Sunday, July 8, 2007

ကေသရာဇာ ခြင်္သေ့ဖြူ








သိမ်ဖြူဆရာတော် ရှင်နာဂသေနမထေရ် ရေးသားပြုစုတော်မူတဲ့ သားငါးကျေးငှက် အဘိဓာန်ထဲမှာ စာအဖြစ် ဖော်ပြထားတဲ့ ကေသရာဇာ ခြင်္သေ့ဖြူကို မြင်ဖူး ချင်လွန်းလို့ သတိထား ရှာဖွေခဲ့ရာက အင်တာနက်ထဲမှာ တွေ့လိုက်လို့ ဆရာတော်ရဲ့ သုတေသန မမှားကြောင်းသိလိုက်ရတဲ့ အတွက် အားလုံးကို ဝေမျှချင်စိတ်ပေါ်လာလို့ပါ။ ဆရာတော်က ခြင်္သေ့ဆယ်မျိုး ရှိတဲ့အကြောင်းကို သေသေချာချာ ရှင်းပြတဲ့အထဲမှာ ကေသရာဇာ ခြင်္သေ့အစစ်ဟာ တကိုယ်လုံး ဆွတ်ဆွတ်ဖြူပြီး နှာသီးဖျား၊ အာခံတွင်းနဲ့ ခြေဖျား လေးချောင်းလုံး ဟင်္သပြဒါးလို ရဲရဲနီတဲ့ အဆင်းရှိပြီး ကျောပေါ်မှာ အနီရောင်အစင်းဟာ လည်ဂုတ် စွန်းကနေ အမြီးရင်း အထိ ကိုယ်ရဲ့ အလျားအတိုင်း ပါရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲသည့်စာကို ဖတ်မိတုန်း ကတော့ ယုံရခက်ကြီးပါ။ ပျူခေတ်က ရှူးပျံကြီးလို သည်ခေတ်မှာ ရှိတော့မှာ မဟုတ်ပါဘူး လို့တောင် တွေးလိုက်မိပါသေးတယ်။ ရန်ကုန် တိရိစ္ဆာန်ရုံထဲက သစ်ရွက်ရော်ရောင် ခြင်္သေ့လောက်သာ မြင်ဖူးတဲ့ကျွန်မဟာ အင်တာနက် ဆိုတာကို ထိတွေ့ခွင့် ရကတည်းက ကျန်တဲ့ခြင်္သေ့ ကိုးမျိုး၊ ကိုးရောင်ကို လိုက်ရှာခဲ့တာ မကြာခင် စုံစုံလင်လင် တွေ့ဖူးပေမယ့် ကြန်အင် လက်ခဏာ ပြည့်စုံနေတဲ့ သည်ခြင်္သေ့ဖြူ ကိုတော့ မကြာခင်ကမှ စုံတွဲလိုက် တွေ့ခဲ့ပါတယ်။ အာဖရိက သစ်တော ကြိုးဝိုင်းထဲမှာ စိတ်တိုင်းကျ သွားလာ ကျက်စားနