Monday, November 12, 2007

ကျွန်မ နာမည် ထူးထူးပါ

အိမ်တဲ့။ အိမ်ဆိုတာ ဘာလဲ။ လူတစ်ယောက် အတွက် ကျောခင်းစရာ အိမ်တစ်လုံး ရှိဖို့အရေးကြီးသလား။ မိသားစု ဆိုတဲ့ လူမှု အဖွဲ့အစည်းလေး တစ်ခု ရှိဖို့ အရေးကြီး လား။ လူတစ်ယောက်မှာ သူ့ဘ၀ အစစ်က မိသားစုတွေ ရှိတော့ သည် ဖြစ်စေ မရှိတော့သည် ဖြစ်စေ သူ့ ဘ၀ အစစ်ကို သူသိခွင့်တော့ ရှိမယ် ထင်ပါတယ်။ အဲလို သိအောင် စုံစမ်းတာဟာ အကျိုးတော့ မယုတ်ကောင်းဘူး ထင်ပါတယ်

ကျွန်မနာမည် ထူးထူးပါ။ ကျွန်မတို့ မိသားစုထဲမှာ ဖေဖေ၊ မေမေ၊ ကိုကြီးနဲ့ ကိုလေးတို့အားလုံးက အညာမျိုးဆက် ပီပီ အသားညိုပေမယ့် မိသားစုထဲမှာ ထူးထူးခြားခြား ၀ါဝင်းတဲ့ အသားအရေနဲ့ ပြေပြစ်တဲ့ ရုပ်ရည်ရှိရော ကံထူးသူ ဖြစ်လို့ပါ ကျွန်မကို မထူးလို့ နာမည်ပေးတာလို့ မေမေက ပြောပါတယ်။ သားတွေချည့်မွေးထားပြီး သမီးလိုချင် လွန်းလျက် မရသေးတဲ့ ဖေဖေမေမေတို့က ကျွန်မကို ငယ်စဉ်က သိပ်ချစ်ပါတယ်။ အကိုတွေကလည်း ကျွန်မနဲ့ အသက်တော်တော်ကွာပြီး ကျွန်မကို သိပ်အလိုလိုက်တာကြောင့် ကျွန်မရဲ့ ငယ်ဘ၀က ပျော်စရာ အတိပါပဲ။

ဒီလိုနဲ့ ကျွန်မရဲ့ မေမေဟာ အသက်အတော်ကြီးမှ ကိုယ်ဝန်ထပ်ရပါတယ်။ မောင်လေးလား၊ ညီမလေးလား မသိ ဘဲ ကျွန်မ ပျော်နေခဲ့ပါတယ်။ ခက်ခက်ခဲခဲ မွေးဖွားအပြီးမှာ ညီမလေးဟာ အသားဝါ ပိုးဒဏ်ကြောင့် ကလေးဆေးရုံ ရောက်ခဲ့ပြီး ပိုလီယို အကြောသေ ရောဂါရော ဉာဏ်ရည်ချို့ယွင်းမှုပါ သေရာပါ စွဲကပ်ခဲ့ပါတော့တယ်။ ချစ်တာအ ပေါ် သနားတာ ပါ ဆင့်ပြီး ညီမလေးကို ကျွန်မ သိပ်အလိုလိုက်ခဲ့ပါတယ်။ ညီမလေး ဘယ်လောက်ဆိုးဆိုး၊ ကျန်း မာရေး မကောင်းလို့ စိတ်ဓာတ်ကျ စိတ်ညစ်နေလို့ ဒီလိုရစ်ရှာတာပဲလေ ဆိုပြီး ပိုသနားပါတယ်။ ဒါကြောင့်လဲ ကျောင်းနေတဲ့အရွယ်ရောက်တော့ သူတကာလို ကျောင်းဝတ်စုံနဲ့ ကျောင်းတက်ချင်ရှာတဲ့ ညီမလေးတစ်ယောက် ထဲ ကျောင်းတက်ရင် သူ့ကို စောင့်ရှောက် တဲ့သူ မရှိမှာစိုးလို့ ဆိုပြီး အသက် ၇နှစ်နေမှ ကျွန်မ ကျောင်းစနေပြီး သူငယ်တန်း အောင်ပြီးသား ပေမယ့် ညီမလေးနဲ့ အတူ သူငယ်တန်းကိုပဲ ကျွန်မ ပြန်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အ တန်းထဲမှာ အမြဲ အဆင့် တစ်ကနေ သုံးကို ပုံမှန်ဝင်တဲ့ စာတော်သူ ဖြစ်ခဲ့ပေမယ့် ညီမလေး စာမေးပွဲကျတိုင်း ကျွန် မပါ ညီမလေးရဲ့ အတန်းကို လိုက်တက်ရင်း သူငယ်ချင်းတွေ ဘွဲ့ရပြီးမှ ကျွန်မက ဆယ်တန်းအောင်ပါတယ်။ ညီမလေးနဲ့ အတန်းတူ လိုက်တက် နေခဲ့လို့ပါ။ ဒါကို ကျွန်မ နစ်နာတယ်လို့ မထင်ပါဘူး။ သူငယ်ချင်းတွေက ဂရုဏာ သက်တဲ့ အကြည့်နဲ့ ကြည့်တာကို ကျွန်မက အချစ် သူရဲကောင်း မကြီးရဲ့ ဂုဏ်ယူတဲ့ မျက်နှာပေးနဲ့ တုံ့ပြန် ဆဲပါ။

ဒီလိုနဲ့ ကျွန်မတို့ တက္ကသိုလ် ရောက်တော့ ဆေးကျောင်းမှတ် မီပေမယ့် ညီမလေးတက်တဲ့ စီးပွားရေးကိုပဲ ကျွန်မ ဆက်တက်ပါတယ်။ ကျောင်းသူပေါက်စ ငယ်ငယ်ချောချော ခေတ်ဆန်ဆန်လေးတွေကြားမှာ ကျွန်မက အသက် အကြီးဆုံး။ လက်ထောက်ဆရာမနဲ့မှ ကျွန်မ အသက်ကရွယ်တူပါ။ ခေတ်ဆန်ဆန် လှပတဲ့ ကျောင်းသူတွေ ကြား မှာ ကျွန်မပုံက တောအဖွားကြီးပုံ ပေါက်နေပါရော။ တချို့ကျောင်းသူတွေ အဖော်ခေါ်လာရင် ကျွန်မပုံက သူတို့ အိမ်ဖော် နဲ့တောင် ဆင်နေပါ ရောလား။ ဒါပေမယ့် ဒီလို လူကြားထဲမှာ ထူးထူးခြားခြား ထင်းနေတဲ့ ကျွန်မကို မသိ သူမရှိ နာမည်ကြီးပါတယ်။ ညီမလေးကို ခွင့်လွှတ် သည်းဆံနေကျ ကျွန်မအတွက် လူတိုင်းနဲ့ တည့်နေ၊ ခင်မင် နေတာ လူချစ်လူခင် ပေါနေတာ မထူးခြားလှပါဘူး။ ဒါပေမယ့် ကျွန်မကို စိတ်ကောက်နေကျ ညီမလေးကို ချန်ထား သလို ဖြစ်မယ့်ကိစ္စကို ကျွန်မ လုံးဝ ရှောင်ပါတယ်။ သူ့ခမျာ ဒုက္ခိတမို့ ပိုအားငယ်ရှာမယ် ဆိုတဲ့ ကရုဏာစိတ် ကြောင့်ပါ။

တခြားကိစ္စကို ကျွန်မ ဘယ်လိုမှ သဘောမထားပေမယ့် ညီမလေးက ကျွန်မကို လူကြားထဲမှာ အစ်မလို မဆက်ဆံပဲ အိမ်ဖော်လို ပုံစံမျိုးနဲ့ ဆက်ဆံတာ၊ ကျွန်မ သူ့အပေါ် ဘယ်လိုပဲ စိတ်ရှည်ပါစေ သူက ကျွန်မကို နည်းနည်းမှ စိတ်မရှည်ဘဲ လူကြားထဲ အော်ငေါက်တာတွေက ကျွန်မကို ရင်နာစေပါတယ်။ ကျွန်မလဲ မိန်းမသားပဲ လေ .. ရှက်တတ်ပါတယ်။ ဒုက္ခိတ ညီမငယ်ကို အစစ စောင့်ရှောက်ရတာကို ကျွန်မ မရှက်ပေမယ့် သူလူကြားထဲ အဲလို အော်ငေါက်တာ ကိုတော့ ကျွန်မ သိပ်ရှက်ပါတယ်။ အထူးသဖြင့် ကျွန်မ အလေးအမြတ် ထားမိတဲ့ တစ်စုံ တစ်ယောက် ရဲ့ ရှေ့မှာပေါ့ရှင်။

ကျွန်မရဲ့ သူငယ်ချင်းတွေကြားမှာ သူစိတ်ကောက်ရင် စိတ်တိုရင် သူ့ကိုအချစ်လျော့မှာစိုးလို့ သ၀န်တိုတာ ဖြစ် မယ် လို့ ချစ်သနားရပေမယ့် ရှက်တာတော့ ရှက်တာပါပဲ။ အထူးသဖြင့် ကိုအောင်ရဲ့ ရှေ့မှာပေါ့ရှင်.. သူက အမြဲ နားလည် အားပေးတတ်လို့ ကျွန်မ ရင်ထဲမှာ နွေးထွေးမှုတွေ ခံစားရလေ့ ရှိပါတယ်။ ကိုအောင်ဟာ ရုပ် အချောကြီး မဟုတ်ပေမယ့် သူ့ရဲ့ သနားကြင်နာတတ်မှု၊ တည်ကြည်မှု၊ လူရည်သန့်မှုနဲ့ အနေအထိုင် ရိုးရှင်း စင်ကြယ်မှု တို့ကြောင့် ကျောင်းရဲ့ နာမည်ကြီးထဲမှာ ပါပါတယ်။ သူနဲ့ ကျွန်မ သူငယ်ချင်းတွေ ဖြစ်ပြီး ကတည်းက ကျွန်မရဲ့ ဘ၀ တဆစ်ချိုး ပြောင်းလာပါတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တဲ့ ကိုအောင်ရဲ့ အဖြူရောင် ခင်မင်ခြင်း တွေ ကြောင့် ကျွန်မရဲ့ ဘ၀နဲ့ နာမည်သတင်းမှာ အရောင်တွေ စွန်းလာ ခဲ့ပါတယ်။ သူ့ရဲ့ အဖြူရောင် ခင်မင်ခြင်းတွေ ကြောင့် ကျွန်မရဲ့ ဘ၀မှာ စကားတင်း မုန်တိုင်းတွေ၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် သူ့ရဲ့ တည်ကြည်မှုနဲ့ အမှန်တရားကို မြတ်နိုးမှုတို့ကြောင့်ရော ကျွန်မဘက်က ကြံ့ကြံ့ခံ ရပ်တည်ပေးမှု တွေ ကြောင့် ကျွန်မ သူ့ကို ပိုလေးစား ခင်မင် အားကိုး မိပါတယ်။ ခင်မင်မှုတွေ ပိုမို ခိုင်မြဲ လာခဲ့သလို နားလည်မှုတွေ တိုးမြင့်လာပါတော့တယ်။ ဒါကြောင့်လဲ ကျွန်မဘ၀ရဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက် လာခဲ့ ပါတော့တယ်။

ဖော်ကောင် ကတော့ ကျွန်မရဲ့ ချစ်လှစွာသော ညီမလေးပေါ့ရှင်.. တစ်ရက်သား ကိုအောင်နဲ့ စကားပြော နေစဉ်မှာ သူ အကြီး အကျယ် ဒေါသထွက်ပါတယ်။ ကျွန်မကို ထုံးစံအတိုင်း ပြသနာ ရှာပါတယ်။

ညီမလေးရယ် နင် ပြေပြေ လည်လည် ပြောလဲ ရပါတယ် ဘာဖြစ်ချင်တာလဲ

((ဖြစ်ချင်တာကတော့ နင် ငါနဲ့ အဝေးဆုံးကို ထွက်သွား.. သူတော်ကောင်း ယောင်ဆောင် နေတဲ့ နင့်ကို ငါ လုံးဝ မမြင်ချင်ဘူး))

ဟယ်.. အကောင်းချည့်ကနေ ဘာထ ဖြစ်တာလဲ။ ညီမလေး ဘာတွေ လာပြော နေတာလဲ

(((နင့်လို အိမ်က ဒရိုင်ဘာနဲ့ ဗိုက်ကြီးလို့ ဆေးသောက် suicide လုပ်ထားဖူးတဲ့ သူကို ငါ့အစ်မ အဖြစ် သူများ တွေက အသိအမှတ် ပြုထားတာ ငါမခံနိုင်ဘူး။ ပြီးတော့ နင်က ငါ့အစ်မ အရင်းလဲ မဟုတ်ဘူး။ နင့်ကို ဖေဖေက ခြုံထဲက ကောက်ပြီး မွေးစား ထားတာ… နင်နဲ့ ငါတို့ အိမ်နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ နင့်ကို ဒီအသက်အရွယ် ရောက် အောင် ငါ့မိဘတွေက ပေးကျွေး ဆင်ယင်ထားရင် နင့်ကိုယ်နင် ဖေဖေ့သမီးအဖြစ် ရောင့်တက်မနေနဲ့)))

ကျွန်မရဲ့ နားနဲ့ နှလုံးသားကို မိုးကြိုး အစင်းစင်း ခ လိုက်တာပါပဲ။ ကျွန်မ အမြတ်နိုးဆုံး စောင့်ထိန်းတဲ့ ကျွန်မရဲ့ ကိုယ်ကျင့် သိကာတရား၊ ကျွန်မ အချစ်ဆုံး မိသားစု နဲ့ ပတ်သက်တဲ့ အကြောင်း၊ ပြောထွက်သူက ကျွန်မချစ်တဲ့ ညီမလေး… အပြောခံရတာက ကိုအောင့် ရှေ့မှာ.. ရင်ဘတ်ထဲက ဒိုင်းကနဲ အောင့်တက်လာရင်း

((((ဖြူလေး .. မင်း ဘာတွေ လျှောက်ပြော နေတာလဲ))))

စူးစူးနင့်နင့် အော်လိုက်တဲ့ အောင့်အသံ က နားထဲ တိုးဝင်သွားသည်။

ထူးထူး.. ထူးထူး.. သတိရပါတော့ ထူးရယ်.. ထူး.. သတိထားလေ.. ထူး.. ကိုအောင်ခေါ်နေတယ်.. ထူး

စူးအောင့် နာကျင်နေတဲ့ ရင်နဲ့ မွန်းကြပ် နင့်သီးနေတဲ့ လည်ပင်းတို့ကြောင့် အသက်ကို အနိုင်နိုင် ရှူမိသည်။ မျက်နှာပေါ် က အေးစက်စက် အထိအတွေ့တွေနဲ့ တိုးဖွတဲ့ ခေါ်သံတွေကြောင့် ကျွန်မ မျက်စိ ကို အားယူ ဖွင့်မိတော့ မျက်နှာကို ရေနဲ့ တောက်ရင်း ဖွဖွ ခေါ်နေတဲ့ ကိုအောင်၊ နောက် သူငယ်ချင်းများ..

ထူးထူး .. အမယ်လေး တော်ပါသေးရဲ့ နင်သတိ ရလာပြီနော် ဖြစ်ရလေဟာ.. နင့်ညီမလေးက နင့်ကို ဘာပြော လိုက်လို့လဲ…

ဟဲ့ ကေကေ.. ထူးထူးက ခုမှ သတိရတာကို သွားမေး မနေနဲ့လေ.. ဖြည်းဖြည်းထနော် ..ထူးထူး .. ဘယ်သွား ချင်လဲ… အိမ်ပြန်မလား

အိမ်တဲ့.. အိမ်ဆိုတာ ဘာလဲ.. ကျောတစ်ခင်းစာ နေရာလေးအတွက် အပိုင်ဝယ်ထားတဲ့ အဆောက်အဦ တစ်လုံး လား။ မိသားစုတွေ လို့ လူတွေ သတ်မှတ် ခေါ်ဝေါ်ထားတဲ့ လူတွေ စုနေထိုင်တဲ့ လူမှု အဖွဲ့အစည်းလေး တစ်ရပ် လား။ ကျွန်မမှာ အိမ် ရှိရဲ့လား။ ကျွန်မမှာ ရပ်တည်စရာ နေရာ ရှိသေးရဲ့လား။

ကဲဟာ.. ကေသွယ်တို့၊ ချိုချိုတို့၊ ဖြူလေးကတော့ သူ့ဟာသူ ဒရိုင်ဘာကို ခေါ်ပြီး ပြန်နှင့်ပြီ။ ငါပဲ ထူးထူးကို အိမ်ပြန် လိုက်ပို့ ပေးလိုက် ပါ့မယ်။ နင်တို့ရော လိုက်ဦးမလား

ငါတို့ ကျူရှင် ရှိသေးတယ်ဟ.. နင်ပါနေရင် စိတ်ချ ပါပြီ။ နင်ပဲ လိုက်ပို့လိုက်တော့။ နင်တို့ အတွက်ပါ ငါတို့ စာ ကူး ခဲ့မယ် လေနော်.. ဒါဆို ဘယ်သူမှ စာမလွတ်တော့ဘူးပေါ့။ စာမေးပွဲက နီးနေပြီဟ။ နောက်ဆုံးနှစ် ဆိုတော့ သေချာ စာလုပ် ရမယ်လေ နော်။ ထူး ငါတို့ မလိုက်တော့ ဘူးနော်.. နင့်အတွက်ပါ ငါတို့ စာတွေ ကူးခဲ့မယ်။ လာလာ.. ငါတို့ နင့်ကို တွဲခေါ်မယ်နော်.. ဖြည်းဖြည်းလျှောက်လေ ကေသွယ်ရ..

