Thursday, March 27, 2008

ဆူးကျိုး

“ဆူးပေါ် ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျ ဖက်ပေါက်” လို့ ရှေးခေတ်က လူကြီး သူမများက မိန်းကလေး များကို ယောက်ျားလေး များနဲ့ ဆက်ဆံရာမှာ အစစ သတိထားစေဖို့ ကာကွယ် ပေးတဲ့ အနေနဲ့ ဒီစကားလေး ချန်ထားခဲ့ ပါတယ်။ ယောက်ျားလေး များအတွက် ကျတော့ ရဲရင့်စေဖို့ ဆိုတာထက် နည်းနည်း တဖက်စွန်း ကျ တဲ့ “ယောက်ျား လေးပဲ။ ထောင် အပြင် တန်း မရှိပါဘူး” ဆိုတဲ့ စကားကို ထားခဲ့ ပါတယ်။ တကယ် ဒီစကားများ မှန်ကန် ပါရဲ့လား။ ကျွန်မ ကတော့ ဆူးကျိုးလေး များကို ကိုယ်တွေ့ မြင်ဖူး ပါတယ်နော်။ ဆူးကျိုး လေးများ အကြောင်းကို ဇာတ်လမ်း ဖွဲ့ပြီး ရေးချင်တာ ကြာပြီ ဖြစ်ပေမယ့် တလွဲ အဓိပ္ပာယ် ကောက်ယူ တတ်သူ များကြောင့် အဆိပ် သင့်သော စာ ဖြစ်မှာ စိုးလို့ ချိန်ဆ နေခဲ့ရာက အမျိုးမျိုး ဘက်ပေါင်းစုံက စဉ်းစားပြီး တလွဲသုံးသူ များအတွက် အဆိပ်သင့်မှု အနည်း ဆုံး ဖြစ်အောင် ကြိုးစား ရေးသား ထားပါတယ်။ ယူတတ်ရင် ဆေး၊ မယူတတ်ရင် ဘေး ပေါ့နော်။ ရှေးခေတ် မြန်မာ့ ရိုးရာ ဆေးစွမ်းကောင်းတွေ နည်းလမ်း ကောင်းတွေ ကို ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ရှေးလူကြီး တွေက ပညာ လျှိုလို့ ပညာ ကောင်းတွေ ပပျောက် ကုန်တယ်လို့ အပြစ် တင်လဲ ခံရရဲ့.. ထားခဲ့ ပြန်ရင်လဲ လူကောင်း နဲ့ လူဆိုး မှာ လူဆိုးများလို့ အဆိုးနည်း အတွက် သုံးမှာ ကြောက်လို့ ပညာကို မလျှို ချင်ဘဲ လျှိုခဲ့ ရတဲ့၊ ကိုယ့် ရှာဖွေ တွေ့ ရှိမှု ကိုမှ ကိုယ် ဖွင့်မချ ပြခဲ့ရတဲ့ ရှေးခေတ် မြန်မာ့ ပညာရှင် များကို နှိုင်းယှဉ်တာ မဟုတ် ပေမယ့် နွားခြေရာ ခွက်ထဲ ကနေ ပင်လယ်ကို လှမ်းမျှော် ကိုယ်ချင်းစာ မိတဲ့ ပို့စ် လဲ ဖြစ်ပါတယ်။
********************************************

တစ်ဦးတည်းသော သမီး သင်းရနံ့မှာ နွဲ့ဆိုး ဆိုးစရာ ဆိုလို့ ဒီအကို ၀မ်းကွဲ တစ်ယောက် သာ ရှိသည်။ ဒါတောင် မိဘများ နယ်အပြောင်းမှာ မောင်နှမ နှစ်ယောက်သား တကွဲတပြား ဖြစ်ခဲ့ ကြသေးသည်။ ပြန်ဆုံတော့ တက္ကသိုလ်ပင် ရောက်နေ ကြပြီ။ သို့သော် အလွန် ပါးရည် နပ်ရည် ရှိသော အကိုက သင်းရနံ့ကို တစ်ခွန်း ကြိုမှာ ထားသော စကားမှာ

