အတွက် တိုက်ယူ ခဲ့ကြရာ ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်။ ၃ နှစ် မပြည့်မီ အချိန် အတွင်း ရွှေရည်စိမ် လွတ်လပ်ရေးကို လွတ်လပ်ရေး အစစ် ဖြစ်အောင် တိုက်ယူ ခဲ့ကြသည်။ ပြည်သူ တို့ရဲ့ အသက် အိုးအိမ် စည်းစိမ်နဲ့ ကိုယ့်မင်း ကိုယ်ချင်း၊ ကိုယ့်နိုင်ငံ ကိုယ်အုပ်ချုပ်ခွင့်ကို ကိုယ်တိုင် ရရှိ ခံစား နိုင်အောင် ဗမာ့ ကာကွယ်ရေး တပ်မတော် သား များက အသက်ကို ပဓာန မထားဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက် ပေးခဲ့ ကြသည်။ ထို့ကြောင့်လဲ ဘီဒီအေခေတ် ဗမာ့ တပ်မတော်သား များသည် ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရုံမက မိန်းကလေးရှင် များကပင် အိမ်ကနေ ဆီးပြီး ပုဆိုး ဆင်ပေးရ ပေးရ ဆိုသည့် အတိုင်း ဖြစ်ခဲ့ ကြသည်။ လောကဗျူဟာ ကျမ်း တွင် ဖော်ပြထားသည်မှာ

“တိုင်းပြည်နဲ့ လူမျိုးရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်ရန် ပါဏာတိ ပါတာ ကံကို ခံယူကာ တာဝန်ယူ ပေးသောကြောင့် ကျေးဇူး တင်ထိုက်သော တပ်မတော်” တဲ့။ “ ရဲသော် မသေ၊ သေသော် ငရဲ မလား” ဆိုတဲ့ မမှန်သော စကား ဘယ်တုန်းက ပေါ်ခဲ့ သလဲ မသိ။ ၁၉၉၂ ခုနှစ်တွင် ကက (ကြည်း) မှ ထုတ်ဝေသော ဦး၊ ရေး၊ ထောက် ဆိုင်ရာ အရာရှိများ လက်စွဲ စာစောင်၊ စာမျက်နှာ (၇၉)၊ စာပိုဒ်ရေ (၈၈) တွင် ဖော်ပြ ထားသည်မှာ

(က) ပြည်သူ လူထု အပေါ် သစ္စာ စောင့်သိ ရိုသေပါ။
(ခ) ပြည်သူလူထု ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ် စောင့်ရှောက်ပါ။
(ဂ) ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ။ ရေလို/ လလို ကျင့်ပါတဲ့။
စာသားလေး ကောင်းပါသည်။ သို့သော် ပြည်သူ လူထု အပေါ် ဆူနာမီလို ကျင့်တာ ကိုတော့ စက်တင်ဘာ ၂၀၀၇ တွင် ကိုယ်တွေ့ မြင်လိုက် ရသည်။

၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် နှစ်နိုင်ငံ နယ်စပ် ကုန်သည်ကြီးများ အသင်း များက ကြီးမှူးပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အစည်းအဝေး လုပ်နေ ကြချိန်။ သောင်ရင်းမြစ်ကို နယ်စည်း ထားလျက် ထိုင်းနိုင်ငံ မဲဆောက် ဘက်ကမ်း တွင် ထို အစည်းအဝေး ကျင်းပရာ နေရာရဲ့ အနီး အနားက စားသောက်ဆိုင် များမှ ၀န်ထမ်း ကလေးမ ကလေး များနဲ့ ဂျပန်များ ရင်းရင်းနှီးနှီး စကားပြော နေသည်ကို တိတ်တိတ် နားထောင် မိသည်။