အေးဟာ ဒါဆို ငါ ထူးထူးကို ခေါ်သွားတော့မယ်။ နင်တို့ နည်းနည်း ကူပေးပါဦး

စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ သူတို့ ပြောသံတွေကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ကျွန်မ… ကားက အိခနဲ ရပ် သွား တော့မှ ဘုရားကို ရောက်နေတာကို တွေ့ရသည်။ ကိုအောင် ကမ်းပေးလာသော အချိုရည်ကို အသိမဲ့ သောက်နေမိသည်။

ဘုရားဖူးလိုက်ရအောင်နော်

ဟုတ်ကဲ့ ကိုအောင်

ဂန္ဓကုဋီတိုက်ထဲကို ၀င်ဝင်ချင်း စိတ်ထဲ တင်းနေတာ တော်တော်လျော့သွားသည်။ အေးချမ်း ကြည်လင်နေသော ရုပ်ပွားတော်ကို ဖူးရင်း မျက်လုံးထဲက မျက်ရည်များ အဆီးအတားမရှိ ဒလဟော… အသံမထွက်အောင် ထိန်းရင်း အားရပါးရ ရှိုက်ငိုမိတော့ ကိုအောင်က ပုခုံးကို တင်းတင်း ဆုပ်ကိုင်ရင်း နှစ်သိမ့်သည်။

ဖြူလေး ပြောတာ ကိုအောင် မယုံပါဘူး ထူးထူးရယ်… ထူးထူးဟာ ဒီလို မိန်းကလေးမျိုး မဟုတ်ဘူးဆိုတာ ထူးထူး ရဲ့ အနေအထိုင် အပြုအမူ အပြောအဆိုတွေ လေးနှစ်လုံးလုံး ကိုအောင် လေ့လာ ထားတာ သိနေတာပဲလေ။ ကိုအောင့်ကို အရင်လိုပဲ ဆက် ခင်မင်နိုင်ပါတယ်နော်။ ကိုအောင် ထူးထူးအပေါ် ဘယ်လိုမှ မပြောင်းလဲပါဘူး။ ကိုအောင် ထူးထူးကို ခင်မင်တာကလဲ ထူးထူး အဖေ ရဲ့ ရာထူးတွေ ဂုဏ်တွေကြောင့်မှ မဟုတ်တာ။ ထူးထူးရဲ့ စိတ်နေစိတ်ထားကို လေးစားလို့ ကြောင့်သာ ခင်တာပါ။ ကိုအောင့်ကိုတော့ အထင်မလွဲပါနဲ့နော်

ကိုအောင်ရယ်.. ထူးထူး ဘယ်လိုပြောရမလဲ.. ဘာပဲဖြစ်ဖြစ် ကိုအောင့်ကို ထူးထူး တခါမှ အထင်မလွဲ ဖူးပါဘူး။ ထူးထူး အိမ်ပြန်ပါ့မယ်။ ညီမလေး ထူးထူးကို ရက်ရက်စက်စက် စော်ကားတဲ့ ကိစထက် ထူးထူးရဲ့ ဘ၀မှန်ကို တိတိကျကျ သိရအောင် ဖေဖေ၊ မေမေ တို့ကို ထူးထူး မေးပါ့မယ်။ ထူးထူး အဖြစ်မှန်ကို သိချင်ပါတယ်။ ထူးထူး မိဘရင်းတွေ ဘယ်သူ ဆိုတာထက် ထူးထူးကို တသက်လုံး ကျွေးမွေး လာတဲ့ ထူးထူးက မိဘ အရင်းလို့ သတ်မှတ် လာခဲ့တဲ့ သူတွေက ထူးထူးအပေါ် အခု ဘယ်လို ခံစား သဘောထားသလဲ ဆိုတာလဲ အမှန် အတိုင်း သိချင်ပါတယ်။

ထူးထူး အမှန်တွေကို သိလာရင် ခံနိုင်ရည် ရှိပါစေလို့ ကိုအောင် ဆုတောင်းပါတယ်
ရှင်
အော် ဘာမှ မဟုတ်ပါဘူး။ ထူးထူး ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘာပဲ လုပ်လုပ် ကိုအောင့်ကို အသိပေး နိုင်မ လား။ ကိုအောင့်ကို ထူးထူးရဲ့ ဘေးမှာ စောင့်ရှောင့်ခွင့် ပြုပါ ထူးထူး။ ကိုယ် ထူးထူးကို စိတ်မချ လို့ပါ။ ထူးထူး စိတ်ထဲမှာ ခံနိုင်ရည် မရှိမှာ လဲပြိုကျ သွားမှာ စိုးလို့ပါ။

ရှင်.. ကိုအောင် သိပြီးသားပေါ့… နောက်ထပ် ဘာတွေ သိထားသေးလဲဟင်

ဒါတွေ နောက်မှ ပြောကြစို့ ထူးထူးရယ်။ ညနေ စောင်းနေပြီ။ ခုလောက်ဆို ထူးထူး မိဘတွေ စိတ်ပူနေလောက်ပြီ။ ကိုအောင် အိမ်ပြန်လိုက်ပို့ပေးမယ်နော်
***************************************
အိမ်ရှေ့အရောက် တင်းမာတဲ့မျက်နှာထားနဲ့ ဖေဖေ။ မေမေက အပေါ်ထပ်ကနေ ကျွန်မကို ဒေါကြီးမောကြီး အော် ခေါ်နေသည်။ အိမ်ပေါ်ကို ပြေးအတက် ကိုအောင်က ဖေဖေ့ကို ပြောစရာရှိလို့ လို့ ပြောကာ ခွင့်တောင်းရင်း ကျန်ရစ်သည်။

ညည်း ရည်းစားနဲ့ ချိန်းတွေ့တတ်နေပြီပေါ့လေ

ပူခနဲ ဖြစ်သွားသော ပါးတစ်ဖက်ကို ကိုင်ရင်း ကျွန်မ အရာရာကို နားလည်လိုက်သလို ခံစားလိုက်ရသည်။ မျက်နှာ ကို လက်ဝါးဖြင့် အုပ်ရင်း အိပ်ခန်းထဲ ပြေးဝင်ကာ ရှိုက်ကြီး တငင် ငိုမိစဉ် တံခါးကို အပြင်က သော့ခတ်သံ ကြား လိုက်ရသည်။

ထူးထူး .. သမီး.. ဧည့်ခန်းကို ဆင်းခဲ့ဦးတဲ့။ ဖေဖေကြီးက ခေါ်ခိုင်းလိုက်တယ်
အချိန် ဘယ်လောက် ကြာမှန်း မသိ.. ငိုလို့ အားမရခင် ကြီးကြီးက လာခေါ်သည်။ အငိုတစ်ဝက်၊ အရှိုက်တစ်ဝက် နဲ့ ကြမ်းနဲ့ခြေ ထိသည်ကို မခံစားမိဘဲ ဧည့်ခန်းကို ရောက်တော့

မောင်အောင် ပြောပြလို့ ဖေဖေ အားလုံး သိပြီးပြီ။ ထူးထူးအကြောင်း မောင်အောင့်ရှေ့ မဟုတ်တာတွေ လျှောက် ပြောပြီး အိမ်မှာပါ မိဘကို လိမ်တဲ့ ဖြူလေးကိုလဲ မေမေ ဆူနေပါပြီ။ ထူးထူးကလဲ ညီမလေးကို ငယ်သေးလို့ မသိ တတ်လို့ လျှောက်ပြောတာကို ဗွေယူ စိတ်ဆိုး မနေနဲ့တော့။ ဟုတ်ပြီလား။ မောင်အောင်က အရင်တည်းက သိပြီး သား ဖြစ်နေမှတော့ အန်ကယ်တို့လဲ ဘာမှ ဖုံးကွယ် မထားချင်တော့ပါဘူး။ ထူးထူးလဲ အဖြစ်မှန်တွေ သိပြီးနေမှ တော့ ဖုံးထားလဲ အပိုပဲပေါ့။ ဒါပေမယ့် ထူးထူးရယ်.. သမီးရဲ့ မိဘတွေ အားလုံး ဆုံးကုန်လို့ ဖေဖေတို့ပဲ သမီးကို တသက်လုံး စောင့်ရှောက်လာတာပဲ။ ခုမှ အတိတ်ဟောင်းကို ပြန်ဆွလဲ အပိုပဲလေ။ ထူးထူး ဒီအိမ်မှာ ဆက်နေချင် လဲ အရင်လိုပဲ ဆက်နေပေါ့။ တအိုးတအိမ် ခွဲထွက်နေချင်တယ် ဆိုလဲ ဖေဖေတို့က အိမ်ဆိုင်လေးနဲ့ အိမ်လေး တစ်လုံး ၀ယ်ပေးပါ့မယ် ဟုတ်လားသမီး။

ဘုရား ဘုရား.. မကြားချင်ဆုံး စကား ဖြစ်နေပြန်ပါလား။ အိမ်တဲ့။ အိမ်ဆိုတာ ဘာလဲ။ လူတစ်ယောက် အတွက် ကျောခင်းစရာ အိမ်တစ်လုံး ရှိဖို့အရေးကြီးသလား။ မိသားစု ဆိုတဲ့ လူမှု အဖွဲ့အစည်းလေး တစ်ခု ရှိဖို့ အရေးကြီး လား။ ကျွန်မ သိချင်တဲ့ အဖြေက အဲဒါ မဟုတ်ဘူး။ ကျွန်မ လိုချင်တဲ့ စကားက ဒါမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ တညလုံး ငိုရင်း တွေးရင်း မိုးလင်းလာခဲ့သည်။ ကျောင်းတက်မှာ ရှက်တာရော.. တခြား လူတွေ ရှေ့မှာပါ ညီမလေးက ထပ် ပြီး အရှက်ခွဲမှာ ကြောက်တာရောကြောင့် ကျွန်မ ကျောင်းမတက်ခဲ့တာ တပတ်လောက် ရှိခဲ့ပြီ။ သူငယ်ချင်းများ ကတော့ စိတ် ချမ်းသာ အောင် နေဖို့နဲ့ စာတွေ ကူးပေးထားတာမို့ စိတ်မပူဖို့ အားပေးရှာပါသည်။ ဒီတပတ်လုံးမှာ တအိမ်လုံးက လူတွေက ကျွန်မ အရင်က သိခဲ့ဖူးတဲ့ မျက်နှာထားမျိုးတွေ မဟုတ်ခဲ့ကြတော့။ ဒီလို အိမ်မှာတော့ ကျွန်မ ဘယ်လို ဆက်နေပါ့မလဲရှင်.. ကျောင်းလဲ မတက်ချင်၊ အိမ်မှာလဲ မနေချင်၊ ဘယ်မှလဲ မသွားတတ် မလာ တတ်၊ နောက်ဆုံး မထူးပါဘူး ဆိုပြီး ကျောင်းကို ဘတ်စ်နဲ့ သွားဖို့ ပြင်ပါတယ်။ ဖြူလေးက ဒရိုင်ဘာနဲ့ ကားကို ခေါ်ပြီး သွားနှင့်ပြီလေ။ အဲဒီအချိန် ခြံထဲ ကားဝင်လာသံ ကြားလိုက် ရပါတယ်။

မောင်အောင် ပါလား။ ဘာကိစ။

ထူးထူး ကျောင်းတက်ရအောင် ကျွန်တော် ၀င်ခေါ်တာပါ။

အော်အေး.. ထူးထူး ဘတ်စ် စီးစရာ မလိုတော့ဘူးပေါ့ .. လိုက်ချင် လိုက်သွားလေ။
ဟုတ်ကဲ့ မေမေ…

ကားပေါ်မှာ စကား တစ်ခွန်းမှ မပြောဘဲ လိုက်လာသော ကျွန်မ.. အဆင်ပြေရဲ့လား ဆိုသော ကိုအောင့် စကား ကြားမှ အသိ ပြန်ဝင်လာခဲ့သည်။