“ညီမလေးနဲ့ အကို မောင်နှမ ဆိုတာ ဘယ်သူမှ မသိစေနဲ့။ အကိုလဲ မပြောဘူး။ ညီမလေးလဲ မပြောနဲ့။ ဒါမှ အပြင် လူတွေ ကိုယ်တို့အကြောင်း ကိုယ်တို့ ရှေ့မှာ ပြောလာ ခဲ့ရင် အချင်းချင်း ပြန်ပြော သတိပေးလို့ ရအောင်လို့.. သိလား ညီမလေး။ အကိုလဲ ညီမလေးကို တိတ်တိတ် စောင့်ရှောက် ပါ့မယ်။ ပြီးတော့ အကို့ သူငယ်ချင်းတွေက ညီမလေးကို အကို့ ညီမမှန်း သိရင် ယောက်ဖ ခေါ်မှာ အခေါ် မခံချင်ဘူး။ နားလည်ပြီနော်” .. တဲ့

အဲလို အကို တစ်ယောက်ကို ပိုင်ဆိုင်သော အဆိုတော် ရူးလေး သင်းရနံ့… အကို ၀ယ်ပေးတဲ့ 3 in 1 memory stick လေးကို သဘောကျ နေသည်။ MP3 Player နဲ့ recorder ပါသော ယူအက်စ်ဘီမို့ သီချင်း နားထောင်လိုက်.. သီချင်းကို အလိုက်သင့် ပြန်ဆိုပြီး ကိုယ့်အသံ ကိုယ်ပြန်သွင်း လိုက်နဲ့ ဟန် အကျကြီး ကျနေသည်။ သို့သော် ဒီ ယူအက်စ်ဘီ ၀ယ်ပေး ရတဲ့ ရည်ရွယ်ချက် ကိုတော့ သဘော မကျပါ။ ဒါကြောင့် မယူ ဘူး စိတ်ကောက်တယ် ဆိုပြီး ပြန်ပေးရ အခက်၊ ယူထားဖို့ အခက် ဖြစ်နေရသည်။

အကြောင်းက အကို့ ရည်းစားနဲ့ သင်းရနံ့က တက္ကသိုလ်မှာ တစက်မှ မျက်နှာကြော မတည့်။ သူက လူရှေ့ သူရှေ့တွင် မခုတ်တတ်သော ကြောင် ပေါက်စန လေး။ ကွယ်ရာတွင် လှစ်ကနဲ လှစ်ကနဲ ပြောထွက် တတ်သော စကားလုံး လေးများက မျက်နှာပေးနဲ့ တစက်မှ မလိုက်။ မိဘ ဆွေမျိုး များက အကိုနဲ့ သူ့ ရည်းစားကို လုံးဝ သဘော မတူ။ သူ့ရည်းစားက ချောလှ သလောက် မာန ကြီးသည်ဟု နာမည်ကြီး သော် လည်း နာမည်ပျက် သိုးသိုး သန့်သန့် ရှိသည်။ သို့သော် ချောလို့ လှလို့ မနာလိုသူ တွေက အပုပ်ချ တာမို့ နားလည် ခွင့်လွှတ် လိုက်ပါ ဆိုသော စကားကို သူမရဲ့ အမ များက အချိုသတ် ပြောထွက် လေသည်။ အဖေ နာတာရှည် ရောဂါသည်ကြီး နဲ့ အမတွေနဲ့ အတူနေရ ရှာသော မိတဆိုး အငယ်ဆုံး သမီး လေးမို့ ဟုဆိုကာ သင်းရနံ့ရဲ့ အကို ကတော့ အသနား ပိုလျက် အချစ်ကြီး ချစ်ရှာ လေသည်။ သို့သော် အာရုံ ခံမှု အားကောင်း သော သင်းရနံ့ အတွက်မူ သူမသည် ရိုးသား ချင်ယောင် ဆောင်နေရင်း အကို့ကို ညာနေ သည်ဟု လုံးဝ တထစ်ချ ယုံကြည် နေမိ သော်လည်း အထောက် အထား က ပြစရာ မရှိသေး။ ထို့ကြောင့် ပြောမိ လျှင်လဲ အချော အလှမှာ နာမည် ကြီးမို့ မနာလိုလို့ နာမည် ဖျက်သည်ဟု အပြော အဆိုက ခံရ ပေဦးမည်။ ဒါကြောင့် ရေငုံ နှုတ်ပိတ် နေနေရသည်။