“ဒီဘက်ကမ်းကို လာအလုပ် လုပ်ရတာ အဆင်ပြေလား”
“ဒီလိုပါပဲ… ဗမာ စစ်သား တွေနဲ့ တွေ့ရင် ကံဆိုးတာပဲ။ တစ်ယောက် မြစ်ကူးခ ငါးရာ ပေးရတဲ့ အပြင် တောင်းထဲ ခြင်းထဲ ပါသမျှ သူတို့ လိုချင်တာ ရှိရင် နှိုက်ယူ ထားလိုက် တာပဲ။”
“ဟင်.. မပေးဘဲ ပြန်လု ရင်ရော.. သူတို့ အထက် လူကြီးကို ပြန်တိုင် ရင်ရော… ”
“အမယ်လေး.. တော်ကြာ တားမြစ် ကုန်စည် မိပါတယ် ဆိုပြီး ကိုယ့်ကို ထိုးကျွေး လိုက်ရင် ဘယ်လို လုပ်မလဲ။ ထောင်ကျ တာက နောက်မှ.. အချုပ်ထဲ နေရတုန်း ရိုက်တာ နဲ့တင် အသက်ထွက် နေပါ့မယ်” .. တဲ့။
“ဒါဖြင့် သူပုန်တွေ ကရော ဆိုးသလား”
ဖြေနေသူ ထမင်းချက် မိန်းကလေး မျက်လုံးထဲ မီးဝင်းဝင်းတောက် သွားသည်။
“တိုင်းရင်းသား တပ်တွေက သဘော ကောင်းတယ်။ လှေခပဲ ယူတဲ့ အပြင် အထုပ်အပိုး ကူသယ်ပေး သေးတယ်။ နှမ သားချင်းလဲ စာနာတယ်။ ပါးစပ်သရမ်း လက်သရမ်း မလုပ်ဘူး အမ… ဗမာ စစ်တပ်နဲ့ တခြားစီ… ”

ဘုရားရေ… ကျွန်မ ကြားခဲ့ ဖူးသမျှ ရုပ်ရှင် ၀တ္ထု ဇာတ်လမ်း များထဲက အဖြစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါ ကလား။ ငါ ဘယ်သူ တွေနဲ့များ စကား ပြောနေ မိပါလိမ့်။ ဧကန္တ သူမ တို့က သူပုန်မ တွေများလား။ ဒါကြောင့် သူတို့ကိုယ် သူတို့ အမွှမ်း တင်ပြီး ဗမာ စစ်သား များ မကောင်းကြောင်း ပြောနေလေ ရော့သလား။ ကိုယ့်နားကို မယုံလို့ မရတာမို့ သူမတို့ ပြောတာ ဟုတ်မဟုတ် သိရအောင် တခါ တခေါက် စမ်းကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။

ချစ်ကြည်ရေး တံတားကြီး ကို ဖြတ်ပြီး မြ၀တီ မြို့ထဲ အရဲစွန့် ၀င်လာ ခဲ့သည်။ ဘာမှ မထူးခြား။ ကိုယ့်ကို ဘောက်ဆတ်ဆတ် မေးနေ စာရင်း ဖြည့်ခိုင်း နေပေ မယ့်လဲ နားလည် ပေးလို့ ရသည်။ မတစ်ထောင်သား အူကြောင်ကြောင် များ ရောနှော ပါနေသော သည်လောက် လူအများကြီးကို တနေကုန် မနားမနေ ဆက်ဆံ ရသော ဘယ်သူမဆို စိတ်တို နေနိုင်ပါသည်။ စားသောက်ဆိုင်က ကလေးမများ ပြောသလို အဖြစ်မျိုးတော့ မကြုံခဲ့ရ။ ဥပဓိ ကြောင့်လဲ ဖြစ်ချင် ဖြစ်မည်။ ကိုယ့်ရုပ်က နယ်ခံ များနဲ့ လုံးလုံး မတူ။ သည်လိုနဲ့ ဈေးထဲသာ ရောက်လာသည်။ ဘာမှ မထူးခြား။ နေနှင့်ဦး.. ပေါက်ကရ ပြောလွှတ်သော ကလေးမ များကို အပြန် ကျမှ ၀င်ဆူ ဦးမည်။ နေပူလာလို့ ထီးကိုင် ရမှာ ပျင်းလို့ ဖက်ခမောက် တစ်ချပ် ၀ယ်ဆောင်း ရင်း ဆက်လျှောက် လာတော့ လမ်းဘေးမှာ လှည်းလေးနဲ့ ရောင်းသော ရခိုင် မုန့်တီဆိုင်…. စိုစွတ်လာသော လျှာရည် များကို ဂလု ကနဲ သိမ်းပြီး ဆိုင်ဘေး ထဲ ၀င်ထိုင် လိုက်သည်။

“တစ်ပွဲ ဘယ်လောက်လဲ”
“အကြော်နဲ့ တပွဲ နှစ်ရာ”

