Saturday, September 1, 2007

ပုခုံး ၂ဖက်ကြား ခေါင်းပေါက်တဲ့ သတ္တ၀ါတွေ

လူ့လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကား ရှိပါတယ်။ ခု ရေးသားတင်ပြမှာကတော့ စိတ်အ ထွေထွေ မကတဲ့ အတ္တ အထွေထွေ ကြီးနေတဲ့ ပုခုံး နှစ်ဘက်ကြား ခေါင်းပေါက် နေသူ များကို စာရင်း ပြုစု ထားတဲ့ စာတမ်း ဖြစ်ပါတယ်.. လူတိုင်း ကြုံဖူး ပြီးသား ဖြစ်နိုင်ပါတယ်။ အထူး အဆန်း ကြီးတွေ တော့ မဟုတ်ပါဘူး။


လူ့ဂဏန်း။ ။ လူကြားထဲ လက်မကြီးထောင်ရင်း ကန့်လန့်ကန့်လန့် လုပ်တတ်သူတွေ၊ ပလိုင်းလို အကြပ် အတည်းထဲ ရောက်နေ ချိန်မှာ ကိုယ်တိုင်က ဖောက်မ ထွက်နိုင် တွယ်မတက် နိုင်လဲ သူများ တွယ်တက် နိုင်အောင် အားပေး ကူညီ ရမယ့် အစား တက်သွား သူတွေကို လိုက်ပြီး ဆွဲချ တတ်တဲ့ လူများ ကတော့ လူ့ ဂဏန်းများ ဖြစ်ပါတယ်။


လူတောင်ပို့။ ။ ဘုရားမှတ်လို့ ကိုးကွယ်ပါတယ် ဖွတ်ထွက်မှ တောင်ပို့မှန်း သိတယ် ဆိုတဲ့ စကား အတိုင်း ဟိတ်ဟန် ကြီးတတ် အယောင်ဆောင် တတ်ကြသူ များပါ။
လူ့ခြတောင်ပို့။ ။ သူကတော့ လူ့တောင်ပို့ထက် ဆိုးရွား ပါတယ် ဘုရားမှတ်လို့ ကိုးကွယ် ပါတယ် တောင်ပို့ ဖြစ်မှန်း တအိမ်လုံး ခြကိုက်လို့ ကုန်မှ သိရတယ် ဆိုတာ မျိုးပါ။ ဒုက္ခ ရောက်နေတုန်း ကယ်တင် လို့ ကျေးဇူးရှင် အမှတ်နဲ့ ကိုးကွယ်မိပါတယ် ဒီလို ကိုးကွယ် ခံရင်း အမြတ်ထုတ် နိုင်ဖို့ တမင်ကို ဒုက္ခ ရောက်အောင် တိတ်တိတ် နောက်ကွယ်က လုပ်တဲ့ လူစား တွေဟာ ဒီလူ့ခြ တောင်ပို့ များပေါ့။


ဆိတ်လူ။ ။ ဆိတ်များလို အမြဲ ၀ါးနေရမှ နေပျော်သူ တွေပေါ့။ ဆိတ်ဟိုဒင်းလို ဟိုဘက် ကပ်လိုက် ဒီဘက် ကပ်လိုက် သာပေါင်း ညာစား တွေလဲ ဒီစာရင်း ထဲမှာ ပါပါတယ်။


လူပဒတ်။ ။ ဖွတ်ကယ် မေ့မေ့ ပဒတ်ကယ် မေ့မေ့လို့ ရွတ်လိုက်တာနဲ့ ပြေးနေရတာ ဘာကြောင့် ဆိုတာ မေ့သွားလို့ လိုက်သူရဲ့ အဖမ်းကို ခံလိုက် ကြရတဲ့ ပဒတ်များဟာ သနား စရာပါ။ လူပဒတ် ကတော့ ဒီလို မေ့တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆိုးကွက်နဲ့ သူများရဲ့ ကောင်းကွက်ကို မေ့ထားကြတာပါ။ နေဘုန်းလတ် ရေးဖူးတဲ့ တ၀က်တပျက် မေ့သူများပါပဲ။
လူပုတ်သင်။ ။ ပြောသမျှ ခေါင်းညိတ် တတ်တဲ့၊ အရောင် ပြောင်းတတ် တဲ့ လူများဟာ ပုတ်သင်နဲ့ တူပါသတဲ့။


လူခွေးအ။ ။ ခွေးအ၊ မြေခွေးနဲ့ ၀ံပုလွေ တွေဟာ ကောက်ကျစ် တယ်လို့ နာမည်ကြီး ပါတယ်။ ဒါပေ မယ့် ခွေးအ များကလွဲလို့ ကျန်၂မျိုးဟာ တစ်ကောင် ချင်းလဲ အစာရှာ ထွက်ရဲတဲ့ သတ္တိ ရှိပါ သေးတယ်။ ပြီးတော့ သားကောင်ကို ကြီးငယ်မရွေး ခွန်အားသုံးမှု နဲ့ အမဲလိုက် ပုံစံ အတူတူ အမဲလိုက် ပါတယ်။ ခွေးအ များဟာ တစ်ကောင်ချင်း ဘာမှ အစွမ်းအစ မရှိပါဘူး။ အုပ်စု လိုက်တော့ အလွန် စွာကျယ် ပါတယ်။ သား ကောင် ကိုလည်း ဘယ်တော့မှ ရှေ့ကနေ ခုန်အုပ် ဆီးဖမ်း တာမျိုး မလုပ်ဝံ့ ပါဘူး။ နောက်က နေပဲ လိုက် ဆွဲ တတ်ပါတယ်။ သားကောင်က ရဲရင့်လို့ ပြန်တိုက်ရင် ကြောက်ရွံ့စွာ ထွက်ပြေးတတ် ပါသေး တယ်။ ဒါပေမယ့် ကောက်ကျစ်ပြီး အုပ်စု တောင့်လို့ ကတော့ ဆင်ပြောင်ကြီး ကိုတောင် မျက်စိကို သေးနဲ့ပန်းပြီး မျက်လုံး ကန်းတဲ့ အခါ အုပ်စုလိုက် ၀ိုင်းကိုက် သတ်ဖြတ် စားသောက် တတ်ပါတယ်။ အုပ်စု အားကိုးနဲ့ ခြင်္သေ့မ အုပ်စု ကိုတောင် အင်အားချင်း မမျှရင် ရန်မူ ရန်လို ဗိုလ်ကျ တတ်သေး တာပါ။ တောဘုရင် ခြင်္သေ့ ထီးကြီး သူ့ မိန်းမတွေရဲ့ အကူအညီ တောင်းတဲ့ ဟောက်သံ ကြားလို့ ထွက်လာ ရင်လား.. ဒီခွေးအတွေ အသံ ကြားတာ နဲ့တင် ပြေးလိုက်တာ တစ်ကောင်ကို တစ်ကောင် လှည့်တောင် မကြည့်ပါဘူး။ စောစောက စည်းလုံးမှု နဲ့ အုပ်စုဖွဲ့ မှုလေး ဘယ်ရောက် သွားမှန်းတောင် မသိရ တော့ပါဘူး။ ဒီလို လူ့ခွေးအ တွေကို မြင်ဖူးချင် တယ်လား။ မြင်ဖူး ကြပါ တယ်နော်။
ဒီလို ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်တဲ့ သတ္တ၀ါတွေကို နာမည်နဲ့လူ မတွဲမိကြ သေးတာပါ။ မြင်ဖူး ကြုံဖူး ကြပြီး သားပါ .. ဟုတ်တယ်ဟုတ်..

1 comment:

နေလင်း said...

အင်း ... အခုမှပဲ ကွက်ကွက် ကွင်းကွင်းမြင်တော့တယ်..နောက်ထပ်ရှိသေးရင် ရေးပါအုံး..ကျွန်တော်လည်း ဖတ်ပြီး ကိုယ့်ကိုယ်ကို ဘာနဲ့တူလဲလို့ ဆန်းစစ်မိလိုက်တယ်...ဘာနဲ့မှမတူဘူး.. ဟီး