မိဘ ဆွေမျိုး များနဲ့ သူငယ်ချင်း များက တားနေ လျက်က အကိုတော်က ရှေ့ဆက် ဇွတ်တိုးသည်။ နောက်ဆုံး သူ့ကို တားသော သူများ အားလုံးကို အဆက် ဖြတ်ကာ တဇွတ်ထိုး ဇွတ်တိုး လေတော့သည်။ ထို့ပြင် အတည် ယူရန် ဟု ဆိုကာ စီးပွားရေး လုပ်ငန်းများ ထူထောင်ခြင်း၊ အိမ်ခန်း တိုက်ခန်း များကို ကိုယ့်သဘောနဲ့ ကိုယ် ၀ယ်ခြမ်း ပြင်ဆင် ခြင်းတို့ကို လျှို့ဝှက် စီစဉ် လေတော့သည်။ ထိုအကြောင်းကို သူ့ရည်စား မယ်မင်း ကြီးမက ဂုဏ်ယူ စွာဖြင့် ကြွားလေ သောအခါ သင်းရနံ့မှာ မိမိ အကို၏ အဖြစ်ကို ရင်မ မိလေသည်။ အကို့ကို ပြန် မေးတော့ မိဘ များကို ပြန်မပြောရန် နှမတော်ကို သည် ယူအက်စ်ဘီနဲ့ နှုတ်ပိတ် လေသည်။ ဒါကြောင့် သည် နှုတ်ပိတ် လက်ဆောင်ကို လိုချင် သော်လည်း မလိုချင်။
************************************************

တက္ကသိုလ် တစ်ဖက် စာရင်းကိုင် တစ်ဖက် တွဲတက်နေသော သင်းရနံ့ အတွက် သူငယ်ချင်း များနဲ့ ဈေးဝယ် ထွက်ခြင်း၊ စကားဝိုင်း ဖွဲ့ကာ နေကြာစေ့ကို အတင်းနဲ့ မြည်းခြင်း တို့အတွက် အချိန် မပေးနိုင်။ တက္ကသိုလ် က ကိုယ့်အခန်း ထဲတွင် ဘယ်သူက ဘယ်နေမှန်း သိဖို့ မပြောနဲ့ စိတ်တောင် မ၀င်စားအား.. စာရင်းကိုင် သင်တန်း စာမေးပွဲ အတွက် မေးခွန်း ဟောင်းများ စုထားတာ ရှိသည် ဆိုသော သင်တန်းသူ အသစ် သူငယ်ချင်း ရဲ့ အိမ်မှာ ဒီနေ့ မနက် စာလိုက် လုပ်ဖြစ်သည်။ သူငယ်ချင်း အိမ်မှာ အလတ်တန်းစား လူတန်းစား နေသော ရက်ကွက်ထဲက အိမ်လေး ပီပီ ခြံစည်းရိုးနဲ့ အိမ်တွေနဲ့ ကပ်နေသည်မို့ သည်ဘက်အိမ်က စကားကို ဘေးအိမ်က အတိုင်းသား ကြားရ လေသည်။ သင်းရနံ့ အတွက် သူငယ်ချင်းက အအေး သွားဖျော်နေစဉ် ဘေးအိမ်ကို ငေးနေမိသော သင်းရနံ့ တစ်ယောက် ဘေးအိမ်က မြင်ကွင်းကြောင့် မျက်လုံး အ၀ိုင်းသားနဲ့ ကြက်သေ သေနေ မိရာက ပြတင်းပေါက်က ခန်းဆီး ကန့်လန့်ကာနဲ့ မိမိ ကိုယ်ကို ကမန်းကတန်း ကွယ်လိုက် ရသည်။ ကွယ်မယ့်သာ ကွယ်ရသည်.. သူတို့ကတော့ သင်းရနံ့ကို မြင်ပုံမပေါ်…

အက်စ်အီး လီမိတက် အဖြူလေး ပေါ် တက်ခါနီး သဘောင်္သား နဲ့ တူသလို ဟန်ရှိ သူကို ကားတံခါး ပေါက်နား ထိ လိုက်ပို့နေသော အကို့ ရည်းစား.. မျက်နှာ ငွေလ ရွှင်ပပ နဲ့ ခင်မ ၀မ်းမြောက် နေလေဟန်.. လက်ထဲက မွေးပွ အရုပ်ကြီးကို အသည်း ယားစဖွယ် ပွတ်သပ် နေရင်း ရွှန်းရွှန်း စားစား အကြည်ဆိုက် နေလေသည်။ ထို့နောက် တာ့တာ.. ဘိုင့်ဘိုင် အပိုင် ချိုင်ဟန်နဲ့ နှုတ်ခွန်း ဆက်သ မ၀တ၀ ဟန်နဲ့ လက်ပြရင်း ကျန်ခဲ့ လေသည်။ သူမ အိမ်ထဲ ပြန်အ၀င်တွင် သူ့အမကြီး ဖြစ်ဟန် တူသူရဲ့ အသံက ခပ်ကြိတ်ကြိတ် ပေမယ့် နံရံပါး နှစ်ချပ်ခြား သော်လည်း ဖွင့်ထားတဲ့ ပြတင်း ဘက်ကို သူ့အိမ်ထဲက ပန်ကာက လှည့်ဖွင့် ထားသည်မို့ လေပြေက စကားသံ တို့ကို သင်းရနံ့ထံ သယ်ဆောင် လာခဲ့ လေသည်။ ထို့အတူ အကို နှုတ်ပိတ်ခ ပေးထား သော ယူအက်စ်ဘီလေးရဲ့ အသံ ဖမ်းစက် လေးက အသံတိတ် အလုပ် လုပ်ခဲ့ လေသည်။

