မုန်တိုင်းထဲက သူငယ်ချင်းများ (၂)
ဆွေ။ ။ ဟဲ့ သူဇာ .. နင်ဘယ်လိုဖြစ်လို့ မျောက်မှိုင်မှိုင်နေတာလဲ
သူဇာ။ ။ အောင်မာ သေလိုက်ပါလား နင်သာ အမြီးမပေါက်လို့ မှိုင်နေတဲ့ မျောက်လွှဲကျော်
ဆွေ။ ။ နင်ကလဲ ငါရည်းစားပိုးမရတာပဲ လိုက်ထိခိုက်နေ
သူဇာ။ ။ ဘာလို့ စသေးလဲ ပြောမှာပေါ့..
ဆွေ။ ။ နင် ဘာဖြစ်နေတာလဲ
သူဇာ။ ။ ငါ ကန်တင်း ခဏ သွားတုန်း အတန်းထဲမှာ ချထားတဲ့ ငါ့စာအုပ်တွေ ပျောက်ပျောက်နေလို့
ဆွေ။ ။ အင် .. စာမေးပွဲနီးနေတဲ့ဟာ.. နင်က နင့်စာအုပ်ကို အဲလို ထားခဲ့ရလား
သူဇာ။ ။ အာ.. ကျောင်းစာအုပ်တော့ ဘယ်ထားမလဲဟ.. ခုဟာက ဗလာစာအုပ် အလွတ်တွေ.. ငါပြန်လာရင် နဂိုနေရာ ပြန်ထိုင်လို့ ရအောင် နေရာဦးပြီး ထားခဲ့တာ။ ပြန်လာတိုင်း သူများ ၀င်ထိုင်နေတယ်။ ငါ့စာအုပ်ကို မေးတော့ သူတို့ ၀င်လာကတည်းက မရှိတာ မတွေ့တာတဲ့ဟ
ဆွေ။ ။ ဟာ.. ဒါတော့ တော်တော်ဆိုးတာပဲ.. သူတို့ကိုယ်တိုင် ဖယ်ပစ်တာလား
သူဇာ။ ။ မဖြစ်နိုင်ဘူးဟ.. တစ်ရက် တစ်ဖွဲ့ ဖြစ်နေတာ .. ငါနဲ့သူတို့နဲ့ ဆက်ဆံရေး ကောင်းနေတာကို.. သူတို့ကတောင် ငါ့စာအုပ်ကို လိုက်မေးပေး လိုက်ရှာပေးနေသေးတယ်
ဆွေ။ ။ နင်ပျောက်တာ ဘယ်နှစ် အုပ် ရှိပြီလဲ
သူဇာ။ ။ ရှစ်အုပ်
ဆွေ။ ။ ဒါဆို မရိုးသားတော့ဘူး
သူဇာ။ ။ အင်း.. ငါလဲ စဉ်းစားမရတော့ဘူး
ဆွေ။ ။ ဟိုတလောက နင့်နာမည်သုံးပြီး ဖုန်းလျှောက်ဆက်တဲ့ တစ်ယောက်လား.. ငါ အောင်မျိုးမြင့်ဆီက ကြားလိုက်တယ်..
သူဇာ။ ။ ဟုတ်ပါဘူး ထင်ပါတယ် .. သူနဲ့က မေဂျာချင်းမှ မတူတာ.. ပြီးတော့ ငါပျောက်တဲ့ရက်တွေမှာ သူကျောင်း မတက်ဘူး။ နောက်ပြီး ဈေးသည်လေးတွေ ဖြစ်ရအောင်ကလဲ ငါက အတန်းထဲ ထိုင်ရင် ရှေ့ဆုံးခုံ လူမြင် ကွင်း ကြီး ဆိုတော့ တော်ရုံ အပြင်လူက စာသင်ခန်း ရှေ့ဆုံးခုံပေါ်က စာအုပ်တော့ ၀င်မခိုး လောက်ပါဘူး
ဆွေ။ ။ နင့်မလဲ ဖြစ်လိုက်ရရင် အဆန်းချည့်။ နင့်စာအုပ် မှ ရွေးဖြစ်တယ်လို့ .. ကျောင်းစာတွေ ပါရင် ထားပါတော့..
သူဇာ။ ။ နောက်ပြီး.. အင်း..
ဆွေ။ ။ ဘာဖြစ်သေးလဲ … ဟဲ့ ပြောလေ ငိုင်နေပြန်ပြီ
သူဇာ။ ။ အင်း တနေ့ မနက်ဟာ.. ငါက ကျောင်းမလာခင် မနက် အစောကြီး ဈေးသွားပြီး အပြန်မှာ ငါ့အိမ်နဲ့ မျက်နှာချင်းဆိုင် ဘက် ပလက်ဖောင်းပေါ်ကနေ လမ်းလျှောက်လာတာဟာ.. အိမ်ရှေ့ရောက်လို့ လမ်းဖြတ် ကူးမလို့ လုပ်တုန်း အိမ်ရှေ့ကနေ ကောင်လေးနဲ့ ကောင်မလေး ၂ယောက်တည်း ကားခေါင်းခန်းမှာ ပါတဲ့ ကားအဖြူလေး တစ်စီး ဖြေးဖြေးလေး ဖြတ်သွားရင်း ငါ့အိမ်ရှေ့ရောက်တာ့ ကောင်မလေးက ငါ့အိမ်ကို လက်ညှိုးထိုးပြတယ်။
ဆွေ။ ။ အင် ဘယ်သူတုန်း .. သူက နင့်အိမ်ကို ဘာလို့ လက်ညှိုးထိုးပြရတာတုန်း
သူဇာ။ ။ ငါလဲ ၂ယောက်လုံးကို အစက မသိပါဘူး။ ကားက ညာမောင်း ဆိုတော့ ကောင်လေးက ငါ့အိမ်ဘက် ခြမ်းမှာ ထိုင်တာ။ ငါ့ဘက်ကကြည့်တော့ မမြင်ရဘူးလေ။ ငါက ကောင်မလေးကိုပဲ မြင်ရတာ.. ထူးဆန်း နေတာက မနက် အစောကြီးကို ကောင်မလေးက နေကာ မျက်မှန်ကြီး တပ်ထားတာ ငါ့စိတ်ထဲ ထူးဆန်း နေတာ နေမှ မပူဘဲနဲ့။ ငါကလဲ ထင်လိုက်တာက ငါ့အိမ်ကို အိမ်ရောင်းမည် လို့ ဆိုင်းဘုတ် တပ်ထားတော့ အိမ်လာကြည့်တဲ့ ရှမ်းတရုတ်မ လို့ ထင်လိုက်တာ.. အင်း
ဆွေ။ ။ အင်း ဖြစ်နိုင်တာပဲ
သူဇာ။ ။ မဟုတ်ဘူးဟ.. ငါက သူ့ကို ဆံပင်ပုံစံရယ်၊ ခေါင်းက ကလစ်ရယ်၊ အင်္ကျီ ဒီဇိုင်းနဲ့ အဆင်ရယ် မြင်လိုက် တယ်။ အဲဒါ သူ့ကို ငါ့မျက်စိရှေ့မှာ တွေ့နေလို့ .. မျက်မှန်က ချွတ်လိုက်ပြီလေ.. သူဘာလို့ အဲလိုလုပ်ရ တာလဲ လို့ တွေးနေတာ။ ဒီမနက် အဲဒီကားက ငါ့ကို ၀င်ပွတ်သွားတယ်.. ရှောင်လိုက်လို့ ဘာမှ များများ မဖြစ် ပေမယ့် ငါ့ ခြေသန်း ပဲ့သွားပြီ
ဆွေ။ ။ ဟင် .. မိုက်ရိုင်းလိုက်တာကွာ .. ဘယ်သူလဲ အဲဒါ
သူဇာ။ ။ ဟိုမှာ
ဆွေ။ ။ ဟာ.. နင်ကြည့်လုပ်ဦးနော်.. သူက သိပ်အေးတာ.. ရည်းစားတောင် ရှိတာ မဟုတ်ဘူး။ ဘယ်ယောက်ျား လေး နဲ့မှလဲ စကားတောင် ပြောတာ မဟုတ်ဘူး။ နင်ပြောသလို ယောက်ျားလေးရဲ့ ကားနဲ့ လိုက်ဖို့က တော့ ဝေးရော… ပြီးတော့ သူက သိပ် သနား အားနာ တတ်တာ..
သူဇာ။ ။ အော်.. နင်ပြောပုံက ငါကရော မဟုတ်ဘဲနဲ့ လံကြုပ်လုပ်တတ်တဲ့ မိန်းမ မို့လို့လား
ဆွေ။ ။ အာ.. ငါက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူးဟာ.. တော်တော်ကြီးကို ထူးဆန်းနေလို့ပါ.. နေပါဦး … ကားမောင်းတဲ့သူကို နင်မမြင်လိုက်ဘူးနော်.. ကိစ္စမရှိဘူး။ အဲဒီကားက ဘာအမျိုးအစားလဲ.. ဘာရောင်လဲ
သူဇာ။ ။ ကားက အဖြူဟာ.. ပုံစံက အက်စ်အီးလိုဟာမျိုး.. နံပါတ်က အစအဆုံး မှတ်မိလိုက်ဘူးဟ.. ဒါပေမယ့် ၈က/၇ထောင်ကျော်…
ဆွေ။ ။ ဟဲ့.. နင့်ဟာက မဟုတ်တော့ဘူးနော်… အက်စ်အီးတွေက သ လောက် အ လောက်မှာ ခေတ်ကုန်သွား တာ.. ခုဟာက ၈က ဆိုရင် နင့်ဟာက ခုကတည်းက လွဲနေပြီ။ ယုတ္တိ မရှိတော့ဘူး။ အက်စ်အီးတော့ မဖြစ်နိုင်ဘူး သေချာတယ်
သူဇာ။ ။ ဟာ… အက်စ်အီးပုံစံ ပါဟာ..
ဆွေ။ ။ ဟဲ့ ငါ ကားပွဲစား လုပ်လာတာ ဆယ်တန်းကတည်းက။ ကားအကြောင်းတော့ ငါနဲ့ လာမငြင်းနဲ့။ ၈က တန်းမှာ အက်စ်အီး မရှိတော့ပါဘူးဆို
သူဇာ။ ။ ဒါပေမယ့် ငါမြင်တာ အက်စ်အီး ပုံဟ.. ကားနောက်မြီးမှာ မီးတန်းခုံးခုံးလေး တောင် ပါသေးတယ်
ဆွေ။ ။ နင့်ဘိုးအေရဲ့ အဲဒါ လီမိတက်ဟ.. အက်စ်အီးမှ မဟုတ်တာ။ လီမိတက် ကားက အက်စ်အီးနဲ့ဆင်တယ် နောက်မြီးမှာ မီးလုံးတန်းလေး ပါတယ်
သူဇာ။ ။ သိဘူးလေ .. ငါက နင့်လို ကားပွဲစားမှ မဟုတ်တာ
ဆွေ။ ။ အိုကေ.. ဒီလောက်ဆို ငါ ဒီကောင့်ကို စုံစမ်းလို့ ရပြီ။
သူဇာ။ ။ နင်ကလဲ ကားအစီးရေ တစ်ထောင်ကျော်ကြားထဲ ဘယ်လို ရှာမလဲ
