Friday, October 26, 2007

အုတ်တစ်ချပ် သဲတစ်ပွင့်

အုတ်တစ်ချပ်ချင်း အတူတူ သဲတစ်ပွင့်ချင်း အတူတူ ဘုရား တည်တဲ့ အထဲ ထည့်ဆောက်မယ့် အုတ်၊ သဲ ဖြစ်ရင် ကောင်းပါတယ်။ ဘုရားမြေက အုတ်၊ သဲ ဆိုရင် လူတွေက ကံကောင်း စေတယ် အမှောင့် အနှောင့် ကင်းတယ်လို့ ယူဆပြီး လေးစား မြတ်နိုး သတ်မှတ်ပါတယ်။ သင်္ချိုင်းမြေက အုတ်၊ သဲ ဆိုရင် တော့ အမှောင့် ပရောဂနဲ့ ရောဂါ ပိုးမွှားတွေ ကပ်ပါ လာတတ် တယ်လို့ ယူဆပြီး လူတိုင်းက ရွံ့မုန်းစွာ ရှောင်တတ် ပါတယ်။

ကောင်းမှု တစ်ခု၊ ကောင်းတဲ့ စနစ် တစ်ခု ဖြစ်လာအောင် တတ်နိုင် တဲ့ဘက်က အုတ်တစ်ချပ် သဲတပွင့်စာ ပါဝင် ဆောင်ရွက် ကြိုးစားသူတိုင်းဟာ ကောင်းတဲ့ လူနေမှု စနစ် ဆိုတဲ့ အဆောက် အအုံ အတွက် ပါဝင် ပံ့ပိုးတဲ့ အုတ်ချပ် သဲပွင့်တွေ အဖြစ် အဆောက်အအုံ ရှိနေ သရွေ့ရော သမိုင်း မှာပါ မော်ကွန်းဝင် လာပါ တယ်။

ဒီလိုပဲ မကောင်းတဲ့ စနစ် တစ်ခု အကောင် အထည် ပေါ် အမြစ် တည်လာအောင် တတပ် တအား ပါဝင် လှုပ်ရှား နေသူ တွေဟာလဲ မကောင်းတဲ့ လူနေမှု စနစ် အဆောက် အအုံ တစ်ခု အတွက် ပံ့ပိုး ပါဝင်တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာ ပါတယ်။

ကဲ စာရှုသူများရှင့်… ကျွန်မတို့တတွေ အုတ်တစ်ချပ်ချင်း သဲတစ်ပွင့်ချင်း အတူတူ

ဘုရား၊ စေတီ၊ ပုထိုး ဖြစ်မယ့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်သလား၊ ဖြစ်သင့်သလား
သင်္ချိုင်း ဖြစ်မယ့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်သလား၊ ဖြစ်သင့်သလား

(ဒီနေ့ သီတင်းကျွတ် လပြည့်နေ့မို့ ဘုရားသွား ကျောင်းတက် လုပ်ကြ တာကို တွေးရင်း ညီမငယ် ဘာညာနဲ့ ချတ်ရင်း ရလာတဲ့ အတွေးများ ဖြစ်ပါတယ်)

2 comments:

P.Ti said...

ဒီအယူအဆကိုလက်ခံပါတယ်။
ကျွန်တော်ထင်တာကတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို ပြောချင်လို့ အုတ်တချပ် သဲတပွင့်လို့ သုံးတယ်ထင်ပါတယ်။
အဖျက်လုပ်ငန်းကို အားပေးတယ်ဆိုရင်တော့ ဖျက်ဆီးတဲ့ လက်နက် ကိရိယာနဲ့ ယှဉ်ပြောလေ့ရှိတယ်။ ဥပမာ၊ ကိုယ့်အမျိုးကိုဖျက်တဲ့ ပုဆိန်ရိုး၊ သူခိုးကို ဓားရိုးကမ်းတယ်။

ခွန်မြလှိုင် said...

ကိုပီတိ ပြောတာ မှန်ပါတယ် စနစ်တခု တည်ဆောက်ရေးကို ပြောချင်တာပါ