“ဟဲ့ မိကလျာ.. ဆူးပေါ်ဖက်ကျ ဖက်ပေါက်နော်…”
“ဟားဟား မမကြီး ကလဲကွာ.. အဲဒါ ရှေးခေတ်က အတွေးပါ.. မကြီး ကလဲ ဒိတ်အောက် နေပြီ။ ဒီခေတ်က ဆူးကျိုးတဲ့ ခေတ်…”
“ညည်းလုပ်မှ အဆန်းဖြစ်နေပြန်ရော.. လင်းစမ်း ပါဦး … ညည်းရဲ့ ဆူးချိုးနည်း”
“ပထမဆုံး ကိုယ့်ကိုယ်ကို baby innocent လေးလို့ ထင်ခံရအောင် နေပုံ ထိုင်ပုံ ပြောပုံ တွေးပုံ လေးတွေကို ကလေး ဆန်ဆန် နေပြမယ်။ တုံးလိုက် အလိုက်တာ .. ကိုယ့် ကိုယ်ကိုတောင် နေရာ ယူတတ် ရကောင်းမှန်း မသိဘူး လို့ ထင်ပြီး သနားလာ တဲ့အထိ နေတတ် ပြောတတ်ရင် ဖြစ်ပါတယ်။ အရမ်း ကြောက်တတ်၊ သနားတတ်၊ ကိုယ်ချင်းစာတတ်၊ သူများကို ပျော်စေချင် လွန်းတတ် ဟန်ဆောင် လိုက်ရင် အေးဆေး။ ကိုယ့်ကို သူတို့ လျှော့တွက် ဖို့က အရေး အကြီးဆုံး။
ဒုတိယ အဆင့် အနေနဲ့ ကိုယ့်ကို လေးစား လောက်စရာ အရည်အချင်း တခုခု တော်နေတာ၊ ဒါမှမဟုတ် အတွေး အခေါ် တစ်ခုခု ထက်မြက် နေတာ၊ ဒါမှ မဟုတ် စိတ်ကောင်းလေး သိပ်ရှိတာ ဆိုတာမျိုး သူမြင်အောင် ပြလိုက် ရုံပဲ။ သနား တာနဲ့ အထင် ကြီးတာ ၂မျိုးပေါင်း ဆိုရင် သူတို့ စိတ်ထဲမှာ ကိုယ်က တော်တော် နေရာ ရနေ ပါပြီ။ လူတော်တော် များများက သနားတာနဲ့ ချစ်တာ၊ အထင် ကြီးတာနဲ့ ချစ်တာကို မကွဲပြား တတ်ကြ ဘူး မဟုတ်လား။

ကိုဇော်ဆန်းလို ကိုယ့်ကိုယ်ကို အထင်ကြီး တတ်တဲ့ ယောက်ျားစား ဆိုရင် ကိုယ့်ကိုယ်ကို ပိုအထင် ကြီးပြီး အောက်ခြေ လွတ်တဲ့ အထိ ဘ၀င်မြင့် သွားအောင် “ ကိုကြီး ကမှ အတော်ဆုံး၊ ဒီလို အတွေးလေး တွေက သိပ်ဟုတ်တာပဲ။ ကိုကြီး ကိုမှ မီးငယ်က အထင်ကြီး ဆုံး” ဘာညာနဲ့ ခုနကလို မသိမသာ ပင့်ပေးလိုက် ရုံပေါ့။ ဒီတော့ သူလဲ သူ့ပတ်ဝန်းကျင်နဲ့ ကင်းကွာ သွားပြီး သူ့ကို စေတနာနဲ့ သတိပေး စကား ပြောတဲ့ သူက အစ သူ ရန်လုပ် တော့မယ်လေ.. သူ့ကို အထင် သေးရ ကောင်းလား ဆိုပြီး သူ့အတ္တနဲ့ မာန ကို ထိခိုက် တာကိုးး။ သူ အဲလို ထင်အောင်လဲ ကလျာက အဲလို မသိမသာ ပင့်ပေးမှာပေါ့။ ဟတ်ဟတ်။ ဒီလိုနည်းနဲ့ သူ့အနားမှာ ကိုယ်ကလွဲလို့ တခြားလူ လုံးဝ ကပ်မရ တော့ လောက်အောင် သူ့ကို ဘ၀င်ရူး ပေးလုပ် လိုက်ပြီးရင် သူ့ကို အားလုံးက အထင် လွဲပြီး သူ့နားမှာ ဘယ် သူ မှ မရှိလဲ ကလျာ ရှိတယ်လို့ သူယုံအောင် ကလျာက ချွဲမှာပေါ့။ ကို့ကို ချစ်ဆုံးမို့ ဘာမှကို မငဲ့ နိုင်ဘူး။ ကိုယ့် နာမည် ရှေ့ရေး ဘာဆို ဘာ တခုမှ မငဲ့နိုင်ဘူး .. ကို့ကို တအား ချစ်တယ် ရူးလောက်အောင် ချစ်တယ် လို့ ချွဲရင် သူ ဘာခံနိုင် မှာလဲ ဟဲဟဲ… ဒီတော့ သူ့ စည်းစိမ် အားလုံး ပုံအပ် လာလိမ့်မယ်။ အားလုံး ကိုယ့်လက် ထဲ ရောက်လာရင် ပြီးပြီပေါ့။

ကိုကိုလတ်လို ကိုယ့်ကိုယ်ကို စိတ်ကောင်း ရှိတယ် ဆိုပြီး ကယ်တင် ရှင်ကြီး လုပ်ချင် တတ်တဲ့ ယောက်ျားစား ကျတော့ သူတို့ကိုယ် သူ တို့ ပိုလေးစား ရလောက်အောင် ကယ်တင် ရှင်ကြီး ပေးလုပ် ရမယ့် အခြေအနေတွေ ဖန်တီး ပေးတတ် ရမယ်။ ကိုယ်ဆိုးကြောင်း သူတို့ရှေ့မှာ ပေါ်သွားလဲ အကြောင်း မဟုတ်ဘူး။ ပတ်ဝန်းကျင် ကြောင့် ဆိုးသွား ရတာပါ.. ပဲ့ပြင် ပေးရင် ရလောက် ပါတယ်လို့ အထင်စိတ် ၀င်လာအောင် နေပေး လိုက်ရုံပဲ။ သူ့ခမျာ အထီးကျန် နေတာ.. ဒါကြောင့် ဆိုးတာပါ။ ငါက ထိန်းသိမ်း ပဲ့ပြင် ပေးမှပါ… ဒါမှ အချစ်စစ်.. သူ့ခမျာ ငါပြောရင်တော့ နားထောင် ရှာပါတယ် လို့ သူ့စိတ်ထဲ ၀င်လာအောင် ထင်မြင် လာအောင် လမ်းကြောင်း ပေးမယ် လေ..

ဒွန်းလို ဟော့ရှော့ သမား အနောက်တိုင်း ယဉ်ကျေးမှုကို… နိုင်ငံခြားကို အထင်ကြီး နေတဲ့သူ ကျတော့ ကိုယ်ကောင်းတယ် ထင်ရင် ဘာကြီး ဖြစ်နေနေ ကိုယ်လိုချင်တာ ရရင် ပြီးတာပဲ.. ကိုယ်နဲ့ပဲ ပေါင်းတာမို့ ပတ်ဝန်းကျင်ကို ငဲ့နေစရာ မလိုပါဘူး.. အချစ်နဲ့ ဖီးလ် ရှိဖို့ပဲ လိုတယ် ဆိုတဲ့ အနောက်တိုင်း ယဉ်ကျေးမှုကို အခွင့်အရေး ယူလိုက် ရုံပေါ့ ဟဲဟဲ…”

“ကောင်းရောအေ.. ညည်းလုပ်တိုင်း ဖြစ်မှာ တဲ့လား။ ညည်း အဲလို လုပ်ထားမှန်း ပေါ်ကုန်ရင် ဘယ်လို လုပ်မလဲ။ ပြီးတော့ ညည်း တွဲနေတာ တစ်ယောက် တည်းလဲ မဟုတ်ဘူး။ တပြိုင်တည်း သုံးလေးယောက်။ အဲဒါကို အချင်းချင်း ပြန်သိ ကုန်ရင် ညည်း ဘယ်လို လုပ်မလဲ။ ဒီအရွယ် ဒီအတန်းမှာ ဒီလောက် တုံးအ ပါ့မလားလို့ သူတို့ ဘက်က တွေးချင် တွေးမှာပေါ့။”

