Tuesday, September 25, 2007

မောင်၊ ညီမလေးများနဲ့ သငယ်ချင်းများသို့

မောင်လေး ညီမလေး နဲ့ သူငယ်ချင်း တို့ရေ
အိပ်မက်တွေရဲ့ လှပမှုကို ယုံကြည်သူသာ အနာဂတ်ကို ပိုင်စိုးတာမို့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ခံစားခြင်း အိပ်မက်မက်ဖို့ မစိုးရွံပါနဲ့။ ဘ၀မှာ rehearsal ဆိုတာ မရှိတာမို့။
ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကိုလဲ မွေးလိုက်စမ်းပါတဲ့။ မင်းကိုယ်မင်း လေးစားသလောက်သာ ကမ္ဘာကြီးက မင်းကို လေးစားမှာမို့။ မြင့်မြင့်မားမား ရည်မှန်းလိုက်စမ်းပါ။ မင်းရည်မှန်းသလောက်သာ ကမ္ဘာကြီးက မင်းရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံရရှိမှာမို့။
ဖိအားတွေကိုမကြောက်မငြီးငြူလိုက်ပါနဲ့ သူငယ်ချင်း။ ဖိအားတွေကြောင့်သာ မီးသွေးက စိန်ဖြစ်လာတာမို့။
ပစ္စုပ္ပန်ရဲ့ နေ့ရက်တိုင်းကို လှပတဲ့နေ့အဖြစ် ကုန်လွန်လိုက်ကြစို့လား။ မင်းဘ၀ကြီးက နေပျော်တယ်လို့ ယုံကြည်လိုက်စမ်းပါ။ ဒါမှ နေပျော်ရတဲ့ အကြောင်းရင်းကို မင်း စူးစမ်း ဖန်တီးမိမှာမို့။
မင်း ဘယ်သွားသွား မင်းရဲ့ နှလုံးသားတစ်ခုလုံးကို မင်းနဲ့အတူတူ ယူဆောင်သွားပါနော်။ မင်းက ဘ၀ကို ချစ်ရင် ဘ၀က မင်းကို ပြန်ချစ်ပါလိမ့်မယ်။


အတိတ်ကို သက်သာရာရပါစေ။ ပစ္စုပ္ပန် မှာ နေပြီး အနာဂတ်ကို အိပ်မက်ပါ။ အနာဂတ်ဆိုတဲ့နေရာဟာ မင်းဘ၀ရဲ့ ကျန်နေသေးတဲ့ ဘ၀အစိတ်အပိုင်း အချိန် တလျှောက်လုံးကို ဖြတ်သန်းရမယ့် နေရာမို့။
နေ့တွေကို ကိုယ်က မရေတွက်နဲ့။ နေ့တွေက ကိုယ့်ကို ရေတွက်ပါစေ။
ပျော်ရွှင်ခြင်းရဲ့သော့ချက်ဟာ အိပ်မက်ခြင်းပါ။ အောင်မြင်ခြင်းရဲ့သော့ချက်ဟာ အိပ်မက်များ အမှန်တကယ် အကောင်အထည်ပေါ်လာခြင်းပါပဲ။ အောင်မြင်ခြင်းဆိုတာ လိုချင်တာကို ရရှိခြင်း၊ ကံကောင်းခြင်းဆိုတာ မင်းရထားတာကို ဆက်ပိုင်ဆိုင်နေခြင်းပါတဲ့။ တကယ်တမ်းတော့ ပျော်ရွှင်ခြင်းဟာ မင်းလိုချင်တာကို ရလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက် မဟုတ်ပါဘူးကွာ။ မင်းမှာ ရှိနေတာကို လိုလိုချင်ချင် လက်ခံခြင်းပေါ်မှာပဲ ရှိတာပါ။
နားထောင်တတ်အောင် သင်ကြားပါနော်.. တခါတရံ အခွင့်အလမ်းဆိုတာ ဖွဖွလေး တံခါး ခေါက်ပြီး မင်းဆီကို လာတတ်လို့ပါ။
ကိုယ့်ခံယူချက်ပေါ်မူတည်ပြီး အချိန်ကောင်းဟာ အမှတ်တရကောင်းကို ဖြစ်ပေါ်စေပြီး အချိန်ဆိုးဟာ သင်ခန်းစာကောင်း ဖြစ်လာနိုင်ပါတယ်။
သိပ်မြန်မြန်ကြီး ခရီးသွားချင်စိတ်များနေရင် ရှုခင်းကို ငေးရတဲ့ အရသာကို လက်လွတ်တတ်ပါတယ်။ ဒါပေမယ့် သိပ်မြန်မြန်ကြီး အောင်မြင်ချင်၊ ချမ်းသာချင်တဲ့ စိတ်များနေရင်တော့ သူတပါးကို လှေကားလုပ် နင်းတတ်ပြီး အလှမ်းမတော် ချော်ကျ လိမ့်ကျ တတ်ပါတယ်။
ဘ၀မှာ ပန်းတိုင်ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ပါဘူးကွယ်။ ဘ၀ပန်းတိုင်ကို လှေကားထစ်လို နင်းတက် မှ ရောက်တဲ့ နေရာလို့ သတ်မှတ်မယ် ဆိုရင်တောင် ပန်းတိုင်ရောက်ဖို့ တကယ် နင်းတက်ရမှာက အခက် အခဲ များကို ဖြေရှင်းခြင်းဆိုတဲ့ လှေကားထစ်တွေပါ။ လူတွေကို မဟုတ်ပါဘူးနော်။
ပြီးတော့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြေရှင်းရာမှာလဲ လူတွေကို နင်းပြီး ထိုးကျွေးပြီး အသုံးချ ပြီး မဖြေရှင်းပါနဲ့။ ဒါဟာ အမှန်တကယ် ပြေလည်စေတဲ့ ဖြေရှင်းချက် မဟုတ်လို့ပါ။ အခက်အခဲတွေကို ဖြေ ရှင်းတဲ့ နေရာမှာ ဘယ်နှစ်ခုပြီးတယ် ဆိုတာ အရေးမကြီးပါဘူး။ ဘယ်လောက် ထိခိုက်မှု နည်းနည်းနဲ့ ဘယ်လောက်အရည်အသွေးကောင်းကောင်း မှန်မှန်ကန်ကန် အေးအေးချမ်းချမ်း ဖြေရှင်းခဲ့တယ် ဆိုတာက ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခက်အခဲတွေကို အများကြီး ဖြေရှင်းပေမယ့် မှားမှား ယွင်း ယွင်းကြီး ဖြေရှင်းမိရင် အမှားတွေ အများကြီး ဖြစ်ကုန်မှာမို့ ပတ်သက်ရာ ၀န်းကျင်ကို ပိုဒုက္ခပေးရာ ရောက် ကုန်မှာမို့ပါ။
အသက်ကိုပဲ စဉ်းစားနေမိရင် အသက် ၈၀မှာ ဘ၀စပြီး ၁၈နှစ်ဆီကို ပြန်ငယ်သွားရရင် ဘ၀ကြီးက ပိုနေ ပျော်စရာကောင်းမယ်နော်။ ဒါပေမယ့် အသိပညာ ဗဟုသုတ အတွေ့အကြုံကို စဉ်းစားမိရင် အသက် ၁၈နှစ်ကနေ အသက် ၈၀ဆီကို ကြီးလာရတာ စိတ်နှလုံး ကြည်မွေ့စရာ ကောင်းပါတယ်။
အသက်ကြီးတဲ့အကြောင်းပြောမှ လူတွေ အသက်ကြီးရင် အထီးကျန်စိတ်ပေါ်တတ်တယ်ဆိုတာ သတိရ မိတယ်။ အထီးကျန်ခြင်းဆိုတာ တကယ်တော့ အသက်နဲ့ မဆိုင်ပါဘူးကွာ။ လူတွေ အထီးကျန်နေရတာ တံတားတွေအစား ခြံစည်းရိုးတွေကို ဆောက်လုပ်ခဲ့ကြလို့ပါ။

No comments: