Thursday, March 13, 2008

အရှေ့တောင် အာရှမှ အထူးချွန်ဆုံး မိန်းမ နှစ်ယောက် = သူနာပြု ဆရာမ နှစ်ဦး (အမျိုးသမီးများလ အမှတ်တရ)

အမျိုးသမီးများ အတွက် အလှပဆုံး အရာဟာ ဘာပါလဲ။ ဆန့်ကျင်ဘက် လိင်များ အတွက် ဘယ်လို အမျိုး သမီး များက ဘာအတွက် ဆွဲဆောင်မှု အရှိဆုံးပါလဲ။ ဘယ်လို မိန်းမစား များကို တလောက လုံးက လူများက လေးစား ရိုသေ မြတ်နိုး ကြပါ သလဲ။ ဘယ်လို မိန်းမစား များကို ဆန့်ကျင်ဘက် လိင် ဖြစ်တဲ့ ယောက်ျား များက လေးစား မြတ်နိုး ကြပါသလဲ။ ဘယ်လို မိန်းမစား များကို ဆန့်ကျင်ဘက် လိင်ဖြစ်တဲ့ ဘယ်လို ယောက်ျားစား များက တပ်မက် ကြပါသလဲ။ အလှပဆုံး အမျိုးသမီး ဆိုတာ ဘယ်လို အမျိုးသမီး ပါလဲ။

အရှေ့တောင်အာရှက ကပ်လျက် နိုင်ငံ နှစ်နိုင်ငံမှာ ခေတ်ပြိုင် အမျိုးသမီး သူနာပြု နှစ်ဦး ပေါ်ထွန်းခဲ့ကြတယ်။ သူတို့ ၂ယောက်လုံးဟာ မချော မလှ ခဲ့ကြဘူး။ ဒါပေမယ့် သူမတို့ရဲ့ စစ်မှန်တဲ့ မေတ္တာ၊ စေတနာ၊ သူနာပြု ပီသစွာ စိတ်ရှည်မှု၊ နားလည်ပေးမှု တို့အပြင် ကောင်းရာကို လမ်းညွှန် ဆွဲဆောင် ပြသတဲ့ နေရာမှာ နေမ ကောင်းလို့ စိတ်ညစ်ညူးပြီး ဆေးမုန်းတဲ့ လူနာကို ဆေးသောက်ချင် လာအောင် ချော့မော့ စောင့်ရှောက်တဲ့ နည်းကို အသုံးချ ခဲ့ကြတယ်။ ဒီလိုနဲ့ နိုင်ငံ ခေါင်းဆောင် အသီးသီးနဲ့ လက်ထပ် ထိမ်းမြား ခဲ့ကြတယ်။



တစ်ယောက်ကတော့ ထိုင်းဘုရင့် မယ်တော် ဖြစ်ပါတယ်။ သူမဟာ သာမန် အရပ်သူ သူနာပြု ဆရာမ တစ် ယောက် ဖြစ်ပြီး ထိုင်းနိုင်ငံ ရာမ မင်းဆက် ၅ဆက်မြောက် ချူလာလောင်ကောင် ဘုရင်နဲ့ မိဖုရား ငါးဆယ် ကျော်ထဲက တစ်ပါး ဖြစ်တဲ့ မိဘုရားတစ်ပါးရဲ့ မထင်ရှားလှတဲ့ သားငယ် မဟီဒေါ မင်းသားရဲ့ ကြင်ယာတော် ဖြစ်ပြီး မိဖုရား ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဘုရင် နှစ်ပါးရဲ့ အမေတော့ ဖြစ်ခဲ့ပါတယ်။ လေးနှစ် သမီးမှာ ဖခင် ဆုံးပါးပြီး ၉နှစ်သမီးမှာ မိဘမဲ့ ဖြစ်ခဲ့ပေမယ့် ဇွဲ မလျှော့တဲ့ ဒီ ရွှေပန်းထိမ်သည် သမီးဟာ ဆယ့် သုံးနှစ်သမီး အရွယ်မှာ သူနာပြု သင်တန်းကျောင်း တက်ခဲ့ပြီး သူမရဲ့ ထူးချွန်မှု ကြောင့် မိဖုရားပေးတဲ့ ပညာ တော်သင်ဆုကို ရခဲ့ပါတယ်။ သူမ ၁၈နှစ်သမီးမှာ အမေရိကန် နိုင်ငံကို ပညာတော်သင် စေလွှတ်ခံရ ရာကနေ သာမန် အရပ်သား အဖြစ် ပညာ သင်ကြား နေတဲ့ မဟီဒေါမင်းသားရဲ့ သတိထား ခံရခြင်းကို ရရှိပြီး သူမ အသက် ၂၀ မှာ မဟီဒေါ မင်းသားနဲ့ ဘန်ကောက်မှာ လက်ထပ် ခဲ့ပါတယ်။ သူမ အသက် ၂၃ နှစ်မှာ သမီး တော်ကြီး ကလျာဏီ ဘဒ္ဒန္ဒ ကို မွေးဖွားကာ အသက် ၂၅ နှစ်မှာ သားတော် အကြီး အာနန္ဒာ မဟီဒေါ (ရှစ်ဆက် မြောက် ရာမ မင်း) ကို မွေးဖွားပြီး အသက် ၂၇နှစ်မှာ သားတော် အငယ် ဘူမိဘော အဒူလျာဒက် (လက်ရှိ ထိုင်း ဘုရင် ကိုးဆက်မြောက် ရာမ မင်း) ကို မွေးဖွားခဲ့ ပါတယ်။

ဒီအချိန်ထိ သူမတို့ ၂ဦးဟာ သာမန် ဆရာဝန် ဇနီးမောင်နှံ ဘ၀မျိုးနဲ့ သိပ်ကို ခြိုးခြံ ချွေတာစွာ နေထိုင်ရင်း ဇနီး မောင်နှံ ၂ဦးလုံး ကျောင်းတက်လျက် ရှိနေ ခဲ့ကြ ပါတယ်။ ဒါပေမယ့် သူမ အသက် ၂၉နှစ် အရွယ်မှာ ခင်ပွန်း မဟီဒေါ မင်းသား ကွယ်လွန်ခဲ့လို့ လူမမယ် ကလေး ၃ယောက်နဲ့ အတူ မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့ ပါတယ်။ သူမ ဘယ်လို လောကကို ရင်ဆိုင် ခဲ့ပါသလဲ။ ရှိသမျှ သား နှစ်ယောက်လုံးကို ရှုပ်ထွေးလှတဲ့ ထိုင်းနန်းတွင်း အားပြိုင် ပွဲ တွေမှာ အနိုင်ရစေပြီး ဘုရင်ဖြစ်အောင် ဘယ်လို စွမ်းဆောင် နိုင်ခဲ့ သလဲ။ ဒါ့အပြင် သူမရဲ့ သားငယ်ဖြစ်သူ ဘူမိဘော မင်းသားငယ်လေးကို စည်းမျဉ်းခံ ဘုရင် စနစ် လက်အောက်မှာ မင်းပြုနေရ လျက်နဲ့တောင် တိုင်းသူ ပြည်သားတွေ သိပ်ကို ချစ်မြတ်နိုးပြီး ကြည်ညို နေအောင် နေတတ်ဖို့ သူမ ဘယ်လို သွန်သင် ခဲ့သလဲ။ ပြည်သူ တစ်ယောက်ချင်းက သူတို့ ထိုင်းဘုရင် အသက် တစ်ရက် ပိုရှည်ဖို့ သူတို့ အသက်ကို စွန့်လွှတ် ၀ံ့ပါတယ်လို့ ကြွေးကြော် ကြသည် အထိ ပြည်သူ့ နှလုံးသားကို ရအောင် ယူနိုင်ခဲ့ပြီး ကမ္ဘာ့ နန်းသက် အရှည်ဆုံးနဲ့ ပြည်သူ အချစ်ဆုံး ဘုရင် ဘွဲ့ကို ရနိုင်လောက်အောင် သားလေးကို ဘယ်လို သွန်သင် ခဲ့သလဲ။

မုဆိုးမ တဖြစ်လဲ သူမဟာ အသက် ၃၃နှစ်အရွယ်မှာ သားသမီး ၃ယောက်ကို ဆွစ်ဇာလန်မှာ ကျောင်းထားခွင့် ရရှိခဲ့ပေမယ့် နန်းတွင်း မိသားစု အဆောင် အယောင် တွေကို လုံးဝ လက်မခံဘဲ ရိုးရှင်းစွာ နေထိုင်ခဲ့ရင်း ကျောင်းနေ စေခဲ့ပါတယ်။ သာမန် အရပ်သား လူတန်းစား ဘ၀ကို နားလည် စေခဲ့ ပါတယ်။ သို့သော် ဒီလို အနေအေးမှုကို မျက်စိကျတဲ့ စည်းမျဉ်းခံ ဘုရင်စနစ်က သူမရဲ့ သားအကြီး ကို အသက်ဆယ်နှစ်သားမှာ ဘုရင် အဖြစ် တင်မြှောက် လိုက်တဲ့ အခါမှာ နန်းတွင်းထဲမှာ သူမ အတွက် နေရာ အကြီးအကျယ် ရခဲ့ပါတယ်။ သို့သော် သူမရဲ့ စီစဉ်မှုက လက်ဖျား ခါစရာပါ။ ဘုရင်နဲ့ အိမ်ရှေ့စံ သားတော် နှစ်ပါးလုံး ပန်းသီးကောက် ရောင်းပြီး ကျောင်းဆက် တက်စေ ပါတယ်။ နန်းတွင်း အထောက်အပံ့ကို မယူစေခဲ့ပါဘူး။ ဒီလို အနေအထိုင် ကျစ်လျစ်မှု ကြောင့် နန်းတွင်းမှာ ရန်သူ နည်းပါးပြီး သားတော်များလဲ ပြည်သူ့ဘ၀ အစစ်ကို နားလည် ကိုယ်ချင်းစာ စေပြီး ပြည်သူ့ လိုအပ်ချက်ကို ဖြည့်ဆည်းစေပြီး ပြည်သူချစ်သော ဘုရင် အဖြစ် ပြည်သူ့ နှလုံးသားကို အရယူစေ ခဲ့ပါတယ်။ ကိုယ်တိုင် ဘုရင်ဖြစ်လျက် ပဒေသရာဇ် အာဏာရှင် မဆန်ဘဲ ဒီမိုကရေစီ ၀ါဒကို ကျင့်သုံးစေပြီး နိုင်ငံရေးမှာ ၀င်မစွက်ဘဲ ပြည်သူ့ အသည်းနှလုံးကို အရ ယူနိုင် ပုံလေးဟာ ပညာသား ပါလှပါတယ်။ ဒီလို သားတစ်ယောက်ကို ဒီသူနာပြုဆရာမကြီးက မွေးထုတ်ခဲ့ ပါတယ်။

ဒီလို အမေ့သား ပီသစွာ ထိုင်းဘုရင်ဟာ လက်ရှိ အချိန်ထိ ကျေးလက်တောရွာများအထိ ကိုယ်တိုင် ဆင်းကာ လယ်ကန်သင်းဘောင်ပေါ် အခင်း မပါ ထိုင်ချပြီး ကိုယ်တိုင် လယ်မြေ အမျိုးအစား ခွဲခြားလျက် ပြည်သူ လူထု ကို အလုပ်ကို လေးစား စေပါတယ်။ ဘုရင်ကိုယ်တိုင် လယ်ဆင်းထွန်နေတာ သင်တို့ မလုပ်နိုင်တာ ဘာရှိသလဲ ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။ ဒီလိုနဲ့ တတိယ နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် ခဲ့ပါတယ်။ ပြည်သူ တစ်ယောက်ချင်းစီကို လိုအပ်ရာ မကြောက်မရွံ့ တင်ပြ တိုင်တန်းစေပြီး သေချာ ဖြေရှင်း ပေးတတ်တဲ့ ထိုင်းဘုရင်ကို ပြည်သူ ချစ်တာ ဆန်းပါ သလားရှင်။ ဒါ့အပြင် ၁၉၇၀ ပြည့်လွန် ထိုင်း စစ်တပ် အာဏာ သိမ်းပွဲမှာ တကသိုလ် ကျောင်းသူ ကျောင်းသား များကို ထိုင်းစစ်တပ်က ပစ်ခတ် သတ်ဖြတ် နေချိန်မှာ သမီးတော် မဟာချက်ကရီ သီရိဒုံဟာ ကျောင်းသူ ကျောင်းသားများရှေ့မှာ ရင်ကော့ ၀င်ခံ ခဲ့တဲ့ အတွက် ဒီလို သတ္တိ ရှိရှိ ပြည်သူ့ဘက်က ရပ်ရဲတဲ့ သမီးတော်ကို မွေးထုတ် နိုင်တဲ့ အထိ အမေ့သား ပီသ အောင် သား ကောင်း နဲ့ မြေးကောင်း တစ်ယောက်စီကို မွေးထုတ် နိုင်ခဲ့ပါတယ်။

အသက် ၉၀ကျော်သည့်တိုင် ကျန်းမာ ဖျတ်လတ်ဆဲ ထိုင်းဘုရင့် မယ်တော်ဟာ ကျေးလက် တောရွာ များထိ သူ ကိုယ်တိုင် သွားရောက် နေထိုင် လည်ပတ်ပြီး ဒီလို သွားရောက်လည်ပတ်တဲ့ အတွက် ပြည်သူနဲ့ ၀န်ထမ်း များ လုံးဝ ၀န်မပိစေဘဲ မြင်သူတိုင်း အားကိုးတကြီး ကြိုဆိုတာ ခံထိုက်လောက်အောင် ပြည်သူ့ အကျိုးကို ကျန်းမာ ရေး၊ လူမှုရေး၊ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး အတွက် လက်မှု လုပ်ငန်း စီစဉ် ပေးခြင်းက အစ စွမ်းစွမ်း တမံ ဆောင် ရွက် ခဲ့တယ်။ သူမရဲ့ စိတ်ဓာတ် အင်အား တွေကို ထိုင်းအမျိုးသမီး များကို ဝေငှ ပေးခဲ့တယ်။ ဒါကြောင့် ဗီယက်နမ် စစ်ပွဲ ကာလ ထိုင်းစီးပွားပျက် ကပ်ဘေးကြောင့် ထိုင်းအမျိုးသမီး ငယ်များ ပျက်စီးမှုကို ပြန်လည် ထိန်းမတ်ပြီး ထိုင်းအမျိုးသမီး များ ခုအခါမှာ ကမ္ဘာ့အလယ်မှာ ပညာ နဲ့ ယဉ်ကျေးမှု ရေးရာမှာ နာမည် ပြန်ရ ဦးမော့ လာအောင် စွမ်းဆောင် နိုင်ခဲ့တယ်။ ဒါကြောင့်လဲ ပြည်သူက ပေးတဲ့ ထိုင်းနိုင်ငံရဲ့ အမေ ဘွဲ့ကို တတိုင်း ပြည်လုံးက ထိုင်းအမျိုးသားထု တစ်ရပ်လုံးက ကြည်ဖြူစွာ နှင်းအပ် ခံခဲ့ ရပါတယ်။ ကဲ… ဒီ သူနာပြု ဆရာမကြီး မလှပေဘူးလားရှင်။ သူမရဲ့ စိတ်ထားနဲ့ ကြိုးစားမှု အလှဟာ မျိုးရိုးစဉ်ဆက် သူမရဲ့ ပတ်ဝန်းကျင်ကို ပျံ့နှံ့ စေပြီး ထိုင်းတစ်နိုင်ငံ လုံးကို လှပ ၀င့်ကြွားစေခဲ့ ပါတယ်။ ဒီလို စိတ်ထားအလှ၊ လုပ်ရပ် အလှနဲ့ သမိုင်းအလှ များဟာ အရေပြားပေါ်က၊ ခန္ဓာကိုယ် ပေါ်က အလှထက် ကြာရှည် ခံရုံ သာမက သေသည့် တိုင်အောင် သမိုင်း အလှက ရနံ့ သင်းလျက် ကျန်နေခဲ့ပါတယ်။ လူသေ သော်လည်း နာမည် မသေဘဲ ပြည်သူ့ ရင်ထဲ အသည်း နှလုံး ထဲမှာ ဆက်လက် ရှင်သန် နေခဲ့ပါတယ်။



နောက်တစ်ယောက်ကတော့ တရားဝင် သမိုင်းတင် မခံရ ရှာသေးတဲ့ သမိုင်းဖျောက် ခံထားရတဲ့ သူနာပြု ဆရာမ ဖြစ်ပြီး သူမရဲ့ ဘ၀ကတော့ ပိုလို့ နာကျည်း သနားစရာ ကောင်းနေပါတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ ခင်ပွန်းသည် လုပ်ကြံ ခံရလို့ မုဆိုးမ ဖြစ်ရုံ သာမက သူမနဲ့ လူမမယ် ကလေးနှစ်ယောက်ပါ ပြည်နှင်ဒဏ်ကို မျက်နှာဖုံး တပ်ထားတဲ့ သံအမတ် ရာထူး အဖြစ် ခံယူရင်းနဲ့ နိုင်ငံ ရပ်ခြားမှာ နေထိုင် ခဲ့ရတယ်။ ဒါပေမယ့် သူမဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် သမီးတစ်ယောက်၊ ကမ္ဘာ့ အဆင့်မြင့်ဆုံး သိပ္ပံ ပညာရှင် သား တစ်ယောက်ကို မွေးထုတ် ပေးနိုင်ခဲ့ပြီး သမီးဖြစ်သူ ကလဲ အနီးကပ် မစောင့်ရှောက် နိုင်လျက်ကနေ မြန်မာစာ ပါရဂူ အဖြစ် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် နိုင်သူ ဖြစ်အောင် ကြိုးစားနိုင်တဲ့ မြေး တစ်ယောက် တို့ကို သွန်သင် နိုင်ခဲ့တဲ့ အထိ မွေးထုတ် ပေးနိုင် ခဲ့ ပါတယ်။

သူမရဲ့သမိုင်းမှတ်တမ်း နည်းပါးရခြင်း အကြောင်းထဲမှာ သူမရဲ့ ရိုးရှင်းစွာ သိုသိုသိပ်သိပ် နေတတ်တဲ့ အကျင့် ကြောင့် သူမရဲ့ အတ္ထုပတ္တိကို အပြုစု မခံခဲ့တဲ့ အတွက်လဲ ပါဝင်ပါတယ်။ ထိုင်းဘုရင့် မယ်တော်ထက် အသက် ဆယ့်နှစ်နှစ် ငယ်တဲ့ ဒေါ်ခင်ကြည်ဟာ ကြည့်မြင်တိုင် အမျိုးသမီး အထက်တန်း ကျောင်းကနေ အောင်မြင်ပြီး နောက် သူနာပြု သင်တန်း ဆင်းပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ အလုပ် ၀င်လုပ်နေစဉ် ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းမှာ သူမရဲ့ သနားကြင်နာ စိတ်ရှည်မှုနဲ့ စည်းကမ်းကြီးမှု တို့ကြောင့် လူနာတွေရဲ့ ရိုသေ လေးစား အားကိုး ခံရတဲ့ အတွက် နာမည် ကျော်ကြား ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ဟာလဲ သူ့တပ်ဖွဲ့ ဖြစ်တဲ့ ဘီအိုင်အေ တပ်နဲ့ တူတူ တိုက်ပွဲမှာ ဒဏ်ရာရမှု၊ ငှက်ဖျားမိမှုနဲ့ အင်အား ကုန်ခမ်း မှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း သူမ တာဝန်ကျရာ ဆေးရုံကို ရောက်လာ ပါတော့တယ်။ တခြား သူနာပြုတွေက ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့ ဗိုလ်ချုပ် တစ်ယောက် ကို အနား မကပ်ရဲ ခဲ့ကြ ပါဘူး။ နိုင်ငံရေးနဲ့ လွတ်လပ်ရေး ကိုပဲ သိတဲ့ လူမှုရေးတွေ ဂရုမစိုက်တတ်တဲ့ အောင်ဆန်းအရိုင်းကို သူနာပြုတွေ ဆေးတိုက် ဆေးထိုး လုပ်ရင်း အမှား လုပ်မိမှာ ကြောက်ကြတာ မဆန်း ပါဘူး။ ဒီတာဝန်ကို ခေါင်းဆောင်ကောင်း ပီသစွာ ဒေါ်ခင်ကြည်ဟာ အရဲစွန့် ယူခဲ့ပါတယ်။

ခေါင်းမာလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါ်ခင်ကြည်ရဲ့ ပြုစုမှု၊ တိကျမှု၊ ဟာသဉာဏ် ရှိမှု၊ ဗိုလ်ချုပ် အောင် ဆန်း ကိုပင် အလျော့ မပေး အလို မလိုက်ဘဲ တိတိကျကျ တာဝန် ထမ်းဆောင် မှုတို့ကြောင့် မိန်းမနဲ့ အနေ ဝေးလွန်းလို့ မိန်းကလေးကို သိပ်ရှက် တတ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းက လက်ထပ်ခွင့် တောင်းတာ ခံခဲ့ရ ပါတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လက်ထပ်ရတာဟာ ဒီခေတ်က ဗိုလ်ချုပ် တစ်ယောက်ကို လက်ထပ် ရသလို စည်းစိမ်နဲ့ အာဏာ တွေကို အမြိုင့်သား ထိုင်သုံးရ သလို မဟုတ်တာ စဉ်းစား သင့်ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့က အသေ အလဲ မျက်မုန်းကျိုး နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို လက်ထပ်ရတာဟာ အချိန်မရွေး ဗိုလ်ချုပ် အောင်ဆန်းနဲ့ တူတူ လုပ်ကြံ ခံရ နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုး အတွက် အလွန် အရေးကြီးတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကို ပြုစု ဂရုစိုက်ဖို့ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ရဲ့ ဘ၀ လက်တွဲဖော် အဖြစ် ဗိုလ်ချုပ် အောင်ဆန်းနဲ့ လက်ထပ် ခဲ့ပါတယ်။ အပျိုကြီး ဘ၀ကို ချင်းနင်း ၀င်ရောက် စ အသက် ၃၀ အရွယ်မှာ သူမနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ လက်ထပ်ပြီး အောင်ဆန်းအရိုင်းကို သိမ်မွေ့ နူးညံ့သူ ခင်ပွန်း ကောင်း၊ ဖခင်ကောင်း ဖြစ်အောင် ပဲ့ပြင် ထိန်းသိမ်း နိုင်ခဲ့ပြီး သားသမီး ၃ယောက် မွေးဖွား ခဲ့ပါတယ်။ ကံဆိုးရှာ တဲ့ သားငယ် အောင်ဆန်းလင်း ဟာ ငယ်ရွယ် စဉ်မှာ ကွယ်လွန် ခဲ့ရှာပါတယ်။ ပိုလို့ ဂရုဏာ သက်ဖွယ် ကောင်း တဲ့ အဖြစ်ကတော့ အိမ်ထောင်သက် ၅နှစ် အရမှာ ခင်ပွန်းသည် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး နဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ နိုင်ငံခြားသား ရန်သူ လူမျိုးခြား လက်ချက် မဟုတ်ဘဲ သူစေတနာ ထားတဲ့ မြန်မာနိုင်ငံ က မြန်မာလူမျိုး မသမာသူ သစ္စာ ဖောက် တွေရဲ့ လက်ချက် နဲ့ လုပ်ကြံ ခံရပြီးတဲ့ နောက်မှာ လူမမယ် ကလေး နှစ်ယောက်နဲ့ မုဆိုးမ ဖြစ်ခဲ့ ရပါတယ်။

ဒေါ်ခင်ကြည်ကို ဇနီးမယား တော်ခဲ့ရတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ကံကောင်း လှပါတယ်။ သူဟာ ဘ၀လက်တွဲ ဖော်ကောင်း တစ်ယောက် အဖြစ်သာ မက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဆိုတဲ့ ဂုဏ်ကို ထိန်းနိုင် မြှင့်တင်နိုင်တဲ့ အာဇာနည် အမျိုးသမီးကြီး တစ်ယောက် အဖြစ်နဲ့ပါ ထိုက်တန်တဲ့ အမျိုးသမီး ကောင်း တစ်ယောက်ကို လက်ထပ်ခွင့် ရခဲ့လို့ပါ။ ရှုပ်ထွေးလှတဲ့ မြန်မာ့ နိုင်ငံရေး ကြားမှာ လူမမယ် ကလေး ၂ယောက်အမေ မုဆိုးမ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဟာ ၀မ်းနည်း အားငယ် နေမယ် ထင်စရာပါ။ ဒါပေမယ့် သူမ ဘာတွေ လုပ်ခဲ့သလဲ။
သူနာပြု ဆရာမ တဖြစ်လဲ ဒေါ်ခင်ကြည်ဟာ သူမရဲ့ ဘ၀ လမ်းကြောင်းကို နိုင်ငံရေးနဲ့ လူမှုရေး ပိုင်းမှာ ပိုမို မြုပ်နှံ လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနီးကပ် အတွင်းရေးမှူး သဖွယ် ဖြစ်ခဲ့တဲ့ ဒေါ်ခင်ကြည် အဖို့ လွတ်လပ်ရေး ရပြီးရင် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်း ပေါ် တင်ပေး ချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်၊ လုပ်ပုံ ကိုင်ပုံ၊ စိတ်စေတနာတွေကို ပိုမို နားလည် လေ့လာခွင့် ရခဲ့တာဟာ သူမအတွက် ဒီမိုကရေစီ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်ကို သွန်သင်နိုင်ဖို့ အခွင့်အရေးရဲ့ လမ်းစကို ရလိုက်တာ ပါပဲ။ ဒီလိုနဲ့ ဒေါ်ခင်ကြည်ဟာ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အဖွဲ့ (MMCWA) မှာ ညွှန်ကြားရေးမှူး ဖြစ်လာ ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ စည်းကမ်း ကြီးမား လှတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှု စွမ်းရည်တွေကို လူအများ မြင်တွေ့ခွင့် ရခဲ့ကြ ပါတယ်။ သူမဟာ အာဇာနည်တွေရဲ့ မိသားစုတွေကို အစိုးရက ပေးတဲ့ နစ်နာကြေး ဂုဏ်ပြုဆုကို လက်ခံဖို့ ငြင်းခဲ့ပါတယ်။ တိုင်းပြည်ဆီက ဘာမှ ပြန်မယူဘဲ တိုင်းပြည်အတွက်သာ ကိုယ်က လုပ်ပေး မယ်လို့ အစဉ်တစိုက် ကြွေးကြော် ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဇနီး ပီသလှ ပါပေတယ်။

ဖဆပလ အစိုးရ လက်ထက် ၁၉၄၇ ကနေ ၁၉၅၂ ခုနှစ် အထိ လွှတ်တော် အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခြင်း ခံခဲ့ ရတဲ့ ဒေါ်ခင်ကြည်ဟာ မြန်မာ အမျိုးသမီး အသင်း ရဲ့ ဥက္ဘဌ အဖြစ် ၁၉၅၈ မှာ ရွေးချယ် တင်မြှောက်ခြင်း ခံရတဲ့ အထိ သြဇာ ကြီးလာ ခဲ့ပါတယ်။ နောက်ပိုင်း ဖဆပလ အစိုးရတွင်း ဦးဗိုလ်သခင် အကွဲအပြဲနဲ့ ကွန်မြူနစ် ယိမ်းတဲ့ ဗိုလ်ချုပ်ကျော်ဇောကို ကြောက်လန့်ပြီး ဘယ်ဘက်မှ မယိမ်းဟန် ရှိတဲ့ ဗိုလ်ချုပ် နေ၀င်းကို အားကိုး မှားမိတဲ့ ဖဆပလ အစိုးရ ဟာ ဗိုလ်ချုပ်နေ၀င်း အာဏာ သိမ်းထားစဉ် ကာလ အတွင်း ၁၉၆၀ မှာ ဒေါ်ခင်ကြည်ကို အိန္ဒိယ သံအမတ် အဖြစ် တာဝန် ပေးခြင်း မျက်နှာဖုံး တပ်ပြီး မြန်မာ့ နိုင်ငံရေး ကနေ ပထုတ် ခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ လူပျိုပေါက် နဲ့ အပျိုပေါက် သားနဲ့ သမီးကို အုပ်ထိန်းရာမှာ ဒေါ်ခင်ကြည်ရဲ့ အစွမ်းအစက လက်ဖျား ခါရ ပါတယ်။ ဦးအောင်ဆန်းဦးရဲ့ သမိုင်း မှာလဲ ဟော့ရမ်း သော့သွမ်း မော်ကြွားခြင်း လုံးဝ မရှိခဲ့ဘဲ အမျိုးသား ၀တ်စုံနဲ့ ကျောင်းတက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းမှာလဲ အလွန် အင်မတန် အိနြေ္ဒ သိက္ခာ ကြီးမားပြီး လေးစား လောက်တဲ့ ဆောင်းတွင်း ရေခဲချိန် မှာတောင် အမျိုးသား ၀တ်စုံပြည့်နဲ့ ကျောင်း တက် တဲ့ ထူးချွန် ထက်မြက်သူ အဖြစ် အတန်းသားချင်း ကသာ မက ဆရာများကပါ လေးစား ရတဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်အောင် ထိန်းကျောင်း ပဲ့ပြင် ပေးနိုင် ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဟိုးး အရင် တည်းက ၀န်တိုစိတ် ရှိခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းဟာ နိုင်ငံတော် သမတကြီး ဖြစ်လာတဲ့ အချိန်မှာ ကျန်ရစ်သူ မုဆိုးမ မိသားစုကို နည်းအမျိုးမျိုးနဲ့ အနှောင့် အယှက် ပေးရာမှာ နောက်ဆုံး နိုင်ငံကူး လက်မှတ် သက်တမ်း တိုးခြင်း၊ ဗီဇာ ခက်ခဲ စေရန် နှောင့်ယှက်ခြင်း စတဲ့ လူကြီး မတန်မဲ့ အရုပ်ဆိုးတဲ့ နှောင့်ယှက်မှုတို့ ဖြစ်ပွား စေခဲ့ ပါတယ်။ ဒါကြောင့် သားဖြစ်သူ ဦးအောင်ဆန်းဦး အမေရိကန် နိုင်ငံသား ခံခဲ့ရတာ၊ သမီး ဖြစ်သူ အင်္ဂလိပ်လူမျိုး နဲ့ လက်ထပ် ခဲ့တာ တွေဟာ ဒေါ်ခင်ကြည်ရဲ့ အားနည်းချက်ကြောင့် သက်သက် မဟုတ် ခဲ့ပါဘူး။ တခြား သက်သေ ပြလို့မကောင်းတဲ့ နှောင့်ယှက်မှုတွေ အများကြီး ခံခဲ့ ရမှာ သေချာ သလောက် ပါပဲ။

ဒီအဖြစ်တွေကို ကြံ့ကြံ့ခံလျက် နိုင်ငံရေး နယ်ပယ်က လူမှုရေးနယ်ပယ်က လူကြီးလူကောင်းများ အားလုံးက လေးစားတာ ခံရလောက်တဲ့ နေထိုင်မှုနဲ့ နေခဲ့တဲ့ ဒေါ်ခင်ကြည်ဟာ သူမရဲ့ စိတ်ဓာတ် အမွေကို သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကို ပေးခဲ့ပါတယ်။ သူမဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ သြဇာ လွှမ်းမိုး နိုင်ဆုံး အမျိုးသမီး အယောက် တစ်ရာ စာရင်းဝင်၊ နိုင်ငံတကာ ဆုပေါင်း (၇၀) ကျော် ရရှိထားတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ အပုတ်ချ၊ လုပ်ကြံ၊ အကျယ်ချုပ် ချထား ခံရ ပါစေ ပြည်သူ့ မေတ္တာနဲ့ ထောက်ခံမှုကို ဆက်တိုက် ရနေ လောက်အောင် ပြည်သူ့အပေါ် စေတနာမှန်ထား လမ်းမှန် ပြပေး နိုင်တဲ့ ပြည်သူ့ ခေါင်းဆောင် သမီး တစ်ယောက်ကို အခက်အခဲ အကြပ် အတည်းပေါင်း များစွာ ကြားထဲက မွေးထုတ် နိုင်ခဲ့ပါတယ်။

ကဲ.. သူမရဲ့ စိတ်ဓာတ်၊ လုပ်ရပ် နဲ့ သမိုင်းကြောင်းက မလှဘူးလားရှင်။ ဘယ်လို အခက်အခဲ အကြပ်အတည်း ကြားမှာ ဖြစ်စေ ကာမူ ဘယ်လို အနှောင့်အယှက်များ ကြားမှာ ဖြစ်စေ မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးကို အကောင်းဆုံး မြှင့်တင်ပြီး သူ့ပတ်ဝန်းကျင်ကို လွှမ်းပတ် သြဇာ တည်စေ နိုင်ခဲ့တဲ့ ဒီလို မိန်းမထက် ဘယ်သူ ပိုလှ ပါသလဲ။ လူသေသော်လည်း နာမည်မသေ၊ ပြည်သူ့နှလုံးသားထဲ ခုထိ ရှင်သန်ဆဲ လူသားတိုင်း လေးစားဆဲ အမျိုးသမီးကောင်း တစ်ယောက် ဖြစ်ရတာ မကောင်းလှ ပေဘူးလားရှင်။ အမျိုးသမီး အသင်းရဲ့ ဥက္ဘဌ အဖြစ်ထိုက်ကြီး ဖြစ်ထိုက်လှတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ကဲ .. ခေတ်သစ် မြန်မာ မိန်းကလေးများရှင့်.. ဆယ်စုနှစ် တစ်ခု အတွင်း ယိုယွဲ ပျက်စီးမယ့် အရေပြားပေါ်က အလှ အတွက် ပြိုင်ဆိုင် ကြွားဝါ ချင်လို့ နာမည်ပျက် သမိုင်းပျက် ခံပြီး သူဌေးတွေနောက် မိန်းမ တန်ဖိုး အကျ ခံပြီး မိန်းမ ဈေးဖျက် နေကြတဲ့ အမျိုးသမီး ငယ်များကို ဒီနေရာက ပြောချင်ပါတယ်။ ရာစုနှစ် ထောင်စုနှစ်တိုင် လူသားတိုင်း၊ ဆန့်ကျင်ဘက်လိင် ယောက်ျားသား များကတောင် လေးစား ရိုသေ မြတ်နိုး ခံကြရတဲ့ ဒီလို အမျိုးသမီးကြီးတွေ ရုပ်ရည် မလှကြ ပါဘူးနော်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်နဲ့ သမိုင်းကြောင်း ကတော့ ဘယ်ပန်းချီ ရေးလို့ မမီ နိုင်အောင် လှကြ ပါပေရဲ့ရှင်။

Reference: http://www.dassk.com/ ,http://www.google.com/search?q=daw+khin+kyi&rls=com.microsoft:en-us&ie=UTF-8&oe=UTF-8&startIndex=&startPage=1 and http://www.thailink.com/mom.htm)

8 comments:

kay said...

သိပ်ကောင်းတယ် ခွန်မြလှိုင်ရေ..
အချက်အလက် ကလေး တွေ ကနေ..အများ ကြီး ဆန့်ထွက် တွေးလို့လည်း ရတယ်။ ဟုတ်တယ်.. ဒေါ် ခင်ကြည့် အတုပတ္တိ ကို ..ဓေါ် စု ရေး ရင် ကောင်း မှာပဲ လို့.. တောင့်တ နေတာ..။ သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့.. အားယူ စံနမူ နာ ထား ရ မဲ့ အမျိုးသမီး ကြီး..

Wildflower23 said...

Really really great article! Thanks for sharing this with us.

စူး said...

yes, i like it.
thanks for sharing!
it's a great!

တန်ခူး said...

ရည်ရွယ်ချက်ကောင်းပြီး၊ ခွန်အားရှိတဲ့ဆောင်းပါးလေးအတွက် လေးစားပါတယ် ခွန်မြလှိုင်။ ရုပ်ဝတ္ထုတိုးတက်မှူနောက်ကို အသဲအသန်လိုက်နေတဲ့ခေတ်မှာ ဒီလိုဆောင်းပါးလေးတွေ အရမ်းလိုအပ်ပါတယ်။

P.Ti said...

အချက်အလက်တွေကောင်းပြီး စိတ်ဓာတ်ကောင်းများဖြစ်စေတဲ့ အရေးအသားပါပဲ။
ကျွန်တော် အကြံပေးပါရစေ။ အရမ်းရှည်နေတဲ့ ၀ါကျတွေကို ပြန်တိုပြီး ရေးသားမယ်ဆို ဒီထက် ဖတ်လို့ကောင်းသွားမယ်ထင်ပါတယ်။

ဥပမာ -
သူမဟာ သာမန် အရပ်သူ သူနာပြု ဆရာမ တစ် ယောက် ဖြစ်ပြီး ထိုင်းနိုင်ငံ ရာမ မင်းဆက် ၅ဆက်မြောက် ချူလာလောင်ကောင် ဘုရင်နဲ့ မိဖုရား ငါးဆယ် ကျော်ထဲက တစ်ပါး ဖြစ်တဲ့ မိဘုရားတစ်ပါးရဲ့ မထင်ရှားလှတဲ့ သားငယ် မဟီဒေါ မင်းသားရဲ့ ကြင်ယာတော် ဖြစ်ပြီး မိဖုရား ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။

ကို ဒီလိုရေးမယ်ဆို

သူမဟာ သာမန် အရပ်သူ သူနာပြု ဆရာမ တစ် ယောက်သာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရာမ မင်းဆက် ၅ဆက်မြောက် ချူလာလောင်ကောင်ဘုရင် နဲ့ မိဖုရား ငါးဆယ် ကျော်ထဲက မိဘုရားတစ်ပါး တို့ရဲ့ သားငယ် မဟီဒေါ ဆိုတဲ့ မထင်မရှား မင်းသားရဲ့ ကြင်ယာတော် ဖြစ်ပါတယ်။ သူမဟာ မိဖုရား ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။

ပိုကောင်းမလားလို့ပါ။

ကျွန်တော်ရဲ့ နှစ်ပြားတန် အကြံလေးပါ။ ပြောလိုတဲ့အဓိပ္ပာယ်မရောက်ပဲ လွဲသွားတယ်ဆို တောင်းပန်ပါတယ်။

Winkabar said...

တအားကောင်းတဲ့ပို့စ်လေးပဲအစ်မရေ။ စိတ်ရှည်လက်ရှည်နဲ့သေသေချာချာရေးပြီး အခုလိုတင်ပေးတာကျေးဇူးနော်။ အရမ်းအသုံးဝင်တာပဲ။

Lin Lin said...

I am sorry that i have to argue with u about Daw khin kyi. I don't want to say anything about U Aung San Oo because I don't know about him. But for Daw Khin Kyi and Daw Aung San Su kyi, I have to argue.
The reocrds in England about Daw Aung San Su Kyi and Daw Khin Kyi is totally different from what u post.

I wonder why Daw Aung San Su kyi,a girl who wore the full national dress even in Winter, married a British. Can u please let me know if there is any hidden story ? There are so many Arab and African girls in England who wear their full national dresses wherever they are.That's not only DAw Aung San Su Kyi. Actually , nobody in England cheers them up for wearing the full national dress.U can't decide a person on what they wear.

Actually,Myanmar national dress for women makes a woman more sexy by showing of the femine area of a woman body.We have records how Daw Aung San Su Kyi was naughty in clubs and parties when she was young. :)

Thank you for let us know your intel. But, Daw Aung San Su Kyi is not lengdary.Don't write her to make a Hero.Overestimating makes one to fail.
And, please study more about South Africa before you cheer Daw Aung San Su Kyi for the awards she got.
She is a shit to her Father.
Shameless Daughter.Daw Khin Kyi might cheat on Great General.

Anonymous said...

မခွန်မြလှိုင်

ကျနော့် Face Book မှာ Share ပါရစေခင်ဗျာ။

ကျေးဇူး

ဖြိုးကို