Tuesday, August 28, 2007

ကျင့်ဝတ်... သစ္စာ

ကျင့်ဝတ်နှင့်သစ္စာဆိုသည်မှာ လူအများလေးစား လိုက်နာဖွယ်ရာ အရည်အချင်းများဟု သတ်မှတ်ခြင်း ခံရလေရာ သည်သတ်မှတ်ချက်ဟာ တကယ် ဟုတ်မှန် ပါရဲ့လားဟု တခါတရံ တွေးတောမိပါသည်။ ကျင့်ဝတ် နှင့်သစ္စာတိုင်း သည်လည်း လူအများ လေးစား လိုက်နာဖွယ်ရာ မကောင်း၊ လူအများ လေးစား လိုက်နာ ဖွယ်ရာ ကောင်းတိုင်းလည်း ကျင့်ဝတ်နှင့်သစ္စာ မဟုတ်ဟု ထင်ပါသည်။ စိတ်စေတနာ သည်သာ အဓိကဟု ထင်ပါသည်။

သည်နေ့ Year Book တွေ လက်ဆင့်ကမ်းသောနေ့...

ကိုယ့်ကို စာသင်ပေးလိုက်သော ဆရာ၊ ဆရာမများအားလုံးမှ ကျောင်းသားများအားလုံးအတွက် ရည်စူး ပြီး အမှတ်တရအော်တို ရေးပေးလိုက်သော စာတမ်းလေးများကို ဖတ်ကြည့်ရင်း စိတ်ကူးကောင်းလှသော စီစဉ်သူကို ကျေးဇူးတင်နေမိသည်။

စာတမ်း များထဲမှ ဆရာဇော်အော်တိုရေးပေးလိုက်သော "အင်ဂျင်နီယာ ကျင့်ဝတ်နှင့် အညီ လူအများ လေးစား အတုယူ ထိုက်သော အင်ဂျင်နီယာကောင်း တစ်ယောက် ဖြစ်ပါစေ" ဟူသော စာတမ်းလေးကို သဘောကျမိသည်။ အင်း ..အင်ဂျင်နီယာကျင့်ဝတ် .... ဆရာကလည်း မှာပေမပေါ့။ မြို့ပြ အင်ဂျင်နီယာ လောကမှာ တချို့အမဲစက်တွေ ကလည်း ဆိုရိုး တွင်ယူရ ပေသကိုး။

ကျင့်ဝတ်နှင့်သစ္စာဆိုသည်မှာ လူအများလေးစား လိုက်နာဖွယ်ရာ အရည်အချင်းများဟု သတ်မှတ်ခြင်း ခံရလေရာ သည်သတ်မှတ်ချက်ဟာ တကယ် ဟုတ်မှန် ပါရဲ့လားဟု တခါတရံ တွေးတောမိပါသည်။ ကျင့်ဝတ် နှင့်သစ္စာတိုင်း သည်လည်း လူအများ လေးစား လိုက်နာဖွယ်ရာ မကောင်း၊ လူအများ လေးစား လိုက်နာ ဖွယ်ရာ ကောင်းတိုင်းလည်း ကျင့်ဝတ်နှင့်သစ္စာ မဟုတ်ဟု ထင်ပါသည်။ စိတ်စေတနာ သည်သာ အဓိကဟု ထင်ပါသည်။ အဖြေမထွက်သေးပါ။ သည်လို အူကြောင်ကြောင် အတွေးတွေကို အများနဲ့ ကန့်လန့်တိုက်ပြီး လျှောက်တွေး၊ လျှောက်ငြင်းမိသဖြင့် အမြင်ကတ် ခံရပေါင်းလည်း များလှပြီ။ ဘယ်တော့မှလည်း နောင်မကြဉ်။ အခုလည်း နောက်အတွေးသစ် တစ်ခုက နှိပ်စက် နေသည်ကို ပျော်ပျော်ကြီး ယစ်မူးရင်း ပတ်ဝန်းကျင်ကို မေ့နေခိုက်

"ခွေးတွေ အမှုထဲ ပါလာတာ တော်တော်ခက်တယ်ကွာ။ သည်ခွေးတွေကို တိရ စ္ဆာန်တွေမို့ ခွင့်လွှတ်ရ အခက်၊ အပြစ်ပေးရ အခက်နဲ့။ တခါတခါ သူတို့ကြောင့် တချို့မှုခင်း တွေဟာ သိပ်ကို ကြီးကျယ် သွားခဲ့ရတယ်။ သင်းတို့ အဖြစ် ကလည်း သနားစရာ၊ ရယ်စရာ"

"သည်ဟာတွေကြောင့် တိရစ္ဆာန်တွေကို ကာကွယ်တဲ့ ဥပဒေတွေ ကို တချို့ နိုင်ငံတွေမှာ ထုတ်ပြန် ပြဌာန်း ခဲ့ရတာပေါ့။ တိရစ္ဆာန်တွေကို တလွဲသုံးမှု (ဥပမာ ခိုးမှု၊ လုယက်မှုတွေမှာ ခွေးတွေကို အသုံးပြုမှု)၊ မူးယစ်ဆေးဝါး ကျွေးပြီး တလွဲသုံးမှု (ဥပမာ ကျား နဲ့မိကျောင်း ဆက်ကပ်တွေ)။ သည်ဟာတွေဟာ တနည်းပြောရရင် တိရစ္ဆာန်တွေရဲ့ သစ္စာရှိမှု တွေကိုတောင် လူအမည်ခံထားတဲ့ လူသားမဆန်တဲ့ လူဆိုတဲ့ သတ္တ၀ါတွေက တကိုယ်ကျိုး အတွက် အသုံးချမှု တွေကြောင့် ဖြစ်ပေါ် လာရတာ တွေပါကွာ..."

