Friday, December 14, 2007

မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီစေ့

ဟဲ့ မြေး ဘာဖြစ်လာတာလဲ မျက်နှာ မကောင်းပါလား။

မပြောချင်ပါဘူး ဘွားဘွားရယ်။ ရုံးမှာ အဆင်မပြေခဲ့ဘူး။ မြေး ထွက်စာတင်တော့မယ်။ ဒီရုံးမှာ ဆက်မနေနိုင် တော့ဘူး။ ဒီလို ကျားကျား မီးယပ်ပဲ ဆိုပြီး ယောက်ျားကြီး တစ်ယောက်လုံးကိုမြင်လျက်နဲ့ မိန်းမရောဂါ ဖြစ်နေတာပါ ဆိုပြီး ဇွတ် မျက်စိမှိတ် ပြောနေတတ်တဲ့ ဒီလူတွေကို လုံးဝ သည်းမခံနိုင်တော့ဘူး။ လွန်လွန်း အားကြီးတယ်။

မြေးရယ် ကဲကဲ လာ ဘွားနဲ့ မီးဖိုထဲ လိုက်ခဲ့။ ဘွား မုန်လာဥနီ ဖျော်ရည် လုပ်ထားတယ်။ သောက်ရင်း ပြောတာပေါ့။

မီးဖိုထဲ ရောက်မှ ဘွားက ရေနွေးကြိုရင်း သူ့ထုံးစံအတိုင်း ချိုအေးသော အပြုံးနဲ့ ဆက်ပြောသည်။

မြေးကို ဘွား ဉာဏ်စမ်းတစ်ပုဒ် ပြောပြမယ် ဖြေမလား နားထောင်မလား
ဘွားကတော့ သူ့ထုံးစံအတိုင်း စိတ်ဆိုးနေသော အာရုံကို လွှဲချေပြီလို့ အပီ တွက်လိုက်မိသည်။ သို့သော် သူ့ဉာဏ်စမ်းများက စိတ်ဝင်စားစရာ ကောင်းသလို အတွေးတွေလဲ ရလေ့ ရှိလို့ ကျွန်မ လက်မလွှတ်နိုင်ပေ။

ဟုတ် ဖြေမယ် ဘွား

ခု ရေနွေး ကြိုတာ ပွက်ပြီ။ ဟောဒီ မုန်လာဥက အစက အမာနော်.. ရေနွေးထဲ ဟောလို ထည့်လို့ အပူပေး ခံရရင် ဘာဖြစ်သွားမလဲ

ပျော့သွားတာပေါ့ အဘွားရ

အင်း ဒီကြက်ဥက အထဲမှာ အစက အရည်နော်.. ခု ရေနွေးထဲကို ဒီလို ထည့်တော့ ပျော့သွားလား မာသွားလား

သူကျ ခဲပြီး မာသွားတယ်

ဟောဒီ ကော်ဖီစေ့လေးတွေ ကို ရေနွေးထဲ ထည့်လိုက်တော့ရော ဘယ်လိုနေလဲ

ပျော့တာ မာတာ တခါမှ မစဉ်းစားမိ ဖူးဘူး မွှေးလာလို့ သောက်ပစ်လိုက်တာပဲ


အင်း ဘွားပြောချင်တာ ဒါပဲ မြေး၊ မုန်လာဥဟာ အစက မာပေမယ့် အပြုတ်ခံ ရတဲ့အခါမှာ မမာနိုင်တော့ဘူး။ ပျော့သွားတယ်။ သူ့ပတ်ဝန်းကျင် ဖြစ်တဲ့ ရေနွေးကိုတော့ ဘာမှ မပြောင်းလဲနိုင်ဘူး။ လောကမှာ လူတွေဟာ အစက မာသယောင် ခံနိုင်ရည် ရှိသယောင် ထင်ရပေမယ့် တကယ်တမ်း လောကဓံနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ညံ့သွားပြီး လောကဓံကိုရော ပတ်ဝန်းကျင်ကိုပါ အရှုံးပေးလေ့ ရှိတယ်။ ဒီလူတွေဟာ မုန်လာဥနဲ့ တူတယ်။


ကြက်ဥဟာ အစက အရည် ဖြစ်ပေမယ့် အပူနဲ့တွေ့တဲ့အခါ မာခဲသွားတယ်။ သူလဲ ရေနွေးကို ဘာမှ မထူးခြား စေဘူး။ လောကမှာ တချို့လူတွေဟာ အပြင်ပန်းက ပျော့ညံ့သယောင် ထင်ရပေမယ့် တကယ်တမ်း လောကဓံ နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ မာကျော ခက်ထန်သွားတတ်ကြတယ်။ လူ့ဂွစာတွေ ဖြစ်ကုန်ကြတယ်။ ကိုယ့်ကိုယ်ကို စိတ်ဓာတ် မာတယ် ဆိုတာ ပြဖို့အတွက် ကိုယ့်ကိုယ်ကို အရည်ဘ၀ကနေ ခဲပစ်လိုက်တတ်ကြတယ်။ ဒီလူ တွေဟာ ကြက်ဥနဲ့ တူတယ်။


ကော်ဖီစေ့ဟာ တစက်မှ မလှဘူးနော်။ မဲသေးတယ်။ အမြင်အရ ဆိုရင် သူ့ကို တစက်မှ အထင်ကြီးဖွယ် မရှိဘူး။ သူ့ကို ရေနွေးပူထဲ ထည့်လိုက်တဲ့အခါ သူဟာ သူ့ရဲ့ အနံ့ အရသာတွေကို အတတ်နိုင်ဆုံး ထုတ်ပြီး သူ့ပတ်ဝန်းကျင် ဖြစ်တဲ့ ရေနွေးကို အရောင်ရော အနံ့ပါ ပြောင်းပစ်လိုက် နိုင်စွမ်း ရှိတယ်။ လူတွေဟာလဲ သူ့ရဲ့ မွှေးပျံ့ တဲ့ ရနံ့ကို နှစ်ခြိုက်စွာ သောက်သုံး ရတယ်။ သူ့ရဲ့ အရည်အချင်း အစွမ်းအစဟာ ပတ်ဝန်းကျင် အပေါ် လွှမ်းမိုး နိုင်ပြီး သူတပါး ကိုလဲ ကောင်းကျိုး သက်ရောက် စေတယ်။ နှစ်သက်မှု ပီတိကိုလဲ ပေးစွမ်း နိုင်တယ်။ တချို့လူတွေဟာ လောကဓံနဲ့ ရင်ဆိုင် ရတဲ့ အခါ ကိုယ်ပိုင် အရည်အသွေး၊ အစွမ်းအစတွေ ပိုထွက် လာပြီး အဲဒီ အရည်အသွေး၊ အစွမ်းအစ တွေက အများ အကျိုးကို ကောင်းကျိုးပြု ဆောင်ရွက် နိုင်စွမ်း ရှိလာ ကြတယ်။ သူ့ကိုလဲ သူ့ပတ်ဝန်းကျင်က နှစ်လို ကြသလို သူ့ပတ်ဝန်းကျင်ကလဲ သူ့ကို အတုပြန်ယူ ရတယ်။ ဒီလိုလူမျိုးဟာ ကော်ဖီစေ့နဲ့ တူတယ်။
မြေးရော မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီစေ့ ဘာနဲ့ တူလဲကွယ်။


အဘွားရဲ့ စကား အဆုံးမှာ မျက်ရည်ဝဲအောင် ၀မ်းသာ ရပါသည်။ ချစ်ဖို့ ကောင်းလိုက်တဲ့ ဘွားရယ်။ ကျွန်မရဲ့ လက်ရှိ ပြသနာအတွက် ဒါလို ဖြေရှင်းလိုက်လို့ မပြောပေမယ့် အဲလို ဖြေရှင်းနည်းကို အသင့်ပေးတာထက် ကိုယ်တိုင် ဖြေရှင်းနည်း ထုတ်တတ်အောင် ဥပမာ ပုံပြောပြတဲ့ ဘွားကို ပိုချစ် ပိုလေးစား မိပါတယ်။ ဒါကြောင့်လဲ ဦးခေါင်းသုံးလုံး ရှိသူထံမှာ သင်ယူပါလို့ ရှေးစကား ထားခဲ့ခြင်းပါပေ။ အဘွားဟာ ကျွန်မအတွက်တော့ တန်ဖိုး မဖြတ်နိုင်သော အဘွားပါပေ။ ချစ်လှစွာသော အဘွားကို လေးလေးနက်နက် အဖြေ ပေးမိပါတယ်။

မြေးလေ.. အစက ကြက်ဥနဲ့တူနေတာ။ ခုတော့ မြေး ကော်ဖီစေ့ ဖြစ်အောင် ကြိုးစားပါမယ် ဘွား..

လူသားတိုင်း ဘ၀ အမောတွေ လောကဓံတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒါတွေကို တုန့်ပြန်ပုံပေါ် မူတည်ပြီး လူ့တန်ဖိုးရော၊ သူ့ပတ်ဝန်းကျင်မှာပါ အကျိုးသက်ရောက်မှု ကွာခြားတတ်ပါတယ်။ ကျွန်မကတော့ ကော်ဖီစေ့ ဖြစ်အောင် ကြိုးစားဆဲပါပဲ။

အီးမေးလ်များက ရသော Carrot, Egg and Coffee Beans ကို ဘာသာပြန်ဆို မြန်မာမှု ပြုပါသည်။

6 comments:

Anonymous said...

ဒီပို့စ်ကို သဘောကျတယ်။ ဘွားဘွားပြောသလိုပဲ လူတိုင်းက ကော်ဖီစေ့လိုမျိုး ဖြစ်အောင် ကြိုးစားသင့်တယ်။

Chit Lay Pyay said...

ကော်ကော် ကြိုက်လို့ ကော်ဖီစေ့လေး ဖြစ်အောင် ကြိုးစားပါတော့မယ်၊ အဲဒါလေး ဖတ်ဖူးတယ် လှိုင်ရေ၊ ဒါပေမယ့် လှိုင့်ပို့စ်မှာ ဖတ်လိုက်ရတာ ပိုပြီး မြင်လွယ်သွားတယ်၊ မျှဝေပေးတာ ကျေးဇူးပါ

နေလင်း said...

အရမ်းကောင်းတဲ့ ဥပမာလေးပါ အရမ်းသဘောကျတယ်ဗျာ ဘာသာပြန်တာလည်းကောင်းတော့ ဖတ်ရတာအဆင်ပြေနေတာပဲ...

MYO HAN HTUN said...

အရမ်းကောင်းတဲ့ ပိုဒ့်ပဲ ဗျာ ..

ကိုတိုး

Red's Rose Dream said...

ကော်ဖီစေ့လေး ဖြစ်လိုက်ချင်ပါတယ်။

သဇင်ဏီ said...

ပညာရစေတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ..
မိမိကိုယ်ကို ပြန်သုံးသပ်ပြီး ပြုပြင်လို့ရတာပေါ့နော်