Saturday, March 15, 2008

ခွင့်လွှတ်ခြင်း အနုပညာ

တောင်းပန်ပါတယ်.. ခွင့်လွှတ်ပါ .. ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကားတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနှုံး နေကြ ပါတယ်။ လူတိုင်းရင်းနှီး နေကျ စကားတွေပါ။ ဒါပေမယ့် ဘယ်အခြေအနေမှာ ဘာအတွက် ဘယ်လို ခွင့်လွှတ် ရမလဲဆိုတာ အပြစ်လုပ်သူရဲ့ အပြစ်ပမာဏ၊ စိတ်စေတနာ၊ အခြေအနေ၊ ထိရောက်မှု အနေအထား များစွာတို့ အပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်ရမယ့် အခြေအနေပါ။ တော်တော်ကို ခက်ခဲရှုပ်ထွေး ရပါတယ်။ မြတ်စွာ ဘုရား ဟာ သတ္တ၀ါတိုင်းကို မေတ္တာ ထားတယ် ခွင့်လွှတ်တယ် ဒါကြောင့် ဗုဒ္ဓဘာသာ ပီပီ ခွင့်လွှတ် ရမယ်လို့ လွယ်လွယ် ပြောတာကို ကြားဖူး ပါတယ်။ ဘုရားက ဘာမဆို ခွင့်လွှတ်တာ သေချာရဲ့လား။ ဘယ်လိုဟာကို ခွင့်လွှတ်သလဲ။ ဘယ်လိုဟာကို ခွင့်မလွှတ်ဘဲ ပြန်ဖြေရှင်းသလဲ။ ဘာကြောင့်လဲ။ အခွင့်လွှတ်ခြင်းနဲ့ အခွင့် ပေးခြင်း ကြားထဲက စည်းကို ဘယ်လို သတ်မှတ် သလဲ။

ခွင့်လွှတ်ခြင်းဆိုတာ အခွင့်လွှတ်ခြင်းက လာပါတယ် လို့ ကြားဖူးပါတယ်။ မှားရင် ပြင်ပေးပါ။ ဘာအခွင့်ကို လွှတ် တာလဲ။ ကျွန်မ အမြင်တော့ လက်စားချေခြင်း၊ ရန်တုံ့ပြန်ခြင်းဆိုတဲ့ အခွင့်ကနေ လွှတ်တာ လို့ပဲ မြင်ပါ တယ်။ ဒါဟာ မြတ်စွာဘုရား ပေးလေ့ ရှိတဲ့ အခွင့်လွှတ်ခြင်း ပါပဲ။ အောင်ခြင်းရှစ်ပါး မှာ မြတ်စွာဘုရားဟာ ဒီလို အခွင့်ကိုပဲ လွှတ်ပါတယ်။ သတ္တ၀ါတွေ မိုက်ပြီး လုပ်သမျှ ခွင့်လွှတ်တယ် ဆိုပြီး အပြစ် လုပ်သမျှကို အကြောင်း မဲ့၊ ကြောင့်ကြမဲ့ လျစ်လျူရှု ထားတာ ခွင့်လွှတ်ထားတာ မရှိပါဘူး။

အောင်ခြင်းရှစ်ပါးကို ပြန်လေ့လာရင် မြတ်စွာဘုရားဟာ မိုက်မဲမှုတိုင်းကို ပြန်လည် တုံ့ပြန်ချေပ ရုံသာမက လိုအပ်ရင် အင်အားသုံး ဆုံးမခြင်းကိုပါ ခွင့်ပြုတာကို နန္ဒောပ နန္ဒ နဂါးကို အောင်တော်မူခန်းမှာ မြင်နိုင် ပါတယ်။ ရန်တုံ့မူခြင်း အခွင့်ကို သာ လွှတ်တာ ဖြစ်ပြီး မိုက်ခွင့်ကို လွှတ်မပေးတာ တွေ့ရပါလိမ့်မယ်။

နောက်တစ်ချက်က ခွင့်လွှတ်ခြင်းကိုရဖို့ တောင်းပန်လိုက်ရုံနဲ့ အပြစ်တွေ ကျေပျောက်သွားပါသလား။ ပါးရိုက် ပြီး တောင်းပန်ပါတယ်လို့ ပြောလို့ ခွင့်လွှတ်သူကို နောက်တစ်ကြိမ် ခေါင်းခေါက်ပြီးလဲ တောင်းပန် ပါတယ် လို့ ပြောလိုက်တာနဲ့ ဆက်လက် ခွင့်လွှတ်သင့် ပါသလား။ ဘုရားကရော ဒီလို ဟာမျိုးကို ခွင့်လွှတ် သလား။ တ ကယ် ခွင့်လွှတ် လိုက်ရုံနဲ့ အပြစ်တွေ ကျေပျောက် သွားပါ သလား။ စိတ် စေတနာ စစ်စစ် နဲ့ တကယ် သံဝေဂ ရ၊ နောင်တ ရလို့ တောင်းပန် တာက စိတ်ထားမှန် အတွက် အမှားကို ပြင်လို့ အမှန်ကို ပြန် လျှောက်မှာ ဖြစ်လို့ အမှန်လမ်းကို လျှောက်တဲ့ အတွက် အကျိုး ကျေးဇူး ရနိုင်ပါ သေးတယ်။ ငါတောင်းပန်လိုက်တာနဲ့ သူက ခွင့်လွှတ် ရမှာပဲ။ သူက သဘောထား ကြီးရမှာပဲ.. ပါးစပ်လေးနဲ့ တောင်းပန် ရတာ ပင်ပန်း တာမှ မဟုတ်ဘဲ ပြီးရင် ပြန်ဆက် လုပ်မယ် ဆိုတဲ့ စိတ်နဲ့ သူတောင်းပန် သားပဲ ဆိုတဲ့ အချက် လေးကို အမှတ် လိုချင် မျက်နှာ သာ ပေးတာ လိုချင်လို့ တောင်းပန်တာ ဆိုရင်တော့ ဒီလို မာယာ သမားဟာ ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန် ပါသလား။

အဇာတသတ်ဟာ နောင်တ ရပါတယ် .. အပြစ်ကို ၀န်ခံပါတယ် .. အပြစ်ကြွေးကို ပေးဆပ်ဖို့ ကုသိုလ် ကောင်းမှု လုပ်ပါတယ်။ ဒါပေမယ့် ကုသိုလ်ရဲ့ အကျိုးကို ခံစားရတာ သပ်သပ်၊ အကုသိုလ် ၀ဋ်ကြွေးကို ပြန်ဆပ် ရတာက သပ်သပ်ပါ။ ပထမ သင်္ဂါ ယနာ တင်တဲ့ ကောင်းမှု ကြောင့် ငရဲကျ ရမယ့် ကံကို လုံးဝ မတားနိုင် ပါဘူး ဒါပေမယ့် အ၀ီစိ ငရဲကျမယ့် ကံကနေ လောဟ ကုမ္ဘီ ငရဲ ကျတဲ့ကံကို လျော့ပေါ့ ကျခံ ရပါတယ်။ လုံးဝတော့ လွတ်မသွား ပါဘူး။ ဒါကြောင့် ငါအခု ဆိုးတဲ့ အပြစ်လုပ်လဲ ကောင်းတာလေးနဲ့ ပြန်ကာမယ် ဆိုတိုင်း လုပ်လို့ မရတာ တွေ့ရပါတယ်။

ဒေ၀ဒတ် ဟာလဲ ဒီလို ပါပဲ။ မြေမျို ခံရမယ့် နေ့မှာ အမြင်မှန် ရပြီး ဘုရားကို ၀န်ချ တောင်းပန်ဖို့ ဘုရား သီတင်းသုံးရာ ကျောင်းကို အလာ လမ်းမှာတင် မြေမျို ခံရပါတယ်။ မြတ်စွာဘုရားဟာ သတ္တ၀ါတိုင်းကို ရင်ဝယ်သားလို မေတ္တာ ထားတာမို့ အားလုံးကို ခွင့်လွှတ်ပေမယ့် အကုသိုလ် လုပ်သူဟာ အကုသိုလ်ကို ပြန်ခံစား ရတာက ခံစားရတာ ပါပဲ။ မြတ်စွာဘုရားက ခွင့်လွှတ် ပေမယ့် ဒေ၀ဒတ်က တောင်းပန် ပေမယ့် အ၀ီစိ ကျတာက ကျတာပါပဲ။ မြတ်စွာဘုရားက ဒေ၀ဒတ် မိုက်မှားတာကို အပြစ်မယူပေမယ့် လောက သစာ က ဒေ၀ဒတ်ရဲ့ အကုသိုလ် အတွက် အကျိုးပေးလာတဲ့ အခါ အ၀ီစိကို ချပစ်လိုက်တာပါပဲ။ ထေရ၀ါဒ သာသနာဟာ အချိန် စောင့်ပါတယ်။ ပြင်ဆင်ချိန် ပေးပါတယ်။ ချက်ချင်းကြီး အကျိုး မပေးသေးဘဲ ပြင်ဆင်ခွင့် ပေးပါတယ်။ ဒါပေမယ့် ပြင်ဆင်ချိန် ပေးတာကို အခွင့်ကောင်းယူပြီး ဆက်မိုက် ဆက် အတင့်ရဲ နေရင်တော့ နောင်တ နဲ့ ကောင်းမှု လုပ်ခွင့်ပါ ထပ် မပေးတော့ ပါဘူး။ ဒေ၀ဒတ် ခမျာ ဘုရားကို ကိုယ်တိုင် ဖူးတွေ့ ၀န်ချ တောင်းပန် ခွင့်ပါ ဆုံးရှုံး ရပါတယ်။ ဒါပေမယ့် သူဟာ စိတ်ရင်း စေတနာ မှန်နဲ့ တောင်းပန် ၀န်ချ ကန်တော့ တဲ့အတွက် စိတ်မှန် အမြင်မှန်ကြောင့် အ၀ီစိ ငရဲက လွတ်တဲ့အခါ မှာ ပစေက ဗုဒ္ဓါ အဖြစ်နဲ့ ကျွတ်တမ်းဝင် မယ်လို့ ဗျာဒိတ်ရ ပါသေးတယ်။ ဒါဟာ အကုသိုလ် အတွက် ငရဲကျတာ သပ်သပ် စိတ်ရင်းမှန် နဲ့ လုပ်ရပ်ကို ပြန်ပြင်တာကြောင့် ကောင်းကျိုး ရတာ သပ်သပ် ဖြစ်ကြောင်း သက်သေပါပဲ။ တောင်းပန် မနေဘဲ မိုက်လုံး ကြီး နေသူ အတွက်ကတော့ ပြန်ကယ်စရာ ပြန် ခံစား စရာ ကောင်းမှု မရှိတဲ့ အတွက် ငရဲသက် ၀ဋ်သက် ကြာနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းနဲ့ ခွင့်မလွှတ်ခြင်း၊ ရန်တုံ့ပြန်ခြင်းနဲ့ ထိုက်သင့်တဲ့ အပြစ် ပြန်ပေးခြင်းတို့ သဘောတရား ကွာလှ ပါတယ် ဆိုတာ သိသာပါတယ်။

ဒါဆိုရင် မြတ်စွာဘုရားဟာ ဒေ၀ဒတ်ကို အခွင့်လွှတ်ပေမယ့် အခွင့်ရော ပေးသလား ဆိုတာ ပြန်စဉ်းစား စရာပါ။ မြတ်စွာဘုရားဟာ ဒေ၀ဒတ်ကို သူလုပ်ချင်ရာ အကုန် ပေးလုပ်သလား။ ပေးမလုပ်ပါဘူး။ လွတ်အောင် ရှောင် ပါတယ်။ မဖြစ် သင့်တာ မဖြစ်အောင် တားပါတယ်။ ဒေ၀ဒတ်ရဲ့ သံဃာ သင်းခွဲမှုကို တားမြစ်ပါတယ်။ ပြောဆို ဆုံးမ မရ လောက်အောင် မိုက်လုံး ကြီးနေ ချိန်မှာ သူ့ အပြော အဟော ကောင်းမှု ကြောင့် သူ့ အမိုက်တရား တွေ တခြားလူတွေကို မကူးစက် ရအောင် ဒေ၀ဒတ်ကို ဘယ်သူ ကမှ အပေါင်း အသင်း မပြု စေဘဲ ကံဆောင် မှုနဲ့ အပြစ်ပေး ပါတယ်။ ဒေ၀ဒတ်ရဲ့ လုပ်ရပ် တွေက မှားယွင်းလို့ ဘယ်လို အပြစ်ဖြစ်ကြောင်း ဟောပြပါတယ်။ ဒါဟာ မြတ်စွာဘုရားက ရန်တုံ့မူ လက်စား ချေမှု အခွင့် လွှတ်ပေမယ့် အပြစ် လုပ်ဖို့ အခွင့် မပေးကြောင်း ပြယုဂ် သက်သေပါပဲ။

ဒါဖြင့် အတုမရှိ အကြွင်းမဲ့ မေတ္တာထားတော် မူတဲ့ မြတ်စွာဘုရားဟာ ဘာလို့ အကြွင်းမဲ့ ခွင့်လွှတ်ခြင်း မပြုတာလဲ။ အားမပေးတာလဲ စဉ်းစားမိပါတယ်။ မတန်လို့ပါ။ ဆိုးမိုက်သူ များကို အကြွင်းမဲ့ ခွင့်လွှတ် ခြင်းဟာ လူမိုက်တွေကို ပိုမိုက်ရဲအောင် မိုက်ခွင့် ပေးထားသလို ဖြစ်နေတဲ့ အတွက် လောက ကောင်းကျိုးကို ထိခိုက်စေလို့ ဖြစ်ပါတယ်လို့ ကောက်ချက် ချမိပါတယ်။ လူဆိုး လူမိုက်ကို ဆုံးမခွင့်၊ လမ်းကြောင်းမှန်ကို ညွှန်ပြခွင့်ကို လူ့ကျင့်ဝတ် အဖြစ်တောင် မြတ်စွာဘုရားက ပြန်လည် ပြဌာန်းပေး ထားပါသေးတယ်။

ဒါကြောင့် ကျွန်မတို့ တတွေ အစတည်းက တောင်းပန်စရာ မလိုအောင် ခွင့်လွှတ်စရာ မလိုအောင် အပြစ် မလုပ်မိအောင်၊ မတော်တဆ လုပ်မိရင်တောင် အပြစ်လုပ်မှု နည်းအောင် အစစ အရာရာ သတိထား ကြတာ မကောင်းဘူးလားရှင်။ ခွင့်လွှတ်ခြင်းရဲ့ စည်းတွေကို ဖျောက်ဖျက် ကျူးလွန် အခွင့် အရေး ယူနေကြ သူတွေကို အခွင့်လွှတ် ပေမယ့် အခွင့် မပေးဖို့တော့ လိုကြောင်း စဉ်းစားမိတာလေးတွေ တင်ပြလိုက်ပါတယ်။

1 comment:

Anonymous said...

nice job! envy your way of thinking...