Thursday, September 6, 2007

ဒီလို ချစ်မယ်

သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ စကားပြောခန်းပါ။ ကောင်လေးက ပြဇာတ်ကြည့်ဖို့ ခေါ်တာကို ကောင်မလေးက ငြင်းရင်းနဲ့ အချစ်အကြောင်းကို ဒီလို ဆွေးနွေးသွားတယ်လေ။

ဟဲ့ ဒီအပတ် အမျိုးသား ကဇာတ်ရုံမှာ ရာမယဏ ဇာတ် ကမယ်တဲ့ သွားကြည့်ရအောင်

ကြည့်ချင်ဘူးဟာ

ဘာလို့တုန်းဟ နာမည်ကြီးကဇာတ်ကို ရာမ၊ လက္ခဏ၊ သီတာ ဒေ၀ီ၊ ဒသဂီရိ ဘီလူး လေ

သိပါတယ် ငါက သူတို့ကို ကြိုက်မှ မကြိုက်တာ.. နင်က ကြိုက်လို့လား

ငါက တစ်ခန်းပဲ မကြိုက်တာ.. ကျန်တာ ကြိုက်တယ်

ဘယ်အခန်းလဲ

လေးတော်တင်ခန်းလေ .. မိန်းမတစ်ယောက်ရဖို့ ယောက်ျားတွေက ၀ိုင်းပြီး လေးတင် ပြိုင်ရတယ်လို့ အဓိပ္ပာယ်ကို မရှိဘူး။ ငါသာရှိရင် လေးကို နိုင်အောင် ပြိုင်ပြီး မင်းသမီးကို မယူဘဲ ထားကိုပစ်ခဲ့မယ်

နင်အဲဒါ ဘယ်တရားမလဲ.. အဲဒီပြိုင်ပွဲကိုလုပ်တာ ဘုရင်ပဲ မင်းသမီးက ဘုရင်ခိုင်းတာ လုပ်ရလို့ စိတ်ညစ် နေပြီးသား ဖြစ်ချင် ဖြစ်နေမှာ.. နင်အဲလိုလုပ်ရင် မင်းသမီး ရဲ့ အရှက်သိက္ခာကို စော်ကားသလို ဖြစ်နေမှာ ပေါ့ဟ။ မကျေနပ်ရင် ၀င်ကို မပြိုင်နဲ့ပေါ့

ထားလိုက်ပါတော့ဟာ .. ငါက အဲလို အဓိပ္ပာယ် မရှိတဲ့ ပြိုင်ပွဲ တွေကို မကြိုက်တာပါ. နင်ကရော ဇာတ်ကောင်တွေကို ဘာလို့ မကြိုက်တာလဲ။

ရာမကို မကြိုက်ဘူးဟာ အတ္တကြီးလွန်းတယ် ဒီဇာတ်ထဲမှာ သီတာဒေ၀ီကို ပြန်ရတော့ မီးပုံထဲ တစ်ခါ ဆင်းပြီး ဒသဂီရိနဲ့ ကင်းရှင်းကြောင်း သစ္စာ ပြုပြီးပြီပဲ .. အဲဒါကို သီတာဒေ၀ီက သူ့မောင်းမတွေ ဒသဂီရိကို မြင်ဖူးချင်လို့ ပုံဆွဲပြပါဆိုလို့ ဆွဲပြမိတာကို နောက်တစ်ခေါက် မီးပုံထပ်ဆင်းခိုင်းတယ်။ တခါ သူတိုင်းခန်း လှည့်နေတုန်း သူများ လင်မယား ရန်ဖြစ်တာ ယောက်ျားက ရာမသာ သီတာကို ဒသဂီရိလက် ပါသွားတာကို ပြန်လက်ခံတာ ငါကတော့ နင့်မိဘအိမ် နင်ဆင်းတောင် လိုက်မခေါ်ဘူးလို့ ယောက်ျားက မိန်းမကို ကြိမ်းတာကို ကြားလာပြီး သီတာဒေ၀ီကို နန်းတော်က နှင်ထုတ်တယ်။ သူ သီတာဒေ၀ီကို ဒသဂီရိ လက်က လိုက်ကယ်တာ ချစ်လွန်း လို့မှ မဟုတ်ဘဲလို့ တွေးမိတယ်။ သူ့မိန်းမကို သူများ ခိုးခံရတာ သူ့မာန၊ သူ့အင်အားကို စော်ကား တယ်လို့ ခံစားရလို့ လိုက်ပြန်ယူ တာပဲလို့ ယူဆတယ်။

ဒါဖြင့် နင်က ဒသဂီရိကိုရော ဘာလို့မကြိုက်တာလဲ

အရှင်းလေးပဲဟ ငါ့ကို ပြန် မကြိုက်ရင် ၀ါးစားမယ် ဆိုတာ ချစ်တာလား။ ဒါက လိုချင်မှု သက်သက်ပဲ။ မရရင် ဖျက်ပစ်မယ် ဆိုကတည်းက မြတ်နိုး လေးစားမှု တခုမှ မပါဘူးလေ။