ရဲနှစ်ယောက် အပြန်အလှန် ပြောဆို လာကြတဲ့ စကားတွေဟာ ကျွန်တော့ အတွက်တော့ ဧရာမ ဆုလာဘ် ကြီးပါပဲ။ ကျွန်တော့အတွေးတွေကို အချိန်ကြာမြင့်စွာ စိုးမိုးကုန်လွန်စေခဲ့တဲ့ သဘောတရားတွေရဲ့ အနှစ်ကို ကျွန်တော်ရလိုက်လို့ပါပဲ။

တပည့်ကျင့်ဝတ် မချွတ်စေရ ကျေပွန်ခဲ့ကြပြီး ဆရာတင် မှားမိလို့ ကြွေလွင့် သွားခဲ့ရတဲ့ တပည့်လိမ္မ္မာ ရာဇ၀င် လူဆိုးတွေ၊ လူဆိုးသခင်အပေါ် သစ္စာရှိ ခဲ့ကြလို့ ခွေးဆိုးစာရင်း ၀င် ခဲ့ကြရတဲ့ တော်သော၊ လိမ္မ္မာသောခွေးတွေ၊ အင်္ဂလိပ်သခင်အပေါ် သစ္စာရှိပြီး မြန်မာ့သမိုင်းမှာ ရာဇ၀င် ရိုင်းခဲ့ရတဲ့ ဂဠုန်ဦးစော၊ ဂျပန်ကို ဆရာတင်ပြီး စစ်ပညာ သင်ခဲ့သော်လည်း ဂျပန်က ကတိမတည်ဘဲ ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့သောအခါ ဂျပန်ကို အနိုင်ပြန် တိုက်ခဲ့သော၊ ဆရာထက် တပည့် လက်စောင်း ထက်သော၊ မျက်ကန်း တပည့်ကျင့်ဝတ်... သစ္စာကို မလိုက်နာသော မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ... ဆရာဆိုးကို စွန့်ပစ်ခဲ့သော အင်္ဂုလိမာလသည် ရဟန္တာ ဖြစ်ခဲ့ပါသည်။ ဆက်မိုက်လျှင်၊ လက်ညှိုးဖြတ်ခိုင်းသော ယခင် ဆရာဆိုးအပေါ် သစ္စာ ရှိရနေခဲ့လျှင် ငရဲကျ နေလောက်ပေပြီ။

မူအပေါ် သစ္စာရှိရ မည်လား၊ လူအပေါ် သစ္စာ ရှိရမည်လား၊ အမှန်တရားအပေါ် သစ္စာ ရှိရမည်လား၊ တစ်စုံ တစ်ယောက်အပေါ် သစ္စာ ရှိရမည်လား၊ အသင်းအဖွဲ့ တစ်ရပ်အပေါ် သစ္စာ ရှိရမည်လား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ ရှိရမည်လား၊ အထက်ပါ ဥပမာများက ဉာဏ်ရှိသူများကို လမ်းပြနေပါပြီ။ မင်္ဂလာတရားတော် ၃၈ပါးတွင် ပထမဆုံး ၂ပါးဖြစ်သော လူမိုက်ကို ရှောင်ကြဉ်ခြင်းနဲ့ ပညာရှိကို ဆည်းကပ်ခြင်း ဆိုသည့် အတိုင်း ထိုသူတို့အပေါ်တွင်သာ ကျင့်ဝတ် သစ္စာ ထားရှိသင့်သူအပေါ်မှာသာ တန်သလို ထားသင့်သည် ထင်ပါသည်။ လူမိုက်အပေါ် ကျင့်ဝတ် သစ္စာ မရှိသင့်ဟု မဆိုလို၊ ပတ်ကို မပတ်သက်နှင့် ဝေးစွာရှောင်ဟု မြတ်စွာဘုရားရဲ့ မင်္ဂလသုတ်က လမ်းညွှန်ပါသည်။

ကျင့်ဝတ်... သစ္စာ... ကျင့်ဝတ်... သစ္စာ ... ကျင့်ဝတ်... သစ္စာ....

နေရာ၊ အချိန်၊ အခြေအနေ တို့အပေါ် မူတည်ပြီး ဘယ်သူ့အပေါ်၊ ဘာအကြောင်း ကိစ္စအတွက် ထို ကျင့်ဝတ်... သစ္စာ သည် ရှိသင့် ရှိအပ်ပါသနည်း။ သို့သော် ထိုကျင့်ဝတ် ... သစ္စာသည်ကား အရေးကြီးလှသည် မှာ အမှန်ဖြစ်ပါသည်။ လူမသူတော်တို့၏ အသုံးချခံ စကားလုံး မဖြစ်ဖို့အသိ၊ သတိရှိရန် ဖြစ်ပါတော့သည်။


1 comment:

ရွက်ဝါ said...

ဒီပို့စ်လေးကောင်းတယ်။ စဉ်းစားစရာလေးတွေလည်း ရတယ်။ ကျေးဇူးပဲအမ။