“ဒါလေးများ … မီးငယ်က ကိုကြီး ကိုသာ ချစ်လွန်းလို့ မရှက်တာ.. သူများတွေ သိကုန်ရင် အဖေ ဆူမယ်.. အမ တွေကို ကြောက်ရတယ်.. ငယ်ငယ် ရွယ်ရွယ်နဲ့ ရည်းစား ထားမှန်း သိရင် ဆူလိမ့်မယ် .. ကြောက်တယ်လို့ ပြောထား ပြီး ကလျာနဲ့ ချစ်သူ ဖြစ်နေတာ ဘယ်သူမှ မသိပါ စေနဲ့နော် လို့ ပိတ်ထားမှာပေါ့။ ဒီအရွယ် ဒီအတန်း ရောက်လဲ မီးငယ်က အငယ်ဆုံး လေးလေ။ တအိမ်လုံးက အလိုလိုက် ထားတဲ့ အငယ်ဆုံးလေး.. ဟဲဟဲ”

“မတော်တဆ တိုက်ဆိုင်ပြီး အချင်းချင်း မျက်နှာချင်းဆိုင် တွေ့နေမှ အခက်ပါအေ…”
“အဲဒီတော့လဲ အကို ၀မ်းကွဲ ဆိုပြီး အချင်းချင်း မိတ်ဆက်ပေး ထားလိုက် မှာပေါ့လို့… ”
“ဒါဆို ခု ကိုကိုလတ်က ညည်းနဲ့ လက်ထပ်ဖို့ ပြင်ဆင် နေပြီဆို.. ဒါပေမယ့် ဇော်ဆန်းနဲ့ ဒွန်း က ခုလို ၀င်ထွက်နေတော့ ညည်းက ဘယ်သူ့ကို တကယ် ရွေးမှာတုန်း”

“အခြေအနေ အရပေါ့ မမကြီးရာ.. ကိုကိုလတ်က အရူးအမူး မွှန်နေပြီး အတည် ကြံပေမယ့် သူ့အိမ်က ကလျာနဲ့ သဘော မတူဘူးလေး ဘာလေးနဲ့ ဆိုတော့ ဘာစည်းစိမ်မှ ပါလာမှာ မဟုတ်ဘူး။ ကိုဇော်ဆန်းနဲ့ ဒွန်း က လောလော ဆယ် အတည် ဖွင့် မပြောသေး ပေမယ့် သူတို့လဲ တော်တော်တော့ ကြွေနေပုံပါ။ သူတို့ နှစ်ယောက် ထဲက တစ်ယောက်ယောက် လက်ထပ်ခွင့် တောင်းလာ ခဲ့ရင်တော့ ကလျာနဲ့ သဘော မတူနိုင် ပါဘူး ဆိုတဲ့ ကိုကိုလတ် ရဲ့ အသိုင်းအ၀ိုင်းက လူတွေ ကိုကိုလတ်ကို ကလျာက ခေါက်ထား ခဲ့တာပါ ဆိုတဲ့ စကား တစ်ခွန်းနဲ့ နေရစ် ခဲ့ကြ ပေတော့ပေါ့… ဟင်းဟင်း”
“မြတ်စွာဘုရား… ”
“ရှူးတိုးတိုး.. ပါးပါး ကြားသွားဦးမယ်”
“သူ အိပ်နေပါတယ်ဟယ်”
“ဒါဆို ပြီးရော”
****************************************************************

ဒီလို မိန်းမစား တွေနဲ့ တွေ့ပြီး မခံချင် စိတ်နဲ့ တလွဲ ပြန်လက်စား ချေဖို့ ကြိုးစားရင်း မိန်းမ ပွေရင်း အကျင့် စာရိတ္တ ဆူးကျိုး သွားတဲ့ လူတွေ… ဒေါသ စိတ်ကို မထိန်းနိုင်ဘဲ ရာဇ၀တ်မှု ကျူးလွန် မိလို့ ယောက်ျားကောင်း ဆိုတဲ့ နာမည် သမိုင်း ဆူးကျိုး သွားတဲ့ လူတွေ ဘယ်နှစ်ယောက် ရှိခဲ့ ပြီလဲ။ ကိုယ်က မြတ်နိုး တန်ဖိုးထား လေးစား ခဲ့ရသူ တစ်ယောက်ရဲ့ သစာ မဲ့မှုကြောင့် စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ် ကို ယုံကြည်မှု၊ မှန်မှန် ကန်ကန် နေထိုင်တတ်သူ တခြားလူတွေနဲ့ ဆက်ဆံရာမှာ လူသားချင်း လေးစား ယုံကြည်မှု ဆူးကျိုး သွားတဲ့ လူတွေ… ဘယ်နှစ်ယောက် ရှိခဲ့ ပြီလဲ။ မိသားစု ပတ်ဝန်းကျင် သူငယ်ချင်း အပေါင်းအသင်း လူမှု အသိုင်းအ၀ိုင်း ထဲ ၀င်ဆံ့မှု ဆူးကျိုး သွားတဲ့ သူတွေ ဘယ်နှစ်ယောက် ရှိခဲ့ ပြီလဲ။

“ဆူးပေါ်ဖက်ကျ .. ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျ ဖက်ပေါက်” တဲ့။ အမြဲ မှန်ကန် ရဲ့လား။
ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချပြီး သင်းရနံ့ သူငယ်ချင်းကို သူ့အိမ်က ဖုန်း ပေးဆက်ရန် ခွင့်တောင်းပြီး အကို့ကို ဖုန်းဆက် ခေါ်ပြီး အကို့ သူငယ်ချင်းရဲ့ ကားနဲ့ တိတ်တိတ်လေး လာကြိုဖို့ ပူဆာ လိုက်သည်။ ကားရောက်တော့ ညီမရဲ့ ထူးဆန်းတဲ့ အပြုအမူကို အကိုက အထူးတဆန်း ကြည့်ရင်း အလိုက်သိစွာ ဘာမှ မပြော။ အိမ်ရှေ့ကို ပြန်ရောက် တော့မှ

“ကိုကို”
“ပြော.. ညီမလေး”
“ကိုကိုရဲ့ ယူအက်စ်ဘီ ဟောသည်မှာ.. ညီမလေး မယူတော့ဘူး။ ဒါပေမယ့် အထဲမှာ ပါတဲ့ အသံတွေကို ကိုကို သေချာ နားထောင်ပါ။ ညီမလေး သူငယ်ချင်းရဲ့ အိမ်ဘေးက ဘယ်သူ့ အိမ်လဲ ဆိုတာ ကိုကို သိပါတယ်။ အထဲက အသံရှင် ဘယ်သူ ဆိုတာ ကိုလဲ ကိုကို သိပါတယ်။ ကိုကို နားထောင် ပြီးရင် စိတ်ကြိုက် ဆုံးဖြတ်ပါ။ ညီမလေး ဒီအကြောင်းကို ကြီးကြီးတို့ အပါအ၀င် ဘယ်သူ့ဆို ဘယ်သူ့ ကိုမှ မပြောပြ ပါဘူး။ ဒါပေမယ့် ညီမလေး ကိုကို့ဆီက ကတိ တစ်ခုတော့ တောင်းပါရစေ။ အဲဒီကတိ ကိုတော့ ကိုကိုပေးပါ။”
ဖြူစင်စွာ ချစ်ခဲ့သော အကိုရဲ့ အချစ်နဲ့ သနားမှု တို့ကို အခွင့်အရေး ယူမှုကြောင့် ခံပြင်းမှု ဒေါသ မျက်ရည်တို့ တသွင်သွင် စီးနေသော အနီရောင် မျက်နှာဖြင့် ညီမကို ကြည့်ရင်း ကိုကို ခေါင်းတစ်ချက် ဖြေးညင်းစွာ ငြိမ့်သည်။
“မထိုက်တန်သူ တစ်ယောက် အတွက်နဲ့ ကိုကို့ ဘ၀ကို မဆုံးရှုံး ပါစေနဲ့။ ကိုကို့ အချစ်နဲ့ ဘ၀တို့နဲ့ ထိုက်တန် တဲ့ သူကို ကိုကို ရှာတွေ့ ပါစေ။ ကိုကို့ ဘ၀ လမ်းကြောင်းကို ကိုကို ကိုယ်တိုင် ရွေးချယ်ပါ။ ကိုကို ကံကောင်း ပါစေ။ ညီမလေး သွားမယ်။ ”
********************************************************************
ကံကောင်း ထောက်မစွာ ကိုကို ဆိုတဲ့ ဆူးတစ်ချောင်း မကျိုး ခဲ့ပါ။ ထို့အတူ ကိုကိုနဲ့ သင်းရနံ့တို့ မောင်နှမ ဆိုတာ ကိုလဲ ဘွဲ့ရသည် အထိ ဘယ်သူမှ သိမသွား ခဲ့ကြပါ။ ကိုကိုက ပြတ်စဲဖို့ ပြောချိန်တွင် ကလျာက ဟားတိုက် ရယ်မော အနှမြော မရှိခဲ့ ဘူးတဲ့။ ယောက်ျားကောင်း တစ်ယောက် ဖြစ်သော ကိုကိုက သည် ရှက်အိုးကွဲ ကို ဘယ်သူ့ကိုမှ ထုတ်ဖော် ပြောခြင်း မရှိခဲ့ပါ။ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရာ ရောက်သည်လေ။ သို့သော် အတွက် အချက် ကျွမ်းကျင် ပိုင်နိုင် လှပြီလို့ ထင်တလုံး နေခဲ့သော ကလျာ့ ကိုလဲ ဘယ်သူ ကမှ လက်မထပ် ခဲ့ကြပါ။ ကမ္ဘာ ကြီးသည် အလုံး လိုက်ကြီး လည်ပတ် နေပါသည်။ လောက ကြီးတွင် ပြန် မပေါ် သော လျှို့ဝှက်ချက်သည် ရှိပါသလား။ ဆူးကို ချိုးသော ဖက်သည်လည်း နောက်ဆုံးတော့ ရွက်ကြွေ တစ်ရွက် အဖြစ်သာ….

(ကိုယ်တွေ့ ဇာတ်လမ်း ကို ဇာတ်ကြောနဲ့ ဇာတ်ကောင်တို့ ရဲ့ နာမည်များ လွှဲပြောင်း ရေးသား ထားပါသည်။ ထို့အတူ ယောက်ျားဆိုး များကြောင့် မိန်းကလေးများ ပျက်စီး ရတတ်ပုံ၊ ထိုမိန်းကလေး များက လက်စား ချေလိုစိတ်ဖြင့် မိန်းမဆိုးလေးများ ဖြစ်လာ ကြပုံတို့ တင်ပြ ပါဦးမည်။)

4 comments:

တန်ခူး said...

ဇာတ်လမ်း ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အရေးအသား၊titleအားလုံးအရမ်းကောင်းပါတယ်။ အဲဒီလို ရှေ့ကျတော့ မခုတ်တတ်တဲ့ကြောင်၊ နောက်ကျတော့ မိန်းမလယ်သိန်းကြွယ်တွေတွေ့ဖူးတယ်။ သူငယ်ချင်းတယောက်ရဲ့မိန်းမဆို ယောင်္ကျားရှေ့ကျအရမ်းဖြူစင်အပစ်ကင်းသလိုနေပြီး ယောင်္ကျားကွယ်ရာမှာ သူဇာတိရုပ်အမှန်ပြတာ တော်တော်အသဲယားဖို့ကောင်းတယ်။ ဘာမှမသိရှာတဲ့၊စိတ်ထားကောင်းတဲ့ သူငယ်ချင်းကို ကြည့်ကြည့်ပြီး သနားတယ်။ သူကတော့ပျော်နေတာပဲ။ တကယ်တော့ သူ့ဆူးကျိုးသွားတာ သူကိုယ်တိုင်မသိတာပဲ။ နောက်လာမယ့် ဇာတ်လမ်းလေးတွေစောင့်ဖတ်နေမယ်။

စူး said...

အမှန်တရားတွေ.. အဲလို မိန်းမတွေကြောင့် မိန်းမကောင်းတွေ နာမည်ပျက်တာ။ နောက်ပီး ယောကျာင်္းတွေကလဲ မိန်းမများ ချောလှပီး စကားချိုပီဆိုရင် အောက်သွားမရှိကြတော့ဘူးလေ..ဟီးဟီး
တွေ့ ဖူးတယ် အဲလို မိန်းမမျိုးတွေ
သွက်တာ ထက်တာနဲ့ ကလက်တာ အကွာကြီး ဆိုတာ သိဖို့ပဲ အရေးကြီးတာပါ။

Anonymous said...

nice post!
waiting for ur next post...

လင်းလက်ကြယ်စင် said...

ဇတ်လမ်းဖွဲ့စည်းတင်ပြပုံလေးက အရမ်းသိမ်မွေ့ပြီး မှတ်သားသင့်စရာတွေပါတယ်။ ကလျာလိုမိန်းကလေးတစ်ယောက် လုပ်ရပ်ကတော့ မတွေးဝံ့ ၊ မလုပ်ဝံ့သော လုပ်ရပ်တစ်ခုပါ။ အေးအေးဆေးဆေးပဲ နေတာကောင်းပါတယ်နော်။