Thursday, March 6, 2008

ဖက်ရှင် မဂ္ဂဇင်း ဖတ်မိပြီးနောက် အတွေးများ

1995 ခုနှစ် မှာ အထူးပြုလုပ်ခဲ့တဲ့ စိတ်ပညာဆိုင်ရာ သုတေသန စာတမ်း တစ်ခုက သက်သေပြု ပြောဆိုပါတယ်။ ဖက်ရှင် မဂ္ဂဇင်းတွေကို ၃မိနစ်လောက် ကြည့်ရှုပြီးရင် စာဖတ်သူ မိန်းကလေး ၇၀% ဟာ စိတ်ဓာတ်ကျခြင်း၊ ၀မ်းနည်း ခြင်း နဲ့ ရှက်ခြင်းတို့ကို ခံစားရလေ့ ရှိပါတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ အဲဒီထဲက မိန်းကလေးတွေလောက် ကိုယ်က မလှလို့၊ အဲဒီထဲ ကြော်ငြာထားတာတွေကို ၀ယ်သုံးဖို့ မတတ်နိုင်လို့ အစရှိသဖြင့် ခံစားချက် အများကြီး ပေါ်စေလို့ပဲ ဖြစ်ပါသတဲ့။ ဖက်ရှင်နဲ့ အလှအပ မဂ္ဂဇင်းများမှာ ပါသမျှ မော်လ်ဒယ်လ် (သရုပ်ပြ) မိန်းကလေးတွေဟာ တကယ့်ကို အပြင် မှာ အဲလို ချောလှ ကြပါသလား။ ဓာတ်ပုံ ဆရာများကို မေးလိုက်ပါ။ တကယ်တော့ မလှကြပါဘူး။ မိတ်ကပ်ပညာ၊ ဓာတ်ပုံ ရိုက်စဉ် အလင်း အမှောင် ဖန်တီးမှု ပညာတွေ အပြင် ကွန်ပြူတာသုံး ဆော့ဖ်ဝဲလ်သုံး ဖိုတိုရှော့ တွေ သုံးပြီး ပိုလှအောင် ပြုပြင် ထားလို့ ဒီလောက် လှနေတာပါ။

ဟုတ်ကဲ့ ဒါကို ဖတ်ပြီး ကျွန်မ ပြုလုပ်ချင်တဲ့ သုတေသန တစ်ရပ် ရှိပါ တယ်။ အဲဒီ ဖက်ရှင် မဂ္ဂဇင်းတွေကို ဖတ်လို့ ရရှိတဲ့ ကောင်းကျိုးများကြောင့် ဘ၀ တိုးတက် သွားတဲ့ မိန်းကလေး ရာခိုင်နှုံး ဘယ်လောက် ရှိသလဲ ဆိုတာရယ်၊ အဲဒါတွေကို ဖတ်ပြီး အတုခိုး မှားပြီး တရားလွန် လှချင် ကြွားချင် စိတ်တွေနဲ့ ဂုဏ်တု ဂုဏ်ပြိုင် ချင်စိတ်တွေကြောင့် ပျက်စီး သွားတဲ့ မိန်းကလေး ရာခိုင်နှုံး ဘယ်လောက် ရှိတယ် ဆိုတာ သိဖို့ သုတေသန စစ်တမ်း တစ်ခု လုပ်ချင်တာပါ။

ဒီလို မဖြစ်အောင် သတိ ပေးတဲ့ ပညာပေး စာစောင် များရော ဈေးကွက်ထဲ ဘယ်လောက် များများ ရှိသလဲ၊ အဲဒီ ပညာပေး စာစောင် တွေကို လူငယ်ထု လက်လှမ်း မီမှု ဘယ်လောက် ရှိသလဲ၊ စိတ်ဝင် တစားရော ဖတ်ကြ ရဲ့လား ဆိုတဲ့ သုတေသန စစ်တမ်း လေးလဲ လုပ်ချင်ပါ သေးတယ်။ ဖက်ရှင် မဂ္ဂဇင်းတိုက် ပိုင်ရှင်များက ဒီလို ဆင်ခြေ ပေးနိုင် ပါတယ်။ လှချင် ပချင် ၀တ်ချင် စားချင် စိတ်ကြောင့် အလုပ်ကြိုးစားချင်စိတ် ပေါက်ချင် ပေါက်မှာပေါ့ လို့..

ဒါပေမယ့် အလုပ် ကြိုးစား ချင်စိတ် ပေါက်တိုင်းရော အလုပ် ရရှိနိုင်မှု အတိုင်းအတာ၊ အလုပ် အကိုင် ဖန်တီး ပေးနိုင်မှု အခြေအနေ၊ အဲဒီ အလုပ် အတွက် ချဉ်းကပ်မှု ပေးနိုင်တဲ့ လမ်းကြောင်း၊ အလုပ် ကောင်းမွန်စွာ လုပ်နိုင်လောက်အောင် လုပ်ငန်းခွင် ၀င်မယ့် လူငယ်များ အတွက် အရည်အချင်း ဖြည့်ဆည်း ပေးထားမှု ဒါတွေရော မြန်မာနိုင်ငံမှာ စစ်တမ်း သုတေသန များ ရှိပါသလား။ သိချင် လုပ်ချင်စိတ် ပေါက်လာတာ လေးတွေပါ။ သိရင် ရှိရင် လက်တို့လိုက်နော.. တခုတော့ ရှိတယ်.. အစစ်အမှန်တွေကိုပဲ သိချင်တာပါ ဇောက်ထိုးထည့်ထားတဲ့ flow chart တွေတော့ မမြင်ချင်ဘူးပေါ့။ နောကြေ နေပြီလေ.. နော်..

1 comment:

Khin said...

သိတာလေးတင်ပြဦးမယ် အမေရိကားမှာ ဆေးချောက်စွဲပြီး ပိန်ချုန်းနေတဲ့မော်ဒယ်ပုံနဲ့ ကြော်ငြာလို့ တရားစွဲ ခံရဘူးတယ်။

ကျန်းမာသောကိုယ်လုံးဟာ မဝသလို မပိန်ရပါ။

တောင့်တင်းသော ကိုယ်လု့း နဲ့ အသားအရေ၇ှိရပါတယ်။