Saturday, March 22, 2008

မြန်မာ့ကလေးကစားနည်းများနဲ့ ကျွန်မ (၁)

ကြီးတောင့်ကြီးမားနဲ့ သူငယ်ပြန်ပြီး ပြန်ဆော့ချင်တယ်လို့ ထင်ကြမလား မသိဘူးနော်.. ဒါပေမယ့် ကလေး တုန်းက အကြောင်းတွေ ပြန်စဉ်းစားမိတိုင်း ဆော့တာပဲ မှတ်မိတာမို့ သတိရ မိတာ လေးတွေ ချရေး လိုက်တာ ပါ။ လူကြီး ဖြစ်တော့လဲ ဆက်လက် ကစားနေရဆဲ ကစားနည်းလေးများလို့ တွေးမိလို့ပါ..

စိန်ပြေးတမ်း

ပြေးချင်ပြီး ဘယ်သူကမှ မလိုက် ချင်ကြ သောကြောင့် မဲနှိုက် ခိုင်းပြီး မဲကျ သူကို လိုက်သူ အဖြစ် ရွေးပြီးမှ လိုက်စေခြင်း၊ အမိ ခံရ သူက ပြန်လိုက် ရခြင်း တို့ဖြင့် ပျော်ပျော်ကြီး ကစားရသော ကစားနည်းလေ။ ဘ၀ လောကဓံမှာ ကိုယ်က မလိုချင်သော လောကဓံကို ရှောင်ပြေး နေရ ချိန်တွင် ကလေး ဘ၀တုန်းကလို ပြေးရင်း တန်းလန်းပင် ပျော်ပျော် နေတတ်အောင် ကျင့်ပေးသော စိန်ပြေး လိုက်တမ်း ကလေး သံချပ် လေးကို သတိ တရ ဆိုပြီး ရယ်မော ပစ်လိုက်တော့ စိတ်ဖိအားများ လျော့နည်း ပပျောက် သွားခဲ့သည်။ ဟုတ်ပါသည်။ စိန်ခေါ်ရင် ဘွာမခတ်ကြေးပါ။ ဘ၀ စိန်ပြေးတမ်းတွင် ထိုင်ဘုတ် မရှိ။ သို့သော် မိတ္တဗလ ကောင်းလျှင်တော့ ကျောက်ရုပ် ကျောက်ဖျက် ကစားတမ်းလို မလွတ်နိုင် လောက်ရင် ကျောက်ရုပ် ဟု အော်ကာ ကူသူ ကယ်သူ မျှော်လို့တော့ ရနိုင်ပေသည်။ သို့သော် ဘာပဲဖြစ်ဖြစ်ပေါ့…
((( စိန်ပလိန်တိန် မုန့်ကြိုးလိမ် ထမင်းစားလို့ မြိန်)))
ဟဲဟဲ… ထမင်းစားတောင် မပျက်ပါ… မုန့်ကြိုးလိမ်လို သရေစာ လို့သာ သဘောထားပါ သတဲ့။

တူတူ ပုန်းတမ်း
ကိုယ့်ကိုယ်ကိုယ် လုံအောင်ပုန်းသော်လည်း မတွေ့စေချင်လို့ ပုန်းချင်း မဟုတ်။ အရှာ ခံချင်လို့ ပုန်းခြင်း ဖြစ်သောကြောင့် ပုန်းရင်းတန်းလန်း တူ လို့ အော်ပြီး အသံလာရာကို မှန်းစေပြီး လိုက်ရှာ ခံရသော ကစားနည်း ပါပေ။ တစ်ကနေ တရာ အတွင်း ရေတွက်နေစဉ် အချိန်လေး အတွင်း အပြီး ပုန်းအောင်း ရသော ကစားနည်း လေး ဖြစ်ပြီး တစ်ရာ ပြည့်အောင် မရေတွက်ဘဲ ညစ်တာမျိုး မဖြစ်ရအောင် ပုန်းသူရော လိုက်သူပါ အပြိုင် စိတ် ထဲက လိုက်ရေတွက် ရပြီး တစ်ရာ ပြည့်ရင် လိုက်ပြီဟေ့လို့ အော်ရသေးသော ကစားနည်းလေးပါ။ ပုန်းသူနဲ့ လိုက်သူတို့ရဲ့ ဉာဏ်ရည်ပြိုင်ပွဲ ဖြစ်ပြီး ပုန်းတဲ့နေရာ ရွှေ့ပြီး ပုန်းလေ့လဲ ရှိသလို ပေါ်တင်ကြီး ပုန်းသောကြောင့် မထင်မှတ်လို့ မမြင်တာလဲ ရှိသလို တကယ့်ကို လုံတဲ့နေရာမှာမှ ရွေးပုန်းတဲ့ အခါလဲ ရှိလေသည်။ လိုက်သူက မလိုက်နိုင်လို့ ပန်းပေးတော့မှ ထွက်လာရတာ အရသာ ရှိလှပါတယ်။ လောကဓံ လိုက်သူ ကိုတော့ ပုန်းရတာ ပိုခက်လေသည်။ ဒါပေမယ့် ကိုယ့်ကို လိုက်ရှာ နေသူကို ပုန်းနေရာကနေ ချောင်းကြည့်ရင်း တခွိခွိ ရီရတဲ့ အရသာလေးက ဒီကစားနည်းကို ပိုလို့ နှစ်ခြိုက်စေသည်။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ်
(((တူ………..)))

လိပ်ဥဖွက်တမ်း
လိပ်မ အဖြစ် လိပ်ဥ အလုခံ အဖွက်ခံပြီး ပြန်လိုက်ရှာရမည့်လူကို မဲချ ရွေးချယ်ပြီး ထိုသူက စည်းဝိုင်းထဲတွင် ထိုင်ကာ လိပ်ဥ အဖြစ် ရွေးချယ်ထားသော အရာများ (ဥပမာ - ဖိနပ်များ၊ ခဲများ၊ ဘောလုံးများ ) ကို ထိန်းသိမ်း ရပါသည်။ စည်းဝိုင်း အပြင်က လူများက စည်းဝိုင်းထဲက လိပ်ဥများကို အမြန် လုယူ ရသည်။ ထိုစဉ်တွင် လိပ်မ လုပ်သူက ထိုလက်များကို စည်းဝိုင်းတွင်းတွင် ရှိနေစဉ် မိအောင် လိုက်ဖမ်း ရသည်။ အဲလို လိုက်ဖမ်း နေစဉ် တွင်ပင် လိပ်ဥကို ရအောင် လိုက်နှိုက် လို့ ရပြီ ဆိုရင် လိပ်မက တခြား လိပ်ဥများ ထပ်အလု မခံရအောင် ကြိုးစား ဗျာများ နေခိုက် နှိုက်လို့ ရလာသော လိပ်ဥကို လိပ်မ မမြင်အောင် အမြန် သွားဝှက် ထားရသည်။ နောက်ဆုံး စည်းဝိုင်းထဲ လိပ်ဥ မကျန် တော့သော အခါ လိပ်မက စည်းဝိုင်း အပြင်ကို ထွက်ပြီး လိပ်ဥ ပြန်ရှာ ရသည်။ ထိုသို့ ရှာနေစဉ် လိပ်မ စိတ်ထဲ မချင့်မရဲ ဖြစ်လေ၊ ရှာတွေ့ဖို့ အချိန် ကြာလေ ဖြစ်လေသည်။ ဒါ ကြောင့် လိပ်မ စိတ်တိုအောင် စသော သံချပ်လေး ရှိလေသည်။ လိပ်မက ရှာတွေ့သော လိပ်ဥကို ၀ှက်သူ သည် လိပ်မ ပြန်ဖြစ်လေသည်။ သို့မဟုတ် လိပ်မက စည်းဝိုင်း အတွင်း လက်ကို မိအောင် ဖမ်းနိုင်လျှင် အဖမ်း ခံရသူ သည် လိပ်မ ပြန်ဖြစ် လေသည်။ မျက်စိ လျင်မှုနဲ့ လျင်မြန် ဖျတ်လတ်မှု တို့ကို လေ့ကျင့်ပေးသော သည်ကစားနည်းလေးကို အလွန် ခုံမင် မိလေသည်။ လူကြီး ဖြစ်လာ သော်လည်း သူများ အိမ်ထောင်ရေး လူမှုရေး ပညာရေးနဲ့ အလုပ် စည်းဝိုင်းများထဲ ကျူးကျော် ၀င်ရောက် လိပ်ဥ နှိုက်ဖို့ ကြိုးစားသူများကို အမြင် မတော်သည် ရှိသော အခါတွင် မတော့ ထိုသံချပ်လေးကို မဆိုရက် တော့ပါ။ လိပ်မကြီးရေ မိအောင်သာ ဖမ်းပြီး လိပ်မ ပြန်လုပ် စေလိုက်ပါနော့။ ထိုသံချပ်လေးက

လိပ်ဥပျောက်လို့ လိပ်မ ရှာ… သူ့ခမျာ ငိုမဲ့မဲ့..

3 comments:

Yan said...

ရုပ်ရှင်ဖွက်တမ်းတို့၊ မစာဥတို့ရော ဆော့ဖူးဘူးလား.... :)

တန်ခူး said...

ငယ်က အကုန်ကစားဖူးတဲ့ကစားနည်းတွေပေမယ့် လူကြီး ဖြစ်တော့လဲ ဆက်လက် ကစားနေရဆဲဆိုတာ ခွန်မြလှိုင်ထောက်ပြလိုက်မှ သတိထားမိတယ်။ ၂,၃,၄,၅,....စောင့်ဖတ်နေမယ်။

Unknown said...

မကြီးမငယ်နဲ့ ကစားချင်နေတယ်ပေါ့ :P