ထူးထူး မှာ မိသားစု မရှိတော့ဘူး ကိုအောင်။ ခု အိမ်မှာ နေရတာ အရင်ကလို မဟုတ်တော့ဘူး။ ထူးထူး သိခဲ့ဖို့ ကောင်းပါတယ်။ ညီမလေးကို မွေးပြီးကတည်းက ညီမလေးကို သူတို့ ဖူးဖူးမှုတ်ထားတာ၊ ထူးထူးကို လျစ်လျူရှု ခဲ့တာတွေကို ထူးထူး သတိ ထားခဲ့မိဖို့ကောင်းတယ်။ ခုတော့ ထူးထူးကို ဒီလောက် ရက်စက်တာ ကိုတောင် ဘာမှ ထူးထူးကို မနှစ်သိမ့်တဲ့အပြင် ပိုတောင် ခွဲခြား ဖိနှိပ် လာသေး တယ်လေ။ ဖေဖေ မေမေတို့က ထူးထူးရဲ့ ထမင်းရှင် တွေ မှန်ပါတယ် ထူးထူး မငြင်းပါဘူး။ မစော်ကား ချင်ပါဘူး။ ဒါပေမယ့် ထူးထူးလဲ ဘ၀ တစ်ခုလုံး ရင်းပြီး ညီမလေး ကို မြေတောင် မြှောက်ပေး လာတာပါ။ ဒါပေမယ့်.. ထားလိုက်ပါတော့ ကိုအောင်ရယ်.. ထူးထူးရဲ့ မိဘတွေကို လိုက်စုံစမ်း ချင် တယ် ကိုအောင်.. လူတစ်ယောက်မှာ သူ့ဘ၀ အစစ်က မိသားစုတွေ ရှိတော့ သည် ဖြစ်စေ မရှိတော့သည် ဖြစ်စေ သူ့ ဘ၀ အစစ်ကို သူသိခွင့်တော့ ရှိမယ် ထင်ပါတယ်။ အဲလို သိအောင် စုံစမ်းတာဟာ အကျိုးတော့ မယုတ်ကောင်းဘူး ထင်ပါတယ် ကိုအောင်ရယ် နော်…

စာမေးပွဲ ပြီးအောင် အရင်ဖြေပါဦး ထူးထူးရယ်နော်.. စာမေးပွဲ ပြီးရင် ကိုအောင်ကိုယ်တိုင် အဖော်လိုက်ပြီး စုံစမ်းပေး ပါ့မယ်။ စာမေးပွဲက ၃ပတ်နေရင် ပြီးပြီပဲနော်.. အဲလောက်တော့ စောင့်ပြီး စာမေးပွဲ အရင် ပြီးအောင် ဖြေလိုက်ပါ နော် ထူးထူး။ တော်ကြာ ထူးထူး ပညာရေး တပိုင်းတစ ဖြစ်သွားမှာ ကိုအောင် စိုးရိမ်လို့ပါ။ ၃ပတ် နောက်ကျ ရုံနဲ့တော့ ဘာမှ ထူးခြား မသွားနိုင်ပါဘူး ထူးထူးရယ်.. နောက်နေ့တွေ စာအတူတူ ကျက်ကြစို့နော်။ စာမေးပွဲ ပြီးရင် ကိုအောင် ကိုယ်တိုင် လိုက်စုံစမ်းပေးပါမယ် ကတိပေးပါတယ် နော် ထူးထူး
ကျေးဇူးပါ ကိုအောင်ရယ်
************************************
စာမေးပွဲပြီး နောက်တစ်ရက်မှာပဲ ကိုအောင်က ဖေဖေ့ထံမှာ ကျွန်မကို လက်ထပ်ခွင့် တောင်းခဲ့သလို ဖေဖေကလဲ ပေါ့ပေါ့ပါးပါးပဲ ခွင့်ပြုခဲ့ပါတယ်။ ဒီလိုမှလဲ ကျွန်မ ရဲ့ ဘ၀စစ် ရှာပုံတော်က ဖြောင့်ဖြောင့်တန်းတန်း အဆင်ပြေနိုင် မှာလေ။ မဟုတ်ရင် ဘယ်သွားမလဲ ဆိုတဲ့ မေးခွန်းနဲ့ မသင်္ကာ မျက်ဝန်းများ၊ စကားတင်းများ၊ စကားနာ ထိုးမှုများ က နားနဲ့ မဆံ့။ ဖေဖေ ကျွန်မကို ဘယ်က ကောက်လာတာလဲ ဆိုတာ ဖေဖေက လုံးဝ အမေးမခံမှတော့ လမ်းစ ပျောက်နေတဲ့ ကျွန်မ ကိုယ့်ဘာသာ ရှာပုံတော် ခရီးကို စရပါတော့တယ်။

ထူးရဲ့ မွေးနေ့က ထူးကို ကောက်လာတဲ့နေ့ ဖြစ်မယ်ထင်တယ်။ အဲဒီအချိန် ထူးဖေဖေ ဘယ်မှာ တာဝန်ကျတယ် ဆိုတာ ကို စုံစမ်းလာခဲ့တယ်။ သံတောင်ဘက်ကို စစ်ကြောင်း ဆင်းတယ်တဲ့ ထူး။ ခက်တာက အဲဒီနယ်တွေက အညိုရောင် နယ်မြေတွေ ထူးရဲ့။