ဆွေ။ ။ ဟ.. ကားအမျိုးအစားသိပြီလေ.. နားမလည်ရင် နေပါဟာ .. အဲဒါ ငါ့အလုပ်လို့ ထားလိုက်ပါ
သူဇာ။ ။ အင်း ဒါဆို ပြီးရော.. ငါ သူတို့ကို ဘာမှ မဖြစ်စေချင်ပါဘူးဟာ.. ငါ့စာအုပ်တွေ လိုက်ဖျောက်ပြီး ငါ့ကို လိုက်ဒုက္ခပေးနေတာ ငါဘာများ မှားမိလို့လဲ ဆိုတာ မေးပေးနော်။ ပြီးတော့ စိတ်ဆိုးမပြေလဲ တောင်းပန် ပါတယ်လို့ ခွင့်လွှတ်ပါလို့ ပြောလိုက်ပါဟာ.. ငါတော့ သူတို့ကို တမင်သက်သက် ဘာမှ မလုပ်မိပါဘူးဟာ
ဆွေ။ ။ သေလိုက်ဟေ.. နင့်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ ခွင့်လွှတ်ရအောင် နင်မှ မှားမထားတာ။ နင်မှားထားရင် သူတို့ နင့်ကို လူကိုယ်တိုင် ရှေ့လာပြီး ချဲသင့်တာပေါ့။ ခုဟာက နောက်ကွယ်ကနေ ပုန်းလျှိုး ကွယ်လျှိုးနဲ့ …
သူဇာ။ ။ သိပါဘူးဟာ…
ဒီလိုနဲ့ နောက်တစ်ပတ်နေတော့ စာရွက် တချို့နဲ့ ဓာတ်ပုံတွေကိုင်ရင်း သူပြန်ရောက်လာသည်။
ဆွေ။ ။ ဟဲ့ သူဇာ.. လူနာမည်၊ ကားနံပါတ်နဲ့ သက်သေတွေ ရလာပြီ
သူဇာ။ ။ ဟယ်.. တော်လှချည့် .. ဘယ်လိုရလဲ။ ကားပိုင်ရှင်က ဘယ်ကလဲ။ သူက ဘာလို့ငါ့ကိုအဲလို လုပ်ရတာလဲ
ဆွေ။ ။ ကားပိုင်ရှင်က --- မေဂျာကဟ.. ငါတို့ကျောင်းကပဲ.. က.ည.န ကနေ ဒီကားအမျိုးအစား ဒီနံပါတ် ဆိုပြီး ရှာရင်း ဒီကားပိုင်ရှင် ဘယ်သူလဲ ဆိုပြီး စုံစမ်းလိုက်တာ.. ဒီမှာ ဓာတ်ပုံတွေ.. ငါတို့ ချောင်းရိုက်ထားတာ.. သူတို့က တိတ်တိတ်ပုန်း ငြိနေကြတာ… သူ့ကောင် နင့်ကို စိတ်ဝင်စားမှာ စိုးလို့ နင့်ကို အပုပ်ချထားတာ ထင်တာပဲ။ ဒါကြောင့် ဟိုကောင်က နင့်ကို ကားနဲ့ ပွတ်တာ ..
သူဇာ။ ။ ဟယ်.. တက္ကသိုလ်တောင် ရောက်နေမှ ရည်းစား ထားတာ ဘာလို့ ပေါ်ပေါ်တင်တင် မထားလဲ။ သူနဲ့ တောင် ရည်းစားဖြစ်နေမှ သူ့ကောင်ကရော ငါ့ကို ဘာကိစ္စ စိတ်ဝင်စားရမှာလဲ.. မဆိုင်လိုက်တာ .. အဓိပ္ပာယ်မရှိ.. ဘာတွေတုန်းဟာ
ဆွေ။ ။ သူ့ကောင်က တခြားတစ်ယောက်နဲ့ စေ့စပ်ပြီးသားဟ.. ဒီကောင်က ဆိုင်ရာ ပိုင်ရာတွေ လဲ ရှိ၊ နောက်ခံ ဘက်ဂရောင်းကလဲ ကောင်းနေတယ်ဟ. ယူဖြစ် မယူဖြစ် မသေချာတော့ တိတ်တိတ် လူမသိအောင် တွဲနေကြတာ ထင်တာပဲ.. ဘာအကြောင်း တွေလဲ တော့မသိဘူး။ သူ့ကောင်ကို သူမနိုင်လို့ နေမှာပေါ့ ဟာ.. နင့်ကို အဲလိုလုပ်မှပဲ သူ့အကြောင်း ပေါ်တော့တယ်.. မထင်ရဘူး အံ့ရော။ ငါတို့ကတော့ ရိုးရိုး သားသား မှတ်လို့ သူ့ကို လေးစားလိုက်ရတာ စိတ်နာတယ်… ငါတို့ သတိပေး ထားပါတယ်.. နင်လဲ လမ်းသိပ်မထွက်နဲ့။ ကျောင်းလဲ သိပ်တက်မနေနဲ့။ ငါတို့ Roll Sheet ထိုးပေးထားမယ်။ Tutorial ရှိမှ လာဖြေပေါ့ ဟုတ်လား။ ငါကျောင်းက အပြန် နင့်အိမ်ကျော်ပြီးမှ ငါ့အိမ်ရောက်တာပဲဟာ.. ငါ စာတွေ ကော်ပီကူးခဲ့ပြီး နင့်ဆီ ၀င်ပို့ပေးမယ် ဟုတ်ပြီလား။
သူဇာ။ ။ ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ်.. နင်ဒီလို စေ့စေ့စပ်စပ် စုံစမ်းပေးတာ ငါဘယ်လို ၀မ်းသာမှန်း မသိဘူး။ ငါက နင်ပါ ငါ့ကို အထင်လွဲသွားပြီး ဒီကိစ္စကို နင် ပြီးပြီးရော သဘောထားလိုက်ပြီ ထင်နေတာ
ဆွေ။ ။ ဟ.. သူငယ်ချင်းဆိုတာကို နင်က ဘယ်လို စာလုံးပေါင်းထားတာလဲ။ လောကနီတိ ထဲမှာ မိတ်ဆွေ အင်္ဂါရပ် ဆယ့်ခြောက်ပါးကို နင် မဖတ်ဖူးဘူးလား။ ငါက လူပိန်ပေမယ့် မိတ္တဗလတော့ အပြည့်ရှိပါတယ်ဟ..
သူဇာ။ ။ အေးပါဟာ.. ဟဲ့ နင့်ဗလတော့ ထုတ်ပြမနေပါနဲ့ဟ.. စပုတ်တံကို အိမ်မြောင်ဥ ကပ်နေသလိုပဲ အဟီး .. ကာယဗလ မရှိတာတော့ ကျေကျေနပ်နပ် ၀န်ခံလိုက်ပါဟာ.. အရှိကို အရှိအတိုင်းပေါ့ အဟိ.. သူငယ်ချင်း အချင်းချင်းကြားထဲမှာ ကာယဗလက အရေးမကြီးပါဘူးဟာ စိတ္တဗလက ပိုအရေးကြီးပါတယ်။ ကျေးဇူး ကမ္ဘာပါ သူငယ်ချင်းရယ်.. နားလည်မှုနဲ့ ယုံကြည်မှုက အားလုံးထဲမှာ အရေးကြီးဆုံးပါပဲဟယ်..
ဆွေ။ ။ ဒါအစစ်ပဲ သူငယ်ချင်း.. အေးဆေးပါဟာ အမှန်တရားဆိုတာ အမှန်တရားပါပဲ အပေါ်ယံ မာယာတွေ ဘယ်လောက် ဖုံးနေပါစေ တနေ့တော့ အဖြစ်မှန်က ပေါ်စမြဲပါ. ကဲကဲ ငါပြန်တော့မယ် တာ့တာ
No comments:
Post a Comment