သီတာဒေ၀ီ ကျတော့ရော

ယောက်ျားကို မူနွဲ့ဖို့ပဲ သိပြီး တောခေါင်ခေါင်မှာ သမင်မရရင် သေရပါ လိမ့်မယ်လို့ ဂျီပူတိုက်တဲ့မိန်းမ ငါသာဆို လုံးဝ လိုက်ဖမ်း မပေးဘူး။ အကျိုးအကြောင်း ရှင်းပြလို့မှ နားမ၀င်ဘဲ ဆက်ဂျီပူ တိုက်ရင် ပိတ်ငေါက်ပစ် လိုက်မယ်

ဒါဖြင့် ဒီဇာတ်ထဲက ဇာတ်ကောင် တစ်ယောက်မှ နင်မကြိုက်ဘူးပေါ့

လက္ခဏကိုတော့ ငါသနားပါတယ်

ဘာဖြစ်လို့

အော် သူအရင် လေးတင်တာလေ။ သူ လေးတင်နေတုန်း သီတာဒေ၀ီကို ကြည့်လိုက်တော့ သီတာဒေ၀ီက သူ့အကိုကို ကြည့်နေတဲ့ မျက်လုံးနဲ့ သူ့ကိုကြည့်တဲ့မျက်လုံး အဓိပ္ပာယ်ကို သိတာနဲ့ သူလေးကို ဆက်မ တင်ဘဲ အကိုတင်ပါ ဆိုပြီး လွှဲလိုက်တာ ဘယ်လောက် အလိုက်သိတတ်လဲလို့။ ပြီးတော့ တောထဲမှာ ရာမ သမင် လိုက်နေတုန်း ဘီလူးက ရာမ ယောင်ဆောင်ပြီး ကယ်ပါ အော်တော့ သွားမကယ်ဘူးလေ။ အကို့ အသံကို သိတယ်။ သီတာဒေ၀ီက ရာမ သေရင် ငါ့ကို လိုချင်လို့ မလိုက်တာလား လို့ ကြိမ်းတော့မှ အကို နောက်ကို လိုက်တာ။ ဒါတောင် စည်းပြင် မထွက်နဲ့လို့ မှာပြီး စည်း၃ချက် သားခဲ့သေးတယ်။ ဘယ်လောက် ထောင့်စေ့လဲ။

နောက်ပြီး တောထဲမှာ ဆယ့်နှစ်နှစ် နေလာတာ ကိုယ်ပျောက်ဘီလူးနဲ့ တိုက်တော့ မိန်းမ မျက်နှာကို ဆယ့် နှစ်နှစ် မကြည့်ခဲ့ဖူးသူ က ဒီကိုယ်ပျောက် ဘီလူးကို မြင်နိုင်တယ် ဆိုတော့ လက္ခဏက မြင်တယ်လေ။ သူ့မရီးနဲ့ အကိုပေါ် ဘယ်လောက် သစ္စာ ရှိလဲလို့။ နောက်ဆုံး သီတာဒေ၀ီကို ရာမက နှင်ထုတ်လို့ သီတာဒေ၀ီ သတ်သေတော့ ကျန်ခဲ့တဲ့ ကလေး ၂ယောက်ကို သူပဲ ထိန်းရတာ ကလေးတွေက အဖေကို အထင်မလွဲအောင် သူပဲ သွန်သင်ခဲ့တာလေ။ တော်ရုံဇွဲနဲ့ သီတာဒေ၀ီကို သူစိတ်ရှည်မှာ မဟုတ်ဘူး။ ချစ်လို့ ဒီလောက် စိတ်ရှည်တာ ဖြစ်မယ်။ ဒါပေမယ့် အချစ်ကို စည်းစောင့်မှုနဲ့ ထိန်းသိမ်းသွားတယ်။ တစ်ဇာတ်လုံးမှာ လက္ခဏကိုတော့ ငါသနားပါတယ်။ သူ့အချစ်ကိုပဲ အချစ်စစ်လို့ ငါတော့ သတ်မှတ်မယ်။ နင်ရော

တော်ပါပြီဟာ .. ငါတော့ ဘယ်လို အချစ်ကိုမှ သဘောမကျဘူး

အဟီး ဒီဇာတ်ကို နင်ဝင်ကရရင် ဘယ်သူအဖြစ် နင်သရုပ်ဆောင်မလဲ

တော်ပါဟာ .. ဟနုမာန်ပဲ လုပ်တော့မယ်

ဟားဟားဟား ဇာတ်ရုပ် အရွေး တော်တယ် တူပါတယ်ဟ အဟီး

အောင်မယ် နင်ကများ ဟားဟား

4 comments:

MgThaJan said...

မခွန်မြလှိုင် ရာမနဲ့သီတာဒေ၀ီ ရဲ့နောက်ဆက်တွဲ တကယ်ရှိတာလားဗျ။ တကယ်မသိလို့ မေးတာပါ။

ခွန်မြလှိုင် said...

တကယ်ရှိတာပါ ကိုသင်္ကြန်ရေ လူတွေက ဇာတ်ပေါင်းခန်းမှာ ရပ်ပစ်ကြလို့ပါ။ တကယ့် ဇာတ်ရှိန်က ပေါင်းပြီးမှ စတာပါ။

thamudayanwe said...

ကောင်းလိုက်တာ..တော်လိုက်တာ

sisain said...

yup, viewing from a new point. N.I.C.E approaching. thnx for sharing sis. (sorry can't usee mmFont in this moment)