Tuesday, October 16, 2007

ပန်းတစ်ပွင့်ရဲ့ ဘ၀အားမာန်

ပန်းလေးတွေကို ချစ်တဲ့သူ များလှပါတယ်။ သူ့ဝတ်ရည်ကို စုပ်ယူ သောက်သုံးဖို့ ချစ်တဲ့သူ၊ သူ့အလှအပ တွေကို ကိုယ့်အတွက် အသုံးချချင်လို့၊ ခံစားချင်လို့၊ လေးစားမြတ်နိုးလို့ ချစ်တဲ့သူ စသဖြင့် မျိုးစုံအောင် ရှိနေမှာပါ။ ဥယျာဉ်မှူးကတော့ သူတယုတယ စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်လေးရဲ့ ဆုလက်ဆောင် အဖြစ် ပန်းပွင့် လေးကို တမြတ်တနိုး မခူးရက်အောင် ချစ်နေမှာပါ။ ဘယ်ပန်းကိုမှ ကြိုက်တယ် .. ဘယ်ပန်းကမှ အကြိုက် ဆုံး စသဖြင့် ပန်းကို ကြိုက်ရခြင်း အကြောင်းတွေ အထက်တန်း ကျောင်းသားဘ၀ ကဗျာတွေမှာ အများကြီး ပါလေ့ရှိပါတယ်။ တောရွာ အလိုက် မြို့အလိုက် လူမျိုးအလိုက် ပန်းအကြိုက် မတူကြပါဘူး။ ကျွန်မရော ဘယ် ပန်းပွင့်လေးတွေကို ဘာလို့ ချစ်တာလဲ။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတဲ့အခါ….

ပန်းပွင့်လေးတွေလေ… အားကုန် အစွမ်းထုတ်ပြီး ငွားငွားစွင့်စွင့် ပွင့်နေလိုက်တာ။ အပင်ရဲ့ သဘာဝအတိုင်း မျိုးဆက် ပြန့်ပွားမှုအတွက် သီးချိန်တန်သီး ပွင့်ချိန်တန်လို့ပွင့်ရတာကို သူတပါးကို ဆွဲဆောင်ဖို့ ပွင့်တယ် ဆိုတဲ့ စွပ်စွဲချက်က ပန်းတွေအတွက်ရက်စက်လွန်းပါတယ်။ ဒီနေရာမှာ အင်းဆက်စား သစ်ပင်တို့ရဲ့ အစာ ချက်လုပ်ရာ ဌာနဖြစ်တဲ့ အပင် အစိတ်အပိုင်းတစ်ရပ်ကို ကျွန်မကတော့ ပန်းလို့ မသတ်မှတ်ချင် ပါဘူးရှင်။ သူက ပန်းအလုပ်ကို လုပ်နေတာမှ မဟုတ်တာနော်။ သူတို့ကြောင့် ပန်းနာမည် ပျက်ရတာကိုလဲ ကျွန်မက တော့ မကြိုက်ပါဘူးရှင်။ ပန်းတိုင်းရဲ့ အလုပ်ဟာ ၀တ်မှုန်ကူးပြီး မျိုးအောင်ဖို့၊ ပန်းအဖြစ်ကနေ ကြွေပေးပြီး မိခင် အပင်ရဲ့ မျိုးဆက် ရှင်သန် ပြန့်ပွားရေး အတွက် အသီးတွေကို မွေးဖွား ပေးဖို့ပါ။

ပန်းဟာ နူးညံ့ သိမ်မွေ့သလောက် အင်မတန်မှ သတ္တိရှိတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ သူ့ကို ပန် ဆင်သူ၊ မြတ်နိုးသူ၊ နှစ်သက်သူ၊ ဖျက်ဆီးသူ၊ ဘယ်သူတွေရှိရှိ ဘာမှ မစဉ်းစားနေဘဲ သူလုပ်စရာရှိတဲ့ ဖူး ပွင့်မှု အလုပ်တာဝန်ကို မလစ်ဟင်းစေရဘဲ ပွင့်မြဲ ပုံမှန်ပွင့်ပါတယ်။ ဦးခေါင်းထက်မှာ တမြတ်တနိုး ပန်ဆင် ခံရမှာလား၊ ဒါမှမဟုတ် တချို့သော သူတို့ရဲ့ ခမ်းနားမှုအတွက် သူတို့နင်းလျှောက်သွားတာ ခံရဖို့ ခင်း ဖြန့် ခံရမှာလား၊ မိုးစက် တွေကြောင့် ရိဆွေး သွားမလား၊ နှင်းစက်တွေ ကိုက်ခဲလို့ ပဲ့ကြွေသွား မလား။ နေ ပူပြင်း တွေကြောင့် ညှိုးခြောက် သွားမလား၊ လေပြင်း တွေကြောင့် ကြွေလင့် သွားမလား။ ဖျက်ပိုးတွေ ကိုက်ခဲလို့ အလှပျက် သွားမလား စတာတွေ စဉ်းစားပြီး ကြောက်ရွံ မနေဘဲ သူကတော့ မိခင် အပင် အတွက် မျိုးဆက် ပြန့်ပွားဖို့အတွက် ပွင့်ချိန်တန်ရင် အစွမ်းကုန် ပွင့်ရင်း သူ့တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင် လိုက်တာ ပါပဲ။

ပန်းဟာ သူ့တာဝန်ကို သူထမ်းဆောင်တဲ့ နေရာမှာ သူတပါးကို မထိခိုက် စေရုံသာမက သူ့ပတ်ဝန်းကျင်ကို အလှဆင်ရင်း သူ့ကို တွေ့မြင်ကြ သူတိုင်းကို ပျော်ရွှင် ကြည်နူးစေတယ်။ သူ့ကို သဘာဝအတိုင်း ထားတဲ့ အခါ သူက သဘာဝ အတိုင်း အလှအပတွေ မွှေးရနံ့ တွေကို ပတ်ဝန်းကျင်ကို ဖြန့်ကျက် အလှဆင် ပေး တယ်။ သူ့ကို နည်းမှန် လမ်းမှန် အသုံးချတဲ့ အခါမှာတော့ ဆေးဝါးများအဖြစ် အသုံးတော် ခံပါသေး တယ်။ တလွဲသုံးလို့ ဒုက္ခ ဖြစ်တာကတော့ ပန်းအပေါ် အပြစ်မပုံစေချင်ပါဘူး။ သုံးစွဲသူရဲ့တာဝန်သာဖြစ်တာပါနော်။

ကျွန်မကတော့ နန်းမဆန် တော်မ၀င်ပေမယ့် တယုတယ စိုက်ပျိုး မခံရပေမယ့် သဘာဝက ပေးတဲ့ သာမန် အခြေအနေ လေးတွေ ထဲမှာ ပွင့်ရဲတဲ့ တောပန်း တောင်ပန်း လေးတွေရဲ့ သတ္တိကို သိပ်ချစ်ပါတယ်ရှင်။ ပြီးတော့ ပန်းတပွင့်စာလောက် သတ္တိရှိဖို့ ကိုယ့်ကိုယ်ကိုလည်း အားပေးမိပါတယ်။ ဒီဘလော့လာ ဧည့်သည်တော်များရော ဘယ်ပန်းလေးတွေကို ဘာကြောင့် ချစ်လဲ ဆိုတာ ဖြေပေးခဲ့ကြပါ နော်..

5 comments:

အနောနီးမတ်စ် said...

ပန်းပေးရင် ကျေနပ်မှာလား ဒါမှ မဟုတ်
ပန်ပေးမှ ကျေနပ်မှာလား
ဟဲဟဲ.

Khunmyahlaing said...

ဟင့်အင်း ပန်ချင်ဘူး ပန်းကလေးက ပေးတဲ့သတ္တိကို မြင်ရင်းခံစား နေရရင် ကျေနပ်ပြီ

ကလိုစေးထူး said...

ကျနော်က ယောက်ျားလေးဆိုတော့ ပန်းတွေကို သိပ်တော့ မခံစားတတ်ပေမယ့် ကျနော့်မေမေ ကျေးဇူးကြောင့်တော့ ပန်းတမျိုးကို ကျနော် နှစ်သက်ခဲ့ဖူးတယ်။ အဲဒီပန်းနာမည်က ဘာလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ပန်းအရောင်က အဖြူဆွတ်ဆွတ်၊ ကြည့်လိုက်ရင် နှင်းဆီပန်း ခပ်သေးသေးနဲ့ ဆင်တယ်။ အနံ့ကလည်း မပြင်းလွန်းဘူး။ မွှေးလျလျလေး ပြောရမလားပဲ။
ကျနော်တို့ မြို့က အိမ်တချို့မှာ အဲဒီပန်းပင်တွေကို အိမ်ခြံစည်းရိုးသဘောမျိုး စိုက်ကြတယ်။ အဲဒါနဲ့ အိမ်မှာလဲ မေမေစိုက်ထားတာနဲ့ အိမ်ရှေ့ခြံစည်းရိုးမှာ အဲဒီပန်းပင်တွေနဲ့ ပန်းခြံစည်းရိုးပေါ့။ အဲဒီပန်းပွင့်တဲ့အချိန်ဆိုရင် အရွက်စိမ်းစိမ်းခပ်အုပ်အုပ်တွေကြားမှာ ပန်းအဖြူလေးတွေ ဟိုတပွင့်၊ ဒီတပွင့်နဲ့ ပွင့်နေတာ တော်တော်လှတယ်။ ခူးပြီးတော့ ဘုရားတင်လို့လဲရတယ်။ တချို့လည်း အလှ ပန်ကြတယ်။ ဒါပေမယ့် နှစ်ရက်လောက်ပဲ ခံတယ်။ ခဏလေးနဲ့ ညှိုးသွားရော။ မေမေပြောဖူးတာ မှတ်မိသေးတယ်။ ပန်းဆိုတာက လူတွေအတွက် အလှပြဖို့သဘောသက်သက်ပဲ ဖြစ်နေတာများတယ် တဲ့၊ ဒီပန်းကတော့ အပင်ရော၊ အပွင့်ပါ လူတွေကို အကျိုးပြုတဲ့အပြင် သူ့သက်တမ်းခဏလေးမှာ မြင်သူတိုင်းကို အေးချမ်းအောင် လုပ်နိုင်တယ်တဲ့။

မခွန်မြလှိုင်ရဲ့ ပို့စ်ကို ဖတ်ပြီးတော့ အဲဒီပန်းရုံလေးကို သတိရလို့ ကွန်မန့်ရေးမိတာပါ။

Layma said...

လေးမကတော့ သနပ်ခါးပန်းကိုကြိုက်တယ်..

အနောနီးမတ်စ် said...

ခွန့် လက်ခုပ်ထဲက အီး အဲလေ ပန်း ပဲ ။ ရှူခြင် ရှူ ၊ နမ်းခြင် နမ်း ။ ခွန့် သဘောပေါ့ :p