Monday, December 24, 2007

ကျွန်မနဲ့ ဘလော့

ကိုပီကေ ကတက်လာ ပါတယ်။ ခင်မင် ရင်းနှီးလို့ တက်ခြင်း ဖြစ်လေ့ ရှိတဲ့ အတွက် တက်သမျှ ကျွန်မက တလေးတစား ပြန်ရေး ပေးပါတယ်။ ဒီပို့စ် အတွက် ကျတော့ ကိုဖြိုးက တက်ဖူး ထားလို့ ဘလော့ ရေးဖြစ်ခြင်း အကြောင်းရင်း ကို ရေးပြီးသား ဖြစ်နေတဲ့ အတွက် ဘလော့လေး ဆက်လက် ရှင်သန် ရခြင်း အကြောင်း ရင်းနဲ့ ဘလော့နဲ့ ကျွန်မ ဘ၀ အကြောင်း ပြောပါမယ်။

သူများတွေက မအားတဲ့ ကြားက ဘလော့ပါတယ် လေးစားပါတယ်။ တကယ် ချီးကျူးပါတယ်။ ကျွန်မ ကတော့ အားနေလို့၊ ဘယ်မှာ မသွား နိုင်လို့၊ လေဖြတ် ဝေဒနာ ကြောင့်ရော၊ ဗိုက်ခွဲ ထားတဲ့ ဒဏ်ရာ အသား မသေ သေးတာ ကြောင့်ပါ ဘာမှ သွားသွား လာလာ မလုပ် နိုင်လို့ ဘလော့ ပါတယ်။ ဘလော့ ပေါ်က ဓာတ်ပုံ များကို ကြည့်ပြီး ကျွန်မ လျှောက်သွား နေနိုင်လို့ ကိုယ်တိုင် ရိုက်ပြီး တင်တာ လို့ မထင် ပါနဲ့။ အိမ်တွင်းအောင်း ကျွန်မကို ပြင်ပ လောကနဲ့ ထိတွေ့ခွင့် ရအောင် အပြင် ထွက် တိုင်း ဓာတ်ပုံ ရိုက်ယူ လာပြီး ကွန်ပြူတာနဲ့ ပြန်ပြရင်း virtual tour အမြဲ ပို့တဲ့ ကျွန်မ ယောက်ျား ရိုက်လာတဲ့ ဓာတ်ပုံ များပါ။ ကျွန်မကို အမြဲ နားလည် ပံ့ပိုး အားပေး တတ်တဲ့ သူ့ကို ကျေးဇူး တင်မဆုံးပါ။

တကောင်ကြွက် အထီးကျန် နေရတဲ့ ကျွန်မ အတွက် စိတ်ဓာတ် မကျ စေဖို့၊ စိတ်အား မငယ် စေဖို့ ပြီးတော့ ကိုယ့်ကိုယ်ကို တစ်ခုခု လုပ်နေ နိုင်သေးတဲ့ လူတစ်ယောက်၊ ပတ်ဝန်းကျင်ကို တခုခု လုပ်ပေး နိုင်သေးတဲ့ ကော်ဖီ တစ်စေ့ ဖြစ်စေဖို့ ကိုယ့် တသက်တာ ဖတ်မှတ် ဆည်းပူး လေ့လာ ထားခဲ့ သမျှ တွေကို တိုင်းပြည်နဲ့ လူမျိုး အတွက် လိုကွက် ဟာကွက် တွေကို ဖြည့်တဲ့ နေရာမှာ အုတ် တစ်ချပ် သဲတစ်ပွင့် အဖြစ် ထည့်ဝင် နိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ တတ်နိုင် သလောက် ကောင်းမွန် မြင့်မြတ်တဲ့ အဆောက်အဦ တစ်ရပ် အတွက် အုတ်ကောင်း တစ်ချပ်၊ သဲကောင်း တစ်ပွင့် ဖြစ်အောင် ကြိုးစား ခဲ့ပါတယ်။ ဒါတွေ ဟာ ကျွန်မရဲ့ ဆက်လက် ဘလော့ ဖြစ်ခြင်းရဲ့ အဓိက တွန်းအား များပါ။

ကိုယ့်ထက် စောပြီး ဘလော့ဂါ လောကမှာ နေရာ ရပြီး ဖြစ်တဲ့ ဘလော့ဂါ အကို အမ များကလဲ လက်တွဲ ကြိုဆို အားပေးတာ ခံယူလိုက်၊ ကိုယ့်နောက်မှ ဘလော့ဂါ လောက ကို ရောက်ကြ ပေမယ့် စေတနာ၊ ကြိုးစား အားထုတ်မှု ကောင်းသလောက် အရေးအသားလဲ ပါရမီ ပါတဲ့ ဘလော့ဂါ မောင်ငယ် ညီမငယ် များကိုလည်း အားပေးလိုက်နဲ့ ဘလော့ဂါ လောကက ရင်းနှီး နွေးထွေး ပျူငှာ လှပါတယ်။ ရုပ်ဆိုးသော အချို့ အုပ်စု ဖွဲ့မှု များနဲ့ ပုဂ္ဂိုလ်ရေးကို အွန်လိုင်းပေါ် တင်လာ တတ်သူများ ရှိသော်လည်း အနည်းစုမို့ မှုစရာ သိပ်မရှိလှ။ စီနီယာ၊ ဂျူနီယာ မဆိုင် ကောင်းမွန် လှပ ဆန်းသစ်တဲ့ အတွေး အရေး လေးများနဲ့ မသိဖူး မဖတ်ဖူး သေးသော အတွေး အခေါ် ဗဟုသုတ များကို ဖလှယ်လိုက် နမူနာ အတုယူလိုက်၊ ဆွေးနွေး တိုင်ပင် လိုက်နဲ့ လူငယ် များကို စိတ်ဓာတ် အပြော အဆို အပြုအမူ ပိုမို တိုးတက် လာစေသော လူရည် လူသွေး မြှင့်တင်ရာ နေရာလို့ ဘလော့ဂါ ရပ်ဝန်းကို တင်စား ရရင် ပိုမယ် မထင်ပါ။

နိုင်ငံ ရပ်ခြားမှာ လင်မယား နှစ်ယောက်တည်း နေပြီး သူငယ်ချင်း များလဲ အမြဲ လာမ လည်နိုင် ကိုယ် ကလဲ သွား မလည်နိုင်တဲ့ အခြေ အနေမှာ ခင်ပွန်းသည် အပြင်သွားရတဲ့ နေ့တိုင်း အိမ်မှာ တစ် ယောက်တည်း ကျန်ခဲ့ တတ်တဲ့ ဥတလုံး တကောင်ကြွက် ကျွန်မ အတွက် ဘလော့ဂါ များဟာ မိသားစု ၀င်များ သဖွယ် ဖြစ်ကြပြီး သူတို့ရဲ့ စကားများဟာ ကျွန်မ အတွက် အားပေး စကားများ ဖြစ်ကြ ပါတယ်။ သူတို့ရဲ့ မှတ်ချက် များဟာ ကျွန်မရဲ့ ကလောင်သွား ပိုထက်စေဖို့ အကြောင်း တရားများ ဖြစ်လာပြီး သူတို့ရဲ့ ခင်မင် ရင်းနှီး မှုများဟာ ကျွန်မ အတွက် အသက် ရှည်ဆေး၊ ကျန်းမာ ပျော်ရွှင် စေတဲ့ အဓိက သော့ချက်တွေ ဖြစ်လာပါတယ်။ တစ်ယောက်ချင်း နာမည် ဖော်ပြ နေရရင် ပို့စ်လဲ တအားကို ရှည်တော့ မှာဖြစ်ပြီး မနိုင်းနိုင်း စနေ ရဲ့ ပို့စ်တစ်ခုမှာ ပြောထား သလို ပါးစပ် ကနေ ဖွင့်ပြော နေစရာ မလိုဘဲ စိတ်ချင်း နှလုံးသားချင်း ထပ်တူ ကျနေတဲ့ အတွက် နာမည် မပါလို့ စိတ်မဆိုးမှာ သေချာ တာမို့ တစ်ယောက်ချင်း နာမည် မဖော် တော့ပါဘူးနော်.. နားလည်တယ် ဟုတ်လား သူငယ်ချင်း ညီအစ်မ မောင်နှမ တို့ရေ..

ဘယ် အဆောက် အဦ ဆောက်လုပ် ရာမှာ ဖြစ်ဖြစ် အလေအလွင့် ရှိတတ် ပါတယ်။ အချိုး ခံလိုက် ရတဲ့ အုတ်ခဲ ရှိနိုင်သလို လေတိုက်လို့ လွင့်ပါး သွားတဲ့ သဲပွင့် တွေလဲ ရှိတတ် ပါတယ်။ စကတည်းက အုတ်ဖုတ် ရာမှာ မကျက်တဲ့ အုတ်ခဲ များလဲ ရှိနိုင် သလို သဲနဲ့ ရောပါ လာတဲ့ နုံးမြေသား တွေလဲ ပါလာ နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ။ ဘလော့ကာ လောကမှာ ရှိတဲ့ အုတ်ကောင်း သဲကောင်း များနဲ့ ကျွန်မ တို့တွေ စစ်မှန်တဲ့ လူနေမှု စနစ် တစ်ခုဆီ ချီတက် သွားနိုင်မယ်လို့ ယုံကြည် ယူဆ ပါတယ်။ ကဲ.. ညီအစ်ကို မောင်နှမ ညီအစ်မ များတို့ရေ ကျွန်မတို့ နေထိုင် ချင်တဲ့ အေးချမ်း သာယာ စစ်မှန်တဲ့ လူနေမှု စနစ်လေး တစ်ခု ဆီကို ရောက်အောင် ကျွန်မတို့ရဲ့ ဘလော့ဂါ လောက အဆောက်အဦ ကြီးကို အုတ်ကျောင်း သဲကောင်း များနဲ့ ၀ိုင်းဝန်း တည်ဆောက် ကြမယ် နော်..

5 comments:

ပီကေ said...

`လူရည် လူသွေး မြှင့်တင်ရာ နေရာလို့ ဘလော့ဂါ ရပ်ဝန်းကို တင်စား ရရင် ပိုမယ် မထင်ပါ´ ဆိုတဲ့ စာသားလေးကို ကျနော်လည်း အပြည့်အ၀ ထောက်ခံတယ်။ နောက်ပြီး အောက်ဆုံးစာပိုဒ်ကိုလည်း သိပ် ကြိုက်သွားတယ်ဗျာ။ မခွန်မြလှိုင်ပြောသလို ကျနော်တို့တွေ စည်းစည်းလုံးလုံး နဲ့ သဲကောင်းတစ်ပွင့် အုတ်ကောင်းတစ်ချပ် အဖြစ်နဲ့ အကောင်းဆုံး ထမ်းဆောင်သွားကြရင် ဒီ ဘလော့ဂ် လောကကြီးက ပိုပြီး လှပသွားမယ်ထင်တယ်နော်။ ကျနော့် တက် TAG ကို နေမကောင်းတဲ့ ကြားက ကြိုးစားပြီး ဖြေပေးတဲ့ မခွန်မြလှိုင်ကို ကျေးဇူးတင်ပါတယ်ဗျာ။

MyMetro said...

“ အုတ်ကျောင်း သဲကောင်း များနဲ့ ၀ိုင်းဝန်း တည်ဆောက် ကြမယ် နော်.. ”

အုတ်ရောင်း၊ သဲရောင်းသည်။ ပျဉ်ပုံကြီးသဲ လိုသလောက် ရမည်။ ဟိဟိ

Winkabar said...

ကောင်းလိုက်တဲ့စာသားတွေအစ်မရယ်။ ဟုတ်တယ်နော်။ ၀ိုင်းဝန်းတည်ဆောက်ကြရအောင်။

Mr.Pooh @ မောင်ပွတ် said...

အစ်မရဲ့ ဘလော့ဂ်လောကအပေါ် မြင်တဲ့အမြင်၊ ရေးဖေါ်ရေးဖက်တွေအပေါ် ထားတဲ့ စိတ်ဓါတ်တွေက လေးစားအတုယူစရာပါဗျာ။ Online မှာ ရင်းနှီးတဲ့လူတွေဟာ အပြင်မှာလည်း စုပေါင်းလုပ်ဆောင်တတ်တယ်ဆိုတာ စက်တင်ဘာလမှာ ကျင်းပနိုင်ခဲ့တဲ့ Seminar က သက်သေပြခဲ့ပြီးပါပြီ။ မကြာခင်မှာပဲ Blog Post တွေ စုစည်းထားတဲ့ စာအုပ်ကလေးလည်း ထွက်လာတော့မှာ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေ ဖြစ်လာတာက အစ်မပြောသလို အုတ်ကောင်း၊ သဲကောင်းတွေ များလို့ပဲဖြစ်ပါတယ်။ လာမယ့် နှစ်လလောက်အတွင်း အကောင်အထည်ပေါ်လာတော့မယ့် MBS အသင်းကြီးအတွက်လည်း အစ်မတို့ အကူအညီတွေ အများကြီး ယူရဦးမှာပါ။ ပျော်ရွှင်ပါစေ အစ်မ။

littletaster said...

လည်လည်လာသွားတယ်နော်...လင့်လည်းယူသွားတယ်...