Saturday, October 13, 2007

Please Mister Postman, look and see...

Please Mister Postman, look and see
(Oh yeah)
If there's a letter in your bag for me
(Please, Please Mister Postman)
Why's it takin' such a long time
(Oh yeah)
For me to hear from that boy of mine

There must be some word today
From my boyfriend so far away
Pleas Mister Postman, look and see
If there's a letter, a letter for me


ဒီသီချင်းလေးကို ကြားတိုင်း ခင်ပွန်းသည်က မဲ့ပြုံးပြုံးပါတယ် .. သူ မြန်မာပြည်က ခွဲခွာသွားခဲ့ပြီး နောက်ပိုင်း ၃နှစ်အတွင်း အစောင် တစ်ရာကျော်သော စာများ ပို့စကဒ်များ ကျွန်မထံကို ရီဂျစ်စတာ လုပ်ပြီး ပို့ခဲ့ပေမယ့် သူ့ဆီမှာ ဖြတ်ပိုင်းတွေသာ ကျန်ခဲ့ တယ် ကျွန်မဆီကို တစ်စောင်မှ ရောက်မလာခဲ့လို့ပါ။ ဒါလဲ ကျွန်မနဲ့ လက်ထပ်ပြီးမှ သူသိမ်းထားခဲ့တဲ့ ဒီဖြတ်ပိုင်း တွေကို တွေ့လို့ ကျွန်မက မေးမှ ပြောမှ သူပြန်သိခဲ့ရတာပါ။


မြန်မာနိုင်ငံရဲ့ စာပို့စနစ်ကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနက တာဝန်ယူထားပါတယ်။ အဓိက စာတိုက် ကတော့ ရန်ကုန် က ဗိုလ်အောင်ကျော်လမ်းနဲ့ ကမ်းနားလမ်းထောင့်က စာတိုက်ကြီးပါပဲ။ အဲဒီစာတိုက်ကြီးဟာ တကမ္ဘာ လုံးကနေ မြန်မာ ပြည်ကို လာသမျှ စာတွေကို ထိန်းသိမ်းပြီး မြန်မာ တပြည်လုံးကို စာတွေ ပြန်ဖြန့်သလို မြန်မာတပြည် လုံးက စာတွေကို လည်း ဒီကနေတဆင့် ပြန်ဖြန့်ဝေတယ်လို့ သိရပါတယ်။

နိုင်ငံခြားတကသိုလ်ကိုကျောင်းဝင်ခွင့် လျှောက်ထားခဲ့တဲ့ ကျွန်မ ဟာ ကျောင်းက အကြောင်းပြန်စာ မျှော်ပေမယ့် မပေါ်လာ တဲ့အခါ ၀င်ခွင့်မရလို့ ထင်ပြီး စိတ်ဓာတ်ကျ နေချိန်မှာ သူငယ်ချင်း ဖြစ်သူက နိုင်ငံခြားကနေ လှမ်းဖုန်းဆက်ပါတယ် ၀င်ခွင့် စာမေးပွဲ ဖြေဖို့ စာပို့ထားတာကို စာမပြန်လို့တဲ့။ အဲဒီစာကို ကျွန်မ မရပါဘူး။ သက်ဆိုင်ရာ မြို့နယ် စာတိုက်ကိုလည်း သွားမေးပါတယ် မလာဘူးတဲ့။ တကယ်က သေချာချင်လို့ မေးတာပါ။ ကျွန်မတို့ မြို့နယ်ကို စာဝေတဲ့ စာပို့သမားတွေကို ကျွန်မရဲ့ စာတွေ လာပို့တိုင်း ပြည်တွင်းစာဆိုရင် ကျပ် ၅၀၀၊ နိုင်ငံခြားက စာဆိုရင် ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ထိ စာအရေးကြီးမှု အလိုက် မုန့်ဖိုးပေးလေ့ရှိတာမို့ သူတို့က မပျက်မကွက် ပို့ပေး နေကြပါ။

ဒါနဲ့ ကျွန်မ စာတိုက်ကြီးကို ရောက်ခဲ့ပါတယ်။ ကမ်းနားလမ်း ဗဟိုဝင်ပေါက်ကနေ စာတိုက်ကြီးထဲကို တည့်တည့်ကြီး လမ်း ဆုံးအောင် ၀င်သွားရင် နောက်ဆုံးပိုင်းနား လက်ဝဲဘက် ခြမ်းမှာ မန်နေဂျာ ရုံးခန်းရှိပြီး သူ့အခန်းရဲ့ နောက်မှာ နိုင်ငံခြားစာ ၀င် လက်ခံဌာန ရှိပါတယ် (2000-2003) ၀န်းကျင်က ရုံးပုံစံပါ။ မေးမြန်းကြည့်တဲ့အခါ ကျွန်မလိပ်စာကို စာအ၀င် မှတ်တမ်း ကို တွေ့ရပါတယ်။ ဒါဆို ရက်စွဲ အရ မြို့နယ် စာတိုက်ကို ပို့ပြီးပြီတဲ့။ ကျွန်မ မြို့နယ် စာတိုက်က လာခဲ့တာ သူတို့ဆီကို ၀င်ကို မထားဘူး။ သူတို့ရဲ့ စာဝင် ရက်စွဲကို ဖတ်ခဲ့ပြီးပြီ။ မတွေ့ခဲ့ပါဘူး ဆိုမှ မန်နေဂျာလဲ ခေါင်းခြောက်သွားပါတယ်။ ဒါနဲ့ သူမက ရှင်းပြပါတယ်။ သူတို့ရုံးကို ရုံးနီလို့ ခေါ်ကြောင်း၊ ဗိုလ်အောင်ကျော်လမ်းဘက်က ရုံးကို ရုံးဖြူလို့ ခေါ်ကြောင်း၊ စာများကို လိပ်စာမတွေ့ခဲ့ရင် စာပို့သူထံ ပြန်ပို့လေ့ရှိကြောင်း၊ အဲဒီစာများကို ပြန်ပို့စာ ဌာကို ပို့ထားလေ့ရှိကြောင်း၊ အဲဒီပြန်ပို့စာ ဌာန မှာ သွားမေးကြည့်နိုင်ကြောင်း ရှင်းပြပေးပါတယ်။ သူ့ကို ဒီလို ရှင်းပြပေးလို့ ခုထိ ကျေးဇူးတင်ပါတယ်ရှင့်။

ရုံးဖြူကို ရောက်တဲ့အခါ ဟိုမေးဒီစမ်းနဲ့ လူလဲ သိပ်မရှိလှပါဘူး။ နောက်ဆုံး ၀န်ထမ်းတစ်ယောက်ကို ကပ်ပေါင်းပြီး တောင်း ပန် ပြီး အကျိုးအကြောင်းပြောပြ အကူအညီတောင်းတော့ စိတ်ကောင်းရှိတဲ့ သူမက ခေါ်သွားလို့ စာဂိုဒေါင်ထဲ ရောက်ပါ တယ်။ မြင်ယောင်သာ ကြည့်ပါ ဘယ်လို ဖြစ်နေမလဲ ဆိုတာ။ နယ်ပေါင်းစုံ မြို့နယ်ပေါင်းစုံက ပြန်ပို့ထားတဲ့ စာတွေက မိုးတွင်းမို့ အောက်သိုးချဉ်စော်နံလို့။ ကောက်ရိုးပုံထဲက အပ်ကို ရှာရသလိုပါပဲ။ တနေကုန် အရှာမှာ နောက်ဆုံး ထွက်လာ ပါတယ် ကျောင်းပေါင်း ၆ကျောင်းက ကျွန်မကို လက်ခံထားပြီးနောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ဆက်သွယ်ဖို့ ရေးထားတဲ့ စာတွေပါ ၂ကျောင်းပဲ အချိန်မီပါတော့တယ်။ စာအိတ်တွေပေါ်က ရက်စွဲတွေကို စစ်လိုက်တော့ ဟိုနိုင်ငံက ထွက်တဲ့ရက်၊ မြန်မာပြည် ရုံးနီကို ရောက်တဲ့ရက်စွဲ ပြီးတော့ မြို့နယ် ရောက်တဲ့ ရက်စွဲ မပါဘဲ ရုံးဖြူကို ပြန်ရောက်လာတဲ့ ရက်စွဲနဲ့ ကျွန်မ ရှာတွေ့တဲ့ ရက် အားလုံးပေါင်း ၂လနဲ့ ၃လ ကျော်စ်ီကြာကြာ ဖြစ်နေပါပြီ။ နောက်ပြီး နိုင်ငံခြားက သူငယ်ချင်းများဆီက စာ ၂စောင်လဲ ထွက်လာပါတယ်။ ကျွန်မရဲ့ မှတ်ပုံတင်ကဒ်က လိပ်စာကို ပြပြီး အဲဒီစာတွေကို ကျွန်မကို ပြန်ပေးဖို့ တောင်းပါ တယ်။ လက်မှတ်ထိုးပြီး ပြန်ယူလာခဲ့ပါတယ် စဉ်းစားသာ ကြည့်ပါတော့ ကျွန်မရဲ့ စာတွေ ကျောင်းတွေက ပို့ထားတဲ့ စာအုပ် တွေ ကျန်ကျောင်းအိတ် ၂လုံးစာပါ။ စာပို့သမားသာ လာပို့ရင် တစ်စောင်ကို တစ်ထောင်နှုံးနဲ့ ရွေးရရင်တောင် ကျွန်မ၀င်ငွေ တစ်လစာလောက် ရှိပါမယ်။ ဒီစာတွေက မြို့နယ်ရုံးကိုတောင် ရောက်မလာဘဲ ရုံးနီကနေ ရုံးဖြူကို တခါတည်း တောက် လျှောက် ရောက်သွားခဲ့ပါတယ်။ ပညာရေးကို တော်တော်ကို အားပေးချင်ပုံပါပဲ။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ သက်သေ မကျန်လို့ မသိပါ လို့ပဲ ပြောပါရစေတော့။ အော်.. ဖြစ်ရလေ စာပို့သမားကြီးတွေရေ.. ခုတော့ ရုံးနီကိုယ်တိုင်က ဂတိလေးပါး တစ်ပါးပါးကြောင့် စာတွေကို ပြန်ပို့ပစ် တော့ ကျွန်မလဲ ကျောင်းတက်နောက်ကျ၊ စာပို့သမားကြီးတွေလဲ ၀င်ငွေ ထိခိုက်ကုန်ပါရော..

နောက်တော့ ပတ်စ်ပို့ ခေါ် နိုင်ငံကူးလက်မှတ် လျှောက်ဖို့ လုပ်ပါတယ်။ ရန်ကုန် ပန်းဆိုးတန်း က ပတ်စ်ပို့ရုံးမှာ နိုင်ငံကူး လက်မှတ် လေး ရဖို့ အသိမရှိ၊ အကပ်မရှိ၊ ပွဲစားမသိ လူကိုယ်တိုင် သွားလျှောက်ပါတယ်။ ကျောင်းက ခေါ်စာ လေးကို ကိုင်လို့ပေါ့။ အဲဒီအချိန်မှာ ပွဲစားတွေက လာပါရော။ အလုပ် ခေါ်စာနဲ့ လျှောက်ရင် မြန်ကြောင်း၊ ခေါ်စာအတုတွေ အသင့်ရှိကြောင်း၊ ပွဲခ ၃သိန်းပေးရုံဖြင့် အေးဆေး ထိုင်နေရုံသာ လိုကြောင်း၊ ၃လအတွင်း ပတ်စ်ပို့ ကျစေရမည် ဖြစ်ကြောင်း ရွှန်းရွှန်းဝေ ပြောပါသည်။ နိုင်ငံခြားက အလုပ်ခေါ်စာအတု ကဟုတ်ပါပြီ။ အလုပ်ခေါ်စာ ပို့တဲ့ စာအိတ်မှာ နိုင်ငံခြား စာတိုက်က စာတိုက်တံဆိပ်တုံးတွေက ဘယ်လိုရလဲ ဆိုတော့

စာတိုက်ကြီးက ၀န်ထမ်းများက နိုင်ငံခြားက ရိုးရိုး စာအိတ်ပေါ်တွင် လူနာမည်နဲ့ လိပ်စာ ရေးထားသော စာများကို တစ်စောင် ကို ကျပ်တစ်သိန်းနှုံးဖြင့် ရောင်းစားကြောင်း၊ ထိုစာအိတ် များကို ဖောက်ပြီး အထဲက စာများကို ဖယ်ထုတ်ပြီး အလုပ်ခန့်စာ ထည့်ကာ နိုင်ငံကူးလက်မှတ် လျှောက်လေ့ရှိကြောင်း ပြောပါတော့သည်။ အဲ.. ဒီလိုဆို ကျွန်မရဲ့ ကျောင်းက ပို့တဲ့ စာအိတ် ကျတော့ သူတို့ ဘာလို့ မယူပါလိမ့် ဆိုတော့ သက်သေ ကျန်ပါသတဲ့.. ကျွန်မရဲ့ ကျောင်းက ပို့သောစာအိတ်မှာ စာအိတ် အသား ပေါ်တွင်ပင် ကျောင်းနာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ပို့စာ အမှတ် ပါပြီးသားဖြစ်နေလို့ မသင်္ကာလို့ ဖုန်းဆက်မေးရင် ပြသနာပေါ်နိုင်လို့ပါတဲ့ရှင်။

ကဲ ကျွန်မရဲ့ ခင်ပွန်းသည်နဲ့ သူငယ်ချင်းတို့ရေ၊ ရန်ကုန်စာတိုက်ကြီးကို သိန်းရာချီ လှူခဲ့တဲ့ အလှူဒါနကြီးကို ၀မ်းမြောက် ၀မ်းသာ သာဓု အနုမောဒနာ ခေါ်လိုက်ကြရအောင်နော်…

သာဓု.. သာဓု.. သာဓု…

မှတ်ချက်။ နိုင်ငံခြားတွင် ကျွန်မ ကျောင်းတက်ရင်း မဟာစာတမ်း အတွက် မေးခွန်းလွှာ များကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်း များထံ ပို့ဆောင် မေးမြန်း စစ်တမ်းကောက်ရာတွင် မြို့နယ် ရုံးမှ စာတိုက်တွင် စာအိတ်ပေါင်း ၃၀၀ နီးပါးကို postal code တပ်ရာတွင် မတပ်တတ်သော ကျွန်မအတွက် စာတိုက် ၀န်ထမ်းများက ၀ိုင်းဝန်းကူညီခဲ့ရာ ကျေးဇူးတင်သောကြောင့် ငွေ ၂၀၀ မုန့်ဖိုး ထုတ်ပေးရာ အကြောက်အကန် ငြင်းဆန်ပြီး သူတို့ တာဝန်မို့ ပေးစရာ မလိုကြောင်း ပြောပြခဲ့ကြပါသည်။ မြန်မာပြည်မှ စာတိုက်ကြီးမှ ၀န်ထမ်းများသည် အူမ မတောင့်သောကြောင့် သီလ မစောင့်သည်လား၊ ရာထူးနဲ့ လုပ်ပိုင်ခွင့် ရတုန်းရခိုက် သူဌေးဖြစ် အပွကြံလေသလား ကာယကံရှင်များ အသိဆုံး ဖြစ်ပေလိမ့်မည်။ ကာယကံရှင်များ ဆုံးရှုံး သွားသော စာအိတ်များတွင် လူ့အသက်ကို အဆုံးအဖြတ် ပေးနိုင်လောက်သော သာရေး၊ နာရေး သတင်းများ မည်မျှ ပါရှိပြီး သက်ဆိုင်ရာ ကာယကံရှင်များ မည်မျှ အထိ လူမှုရေး ပြသနာများ ဖြစ်ပျက်သွားသည်ကိုမူ လောကပါလ နတ်များ သိကြပေလိမ့်မည်။ သီချင်းလေးကတော့ ပျံ့လွင့်ဆဲ…

So many days you passed me by
See the tears standin' in my eyes
You didn't stop to make me feel better
By leavin' me a card or a letter

(Mister Postman)
Mister Postman, look and see
(Oh yeah)
If there's a letter in your bag for me
(Please, Please Mister Postman)
Why's it takin' such a long time

(2001-2003 ခုနှစ်အတွင်း အဖြစ်အပျက်ကို ကိုယ်တွေ့ တင်ပြပါသည်။ အခြား မသက်ဆိုင်သူများကို ထိခိုက် နစ်နာစေလို သော စိတ် မရှိပါ။ မကောင်းသော စနစ်တစ်ခုကို ကောင်းအောင် ပြုပြင်စေလိုသော စိတ်စေတနာဖြင့် တင်ပြအပ်ပါသည်။ )

5 comments:

Anonymous said...

သာဓု သာဓု သာဓု။ မြန်မာပြည်က ပို့ရင်ရော ဘယ်လိုနေမလဲ။ တူများ တော့ ဒုက္ခပါပဲ။
ချစ်တဲ့
မွန်းသက်ပန် (ဆေး-၁)

စိုးထက် - Soe Htet ! said...

ကျွန်တော်ကတော့ DHL နဲ့ပို့လို့ အဆင်ပြေသွားတယ် .. :P

Anonymous said...

အမလေးဟဲ့ .. တွားပါပြီ။ ဘွဲ့လက်မှတ်က အိမ်ကို ပို့လိုက်ပြီတဲ့။ အိမ်ကလဲရသေးဘူးတဲ့။ ၂ လ ရှိပြီ။ ဒုက္ခပါပဲ။ ဒါဆို ... အိမ်ကို အမလုပ်သလို စုံစမ်းခိုင်းရမယ်။ ကျေးဇူးပါနော်။

thamudayanwe said...

သွေးထွက်အောင်မှန်ပါကြောင်းအပြည့်အ၀ထောက်ခံပါတယ်
ကျောင်းလျောက်တုန်းက အဲဒီဒုက္ခတွေတော်တော်ခံရပါတယ်..
ဇင်ဇင်ရေ..မြန်မာပြည်ကစာပို့ရင်ရပါတယ်..နိုင်ငံခြားကသာ
စာတင်မက..ပစည်းဆိုရင်တော့နိဗာန်နပစယောဟောတုပါ..
ကျတော်ကတော့ လူကြုံမရှိရင်ဘာမှမြန်မာပြည်ကိုမပို့ပါဘူး
မြန်မာပြည်မှာစိတ်ချရတဲ့စာတိုက်ရှိနေလို့ပါ...

ရွှေဂျမ်း said...

ကျွန်မလည်း ခရစ်စမတ်ကဒ်တွေ ပျောက်ဖူးတယ်။ ကဒ်တွေကို ပြန်ရောင်းစားတယ်လို့ ကြားဖူးတာပဲ။