ဟင်.. ဒါဆို

ဟုတ်တယ် ထူး။ *** ရွာစုတွေဘက်ကိုတဲ့။ ထူး လိုက်သွားချင်နေပြီလား။ ကိုအောင်ကို တစ်ပတ် စောင့်ပေးပါ ထူးရယ်။ ကိုအောင်က နယ်ကို ကိုအောင့်ဖေဖေ ခိုင်းထားလို့ သွားရဦးမယ်ဗျ။ အဖေ့ကို မျက်နှာရအောင် ဖားထား ရတယ်ဗျ အဟဲ.. မင်္ဂလာ ဆောင်ခါနီးပြီ မဟုတ်လား။ ကိုယ့်ဖေဖေကိုတော့ ထူးအကြောင်း ဘာမှ မပြောထားဘူး။ လိုလဲ မလိုပါဘူးကွာ။ ထူးနဲ့ လက်ထပ်မှာ ကိုယ်ပဲလေ.. ကိုယ်သိရင် ပြီးတာပဲ။ အခု ကိစတွေ ဘယ်သူမှ မသိစေ ရဘူး။ ကိုယ် ဘယ်သူ့ကိုမှ မပြောဘူး။ စိတ်ချ ထူးလေး.. နော်။ ကိုအောင် ပြန်လာအောင် စောင့်နော်.. နော်
*************************************
ကိုအောင်နဲ့ သူ့မိဘတွေ ရှိရာ နယ်ကို အလည် လိုက်သွားပါရစေ ဆိုတော့ အဖေက ရှောရှောရှူရှူပါပဲ။ အမေနဲ့ ညီမလေးကတော့ ဇာတ်လမ်းမှန် ပေါ်ကတည်းက ကျွန်မကို မရှိသလိုကို နေထိုင် နေကြတာမို့ ဘာမှ မထူးခြားပါ။ ကိုအောင်ကတော့ ကျွန်မ ဘာသာ သူမသိအောင် ***ရွာစုတွေဘက်ကို သွားရောက် စုံစမ်းတာကို ခွင့်လွှတ်နိုင် ပါ့မလား။ အန္တရာယ် ရှိနိုင်တဲ့ ခရီးမို့ ကျွန်မ တစ်ယောက်တည်း ခိုးထွက်လာတာပါ ကိုအောင်ရယ်။ ကိုအောင့်ကို ကျွန်မကြောင့် ဒုက မဖြစ်စေချင်လို့ပါ။ ကိုအောင် နားလည် ပေးဆပ်ထားတာ များလှပါပြီ။

ဆောင်းမနက်မှာ တောင်ပေါ်မြူငွေ့တို့ ဝေေ၀မှိုင်းအုံ့နေသည်။ ၂ရက်လုံး
ခရီးပြင်းနှင်လာသည်မို့ မောလျနေ သော်လည်း ဘ၀အစစ်ကို ပြန်လည် ရှာတွေ့တော့မည်မို့ အားတင်းနေမိသည်။ ***ရွာစုမှ အဖိုးကြီးက လမ်းညွှန် လိုက်သောကြောင့် ** ရွာဆီသို့ လှည်းတစီးနဲ့ ထွက်ခဲ့သည်မှာ မနက် လင်းအားကြီး ကတည်းက။ စေတနာ ဖြူစင်လှသော ရွာသားကြီးကို ကျေးဇူးတင် စကား အထပ်ထပ်ပြော လိုက်ရင်း ရွာထိပ်ရောက်တော့ လှည်းကို ပြန်လွှတ်ခဲ့သည်။ မှတ်ပုံတင်ကို ရွာထိပ်က ညောင်ခေါင်းထဲမှာ ထည့်ဖွက်ထားခဲ့ပြီး ရွာလူကြီးအိမ်ကို အရဲကိုးပြီး လာခဲ့သည်။ အားရစရာ မကောင်းလိုက်တဲ့ ရှာဖွေမှု ခရီး။ လူနာမည် မသိ၊ ရွာနာမည် မသိ၊ ခုနှစ် သကရာဇ်လေး တစ်ခု၊ နယ်မြေ တစ်ခု၊ တပ်ရင်း တစ်ခုနဲ့ တိုက်ပွဲ တစ်ခု။ သဲလွန်စ ဒါအကုန်ပါပဲ။

ဦးကြီးရှင့်.. ကျွန်မ ***ရွာက ဦး--- လွှတ်လိုက်လို့ပါ။ ဟောဒီမှာ သူ့စာပါရှင်။ ဦး /// နဲ့ တွေ့ချင်လို့ပါရှင်

အော် သူလား.. ရွာစွန်မှာ တစ်ယောက်တည်း နေသကွဲ့။ ဘာကိစ တွေ့ချင်တာလဲဟေ့။

ကျွန်မရဲ့ မိဘဆွေမျိုးတွေက ဒီနယ်က ဆိုလို့ပါ။ ကျွန်မ မွေးကင်းစ ကတည်းက မိဘတွေနဲ့ ကွဲသွားလို့ပါ။ လွန်ခဲ့တဲ့ ၂၅နှစ်က ဒီနယ်မှာ ဒီဦးကြီးက နေခဲ့ဖူးတယ် ဆိုလို့ တွေ့ချင်တာပါရှင်

ဟေ… ဒီလိုလား… ဟေ… ငရွှေထူး.. ဒီကလေးမကို ဖိုး/// ရဲ့ တဲကို လိုက်ပို့လိုက်ပါကွယ်

ယိုင်နဲ့နဲ့ တဖက်ရပ်တဲကလေးထဲမှာ မိသားစု မရှိ တစ်ယောက်တည်းနေတဲ့ တောင်ယာသမား အဖိုးအို တစ်ယောက်။ ခံစားချက် ကင်းနေတဲ့ သူ့မျက်နှာပေါ်မှာ ရိုးသားမှု အရိပ်အယောင်က ဖုံးမရ။ တဲနဲ့ လူကို အကဲခတ်ရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်ရသည်။ နောက်မှ

လွန်ခဲ့တဲ့ ၂၅နှစ်မှာ ဒီနေရာ ၀န်းကျင်မှာ တိုက်ပွဲဖြစ်တယ်ဆို… အဲဒီ တိုက်ပွဲဖြစ်တဲ့ ရွာမှာ အဘိုးနေဖူးတယ် ဆိုလို့ လိုက်ရှာတာပါ။

တင်းခနဲ ဖြစ်သွားသော အဖိုးမျက်နှာမှာ အရိပ်အယောင် များစွာ ယှက်သန်းနေသည်။ ကျွန်မကိုလဲ အားစိုက်ပြီး သေသေချာချာ ကြည့်ရင်း

ကလေးမက ဘာကို သိချင်တာလဲ

အဲဒီရွာက လူတွေ ရှိကြသေးလားဟင် အဘိုး။ ပြီးတော့ အဲဒီရွာက လူတွေထဲမှာ တိုက်ပွဲ မဖြစ်ခင်မှာ မွေးကင်းစ ကလေး ရှိတဲ့သူ ဘယ်သူလဲ ဆိုတာ သိလားဟင် အဘိုး။

ကလေးမက ဘာလို့ သိချင်တာလဲ

အမေးကို အမေးဖြင့်သာ တရစပ် တုန့်ပြန်နေသော ထိုအဖိုးကို ကျွန်မ တော်တော် မချင့်မရဲ ဖြစ်လာသည်။ သို့သော် ကိုယ်က သိချင်သူပေကိုး စိတ်ရှည်ရမှာပေါ့

ကျွန်မကို မွေးစားအဖေက ဒီနယ်က ခြုံပုတ်ထဲမှာ တိုက်ပွဲ အပြီးမှာ တွေ့လို့ ကောက်ယူ မွေးစားခဲ့တယ် ဆိုလို့ပါ။ ကျွန်မ ရဲ့ မိဘတွေ၊ ဆွေမျိုးတွေကို ပြန်လိုက်ရှာချင်လို့ပါ အဘိုး

(((ဟေ))) … လာစမ်း… ဒီနားကို လာစမ်း။ နင့်ဂုတ်မှာ အနီမှတ်ကြီး ရှိရဲ့လား ပြစမ်း

ပြောပြောဆိုဆို ကျွန်မ မလာခင် သူက ကျွန်မ အနားကို ရောက်လာခါ ဆံပင်များကို ဆွဲဖယ်ရင်း ကျွန်မရဲ့ ဂုတ်စပ်ကို ကြည့်လေသည်။ ကျွန်မလဲ မမျှော်လင့်ထားသော အဖြစ်ကြောင့် အထိတ်ထိတ် အလန့်လန့်

အယ်ဖောရေ… နင့်သမီး နင့်ကို ပြန်လာရှာတယ်ဟယ်.. ငါ တာဝန် မကျေခဲ့ပေမယ့် သူမသေဘူးဟဲ့ အဟီးဟီးဟီး

ပြောပြောဆိုဆို ငိုချလိုက်သော အဖိုးရဲ့စကားကြောင့် ကျွန်မ ရင်ထဲ အင့်ခနဲ ဖြစ်သွားကာ ငိုချမိပါသည်။ ဒါဆို … ဒါဆို…

သူတို့ ရှိသေးလားဟင်.. အဖိုး သူတို့ရောဟင်

နင့်မိဘတွေ ဆွေမျိုးတွေ စစ်မျက်နှာ နှစ်ဖက်ညပ်ပြီး အကုန်သေပြီဟဲ့ ကံဆိုးမရဲ့.. ရက်စက်လိုက်ကြတာ.. ငါတို့ ရွာသားတွေကို သတင်းမပေးရကောင်းလားလို့ တရွာလုံးကို မြေလှန် မီးရှို့ပြီး ရှိသမျှ လူတွေကို သူပုန်လို့ စွပ်စွဲပြီး သတ်ခဲ့ကြတာ.. နင့်မိဘတွေ သေအံ့မူးမူး ငါ့ဆီမှာ နင့်ကို အပ်ပြီး ထွက်ပြေး ခိုင်းကြ တာလေ… ငါလဲ အဖမ်းမခံ ရခင် နင့်ကို ခြုံထဲ ထည့်ဖွက် ခဲ့ရတာ… အနှိပ်စက် ခံ၇လို့ ဒုက္ခိတ ကိုဖြစ်ရောဟဲ့။ ငါသေပြီထင်ပြီး ပစ်ခဲ့တာ အသက် ပြင်းလို့ ကျန်နေတာ.. နေစမ်းပါဦး.. နင့်ကို မွေးစားတာ ဘယ်သူတုန်း

အဘိုးစကားကို ကျွန်မ မဖြေနိုင်ပါဘူး။ သူလဲ သည်းသည်းလှိုက်လှိုက် ငိုနေသလို ကျွန်မလဲ နင့်နင့်သီးသီး ငိုနေဆဲပါ။ ကျွန်မ မိဘတွေရဲ့ ရွာကလေး၊ ကျွန်မ ဆွေမျိုးသားချင်းတွေရဲ့ ရွာကလေး.. မီးလောင်ပြင်ထဲမှာ .. ကျွန်မကတော့ ကျွန်မရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ အမိန့်ပေးသူရဲ့ မွေးစားသမီးပေါ့.. တဲထဲကနေ အပြင်ကို ပြေးထွက်လာခဲ့မိတယ်။ တောင်တန်းညိုညိုပေါ်မှာ မိုးတွေ ရွာနေပြီ

(((ဖထီးရေ))) …. (((အမိုးရေ)))
ကျွန်မကို မထူးလို့ သူတို့ခေါ်ကြတယ် .. ကျွန်မ မထူးတဲ့ဇာတ်ကို ဆက်ကရမှာလားရှင်
ကျွန်မနာမည် ထူးထူးပါ.. ကျွန်မလည်ပင်းက ကျေးဇူးတရား ဆိုတဲ့ ထူးကွင်းကို ဖြုတ် သင့်သလားရှင်

5 comments:

Nhin Pwint Phyu Lay said...

ကောင်းတယ်အစ်မရေ .......
ထူးထူး အဖြစ်လေးက သနားစရာလေး...
ဖတ်ပြီးတော့တောင် စိတ်မကောင်းဘူး.. အစ်မရေ ...
:-(

နှင်းပွင့်ဖြူလေး

chaos said...

ထူးထူး ဘာဆက်ဖြစ်သွားမလဲ
တွေးနေတာ အစ်မရေ
တကယ်တော့ လောကကြီးက မာယာများလှချည်လားနော်

လင်း said...

ထူးထူးကိုမွေးစားခဲ့တာစစ်တပ်ကပေါ့ ဟုတ်လား?
ဒါတကယ့်အဖြစ်အပျက်လားဟင်?
လင်းတွေ့ ဘူးတာကတော့သူပုန်ဗိုလ်ရဲ့ သမီးကိုမွေးစားထားတာ။

Winkabar said...

ကောင်းတယ်အစ်မရေ အရေးအသားကောဇာတ်လမ်းကော။
ဖတ်ပြီးစိတ်မကောင်းဘူး။

PeTi said...

စိတ်ဝင်စားစွာ ဖတ်သွားပါတယ်။ ရေးသားချက်ကောင်းလို့ ထူးထူးကို အရမ်းကိုသနားသွားပါတယ်။ တကယ့်အဖြစ်အပျက်ကို ရေးထားတာလား။