Thursday, October 4, 2007

ရှက်တယ်

အယုဒ္ဓယက ဘုရားပျက်ကို လက်ညှိုးတထိုးထိုးနဲ့
နင်တို့ဗမာ ဖျက်ခဲ့တာလို့ ပြောတဲ့ဆရာ
ဟန်ပါပါ ပြန်ရန်တွေ့ရင်း
စစ်ပွဲမှာ မတော်တဆဖြစ်ခဲ့တိုင်း တို့ဗမာ မရိုင်းစိုင်း လို့
အသဲတနာနာနဲ့ ပြောခဲ့တယ်
ငွေကြာယံဘုန်းကြီးကျောင်းက ရုပ်ပွားတော်ကို
မျက်စိထဲ ပြန်မြင်ယောင်မိတိုင်း ရှက်တယ်။

လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က
နင်တို့ဗမာတွေ အာရှမှာ နာမည်ကြီးခဲ့သမျှ
နင်တို့ခေတ်ရောက်မှ ဒီလိုဖြစ်တာလားလို့
အတန်းထဲက နိုင်ငံခြားသားအတန်းဖော်တွေ မေးတာခံရတိုင်း ရှက်တယ်။

ခေတ်အဆက်ဆက် အာရှတလွှားမှာ စွာကျယ်
ရောက်လေရာမှာ မာန်ဝင့်ခဲ့တဲ့ နင်တို့ဗမာတွေ
နိုင်ငံလိုက် ၀ဋ်လည်ပြီလို့ ပြောခံရတိုင်း ရှက်တယ်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ၊ သံသရာမှ ထွက်မြောက်ကြောင်း ၀ိပဿနာ
နေလိုထွန်းတောက်လို့ တကမ္ဘာလုံးက စံထားရသတဲ့
သည်အချက်ကလေးကိုကိုင်စွဲ ဗမာဖြစ်ရတာကြံဖန်လို့ဂုဏ်ယူရင်း
သာသနာသန့်ရှင်းရေး အစွမ်းကုန် အားထုတ်ခဲ့တယ်
သာသနာ့ဝန်ဆောင် ဘုန်းဘုရားများ ဆည်းကပ်ပါလို့ ကိုးကွယ်ခဲ့တယ်
သာသနာစည်ပင်ကြောင်း သံဃတက္ကသိုလ်ကို ပိတ်ခိုင်း၊
သံဃာ့ မဟာနာယက အဖွဲ့ကို ဖျက်ခိုင်းသတဲ့
သံဃာကို သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်တာကိုလဲ
ငြင်းမရအောင် သက်သေကျန်အောင် လုပ်ခဲ့တယ်
ဗမာဖြစ်ရတာ ဂုဏ်ယူစရာ မကျန်တော့.. ရှက်ပြီးရင်း ရှက်ရတယ်။

အဟိံသလမ်းစဉ်ကိုလက်ကိုင်ထား အသည်းကြွေမတတ်သည်းခံငြားလည်း
ရာထူးအာဏာလုပ်ပိုင်ခွင့်တွေအတွက် တွေ့ရာလူကို ထိုးကျွေး
ရက်ရက်စက်စက် လုပ်ရက်ကြသေးတယ်
သည်လိုဘ၀မှာ နေချင်စရာ
ဘ၀တဏှာ မကျန်ရစ်
ယမမင်းရေ…
သည်တစ်ခါ ကျွန်မ ဈေးမဆစ်တော့ဘူး….

1 comment:

Thamee Khin said...

khun
i am crying while i am reading your poem. it is such a shame for all of us.
we have no national pride left.
but i believe we can make it to be free.
we will be free.