ဘုရား.. ဈေးကြီးလိုက်တာ ၂ဆ ဖြစ်သွားပြီ။ နယ်စပ်မြို့မို့ ထင်ပါရဲ့။ ဒါပေမယ့် မြန်မာစာ ဝေးနေ လွမ်းနေ ခဲ့ရတာ ကြာပြီမို့ ရခိုင်မုန့်တီ ပူပူ စပ်စပ်ကို တရှူးရှူး နဲ့ စားနေတုန်း ကိုယ့်ဘေးက ခုံကို ကန်ရွှေ့ရင်း ဆိုင်ထဲ ၀င်လာသော လူစိမ်းစိမ်း တစ်ယောက်။ မျက်ခုံးရှုံ့ရင်း မော့ကြည့်မိတော့ ပုခုံးမှာ အပွင့် တစ်ပွင့်နဲ့။ သပ်ရပ် တောက်ပြောင်စွာ ၀တ်စားထားသော အနှီ လူစိမ်းစိမ်းက မထေမဲ့မြင် ပြောင်စပ်စပ် ပြန်ကြည့်တာ ခံလိုက် ရသည်။ စပ်ဖျင်းဖျင်း ဖြစ်သွားခိုက်

“ရခိုင်မုန့်တီ ငါးဆယ်ဖိုး ထည့်… မရောင်း တတ်ရင် စည်ပင် သာယာကို ခေါ်လိုက်မယ်.. သဘော ပေါက်တယ် နော်”
“ဖြီးးး”
သီးသွားသော ရခိုင် မုန့်တီကြောင့် မျက်ရည်လဲ ထွက်ရင်း ပန်းကန်ပါ မှောက် သွားသည်။ ကမန်းကတန်း အထလိုက် ထိုင်ခုံပါ လဲကျ… ဆိုင်ရှင် မိန်းကလေး ကတော့ မျက်နှာသေနဲ့ ရေတခွက် လှမ်းပေးသည်။ လဲကျ သွားသော ထိုင်ခုံကို ပြန်ကောက်ရင်း ထိုလူစိမ်းစိမ်းကို ထိုထိုင်ခုံနဲ့ ထမရိုက် မိအောင် စိတ်ကို အနိုင်နိုင် ချုပ်တည်းရင်း စားသောက်ဆိုင်က ကလေးမလေး ပြောသော စကားကို ချက်ချင်း သတိရ လိုက်မိသည်။

“အမယ်လေး.. တော်ကြာ တားမြစ် ကုန်စည် မိပါတယ် ဆိုပြီး ကိုယ့်ကို ထိုးကျွေး လိုက်ရင် ဘယ်လို လုပ်မလဲ။ ထောင်ကျတာက နောက်မှ.. အချုပ်ထဲ နေရတုန်း ရိုက်တာ နဲ့တင် အသက်ထွက် နေပါ့မယ်” .. တဲ့။

ငါးခုံးမ တစ်ကောင်ကြောင့် တလှေလုံး ပုပ်သလား.. တလှေလုံးက ငါးခုံးမတွေ ကြားထဲ ငါးကြင်း တစ်ကောင် တစ်လေ ပါနေ သည်လား.. လူတိုင်းက ဒီလူ တစ်ယောက် ထဲနဲ့ တွေ့ခဲ့ တာတော့ မဖြစ်နိုင်။ မြန်မြန် ကမ်းပြန် ကူးပြီး မဲဆောက်က ထမင်းဆိုင်ထဲ ညစာ စားနေခိုက်

ကုန်သည်များနဲ့ ကားသမား များက ပြော၏

မြ၀တီကနေ ရန်ကုန် အထိ ဂိတ်ပေါင်း ၃၀ ကျော်တယ်ဗျာ.. တဂိတ် အနည်းဆုံး ၂၀၀ ပေးရတယ် မပေးရင် ကားပေး မဖြတ်ဘူး။ ခေါင်းပေါ် ဆောင်းထားတဲ့ ဦးထုပ် ပေါ်က နိုင်ငံတော် တံဆိပ်ကြီးရဲ့ မျက်နှာတောင် မထောက် ဘူးဗျာ။ ဒီငွေတွေ အတွက် ကုန်ကျ စရိတ်ကို ကုန်စည် တွေပေါ် မတင်လို့ ကျွန်တော်တို့ ဘာနဲ့ သွားစား မလဲ။ ပြီးတော့ ကုန်သည်တွေ အမြတ် ကြီးစားတယ် ဖြစ်သေး တယ်ဗျာ။ မှောင်ခိုသမားပဲ ခံပေါ့ လို့တော့ ကိုယ်ချင်း မစာ မပြောနဲ့ဗျ။ ပါမစ်က သူတို့တွေပဲ ရတာ.. ကျွန်တော်တို့ ဘယ်လောက် လျှောက် လျှောက် ပါမစ် မကျဘူး။ ဘာသွား လုပ်စားရ မလဲဗျာ.. ဒီကြားထဲ ဘယ်ဂိတ်က ဘယ်သူက @#$%^&

အကောက်ခွန် ၀န်ထမ်းများက ညည်း၏
ကျွန်တော်တို့ အကောက်ခွန် ၀န်ထမ်းတွေ သရဲမရဲ စီးနေတယ်.. လာဘ်စား တယ်ပဲ မြင်နေ ကြတယ်ဗျာ.. ကျွန်တော် တို့မှာ မင်းတို့က အကောက်ခွန် ကပဲ .. ငထောတွေ.. ငါတို့ကို တလ သိန်း ၃၀ ရှာပေး ဆိုလဲ ရှာပေး ရတာ ပါပဲဗျာ… နေရတာ နယ်စွန် နယ်ဖျား မဟုတ်လား.. သူတို့ လက်ခုပ် ထဲမှာလေ.. တခါတလေ ကျတော့ အိမ်ကတောင် သိန်းချီ ငွေပို့ ရတယ်ဗျာ။ အလုပ်လဲ ပေးမထွက်ဘူး။ အချင်းချင်း နေရာလုရင် အချောင် ထိုးကျွေး ခံရ သေးတယ်။ အဆိုးဆုံးက တော့ဗျာ @#$%^&

အလုပ်သမား လူရွယ်တစ်ဦးကပြော၏
ကျွန်တော်တို့ ဂက်စ်ပိုက် လိုင်းတွေ တပ်တုန်း ကတော့ စစ်ဆေးရေး ၀င်တုန်း လာစောင့် ပေးရတဲ့ ရဲဘော် တွေကို ပြင်သစ် စခန်း ဘက်က အန်ကယ် ကြီးက ထမင်း ကျွေးတော့ တစ်ယောက် ကြက်တစ်ခြမ်း ဝေပေးတာ ရဲဘော်တွေ မစား ကြဘူး။ သူတို့ သားသမီးတွေ လူပျို ပေါက်သာ ဖြစ်ရော ကြက်သား မစားဖူး သေးလို့ ဆိုပြီး မစားဘဲ ဟန်းကောထဲ ပြန်ထည့်တာ မြင်ဖူးတယ်ဗျ… ဒါနဲ့ နောက်ပိုင်း @#$%^
သံဃာတော် တစ်ပါးက ပြော၏
ဒကာတို့ရယ်.. ကိုယ်တော်တို့ကိုလဲ ဘုရားသားတော် စစ်စစ်ကနေ လိမ်မော်သီးတွေ ဆိုပြီး ငေါက်ငမ်းရင်း စစ်လိုက် ဆေးလိုက်တာ မပြောပါနဲ့တော့။ သာသနာတော် သမိုင်းကြောင်း နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်မှာ ဒီတခါလောက် ဘုရား သားတော်တွေ စော်ကား ခံရတာ ရှိသေးရဲ့လား မသိ ပါဘူးဗျာ.. ပြုသူ အသစ် ဖြစ်သူ အဟောင်းမို့ ၀ဋ်ကြွေးလို့ပဲ မှတ်ပါတယ်..

ဝဋ်တွေ.. ၀ဋ်တွေ…
သြော်.. တော်လှန်ရေးနေ့ သည်နေ့ ၆၃နှစ် ပြည့်ခဲ့ပြီ… အချိန်ဟာ အရာရာကို ပြောင်းလဲ စေသတဲ့။ သူမပြောင်းလဲ နိုင်တာ ကတော့ သမိုင်းကြောင်း ပါ။ ကောင်းသည် ဖြစ်စေ .. ဆိုးသည် ဖြစ်စေ.. အဖြစ်အပျက် အရာရာက ပြည်သူ့ နှလုံးသားထဲ အရိပ် စွဲရင်း စကား အဆင့်ဆင့် ကမ်းရင်း သမိုင်း ကျန်ခဲ့မည်သာ… သို့သော် ထိုသမိုင်းကို လူက လုပ်လေသည်။ ကောင်းသော ပြောင်းလဲခြင်းဖြင့် သမိုင်းတစ်ခေတ် ဆန်းသစ် ပါစေ လို့သာ ဆုတောင်းရင်း…


1 comment:

စိုးထက် - Soe Htet ! said...

သမိုင်းတစ်ခေတ် ဆန်းသစ် ချိန်ရောက်လုနီးပါပြီ ... အာလုံး .. ညီညွတ်ဖို့ပဲ ... လိုပါတယ် ...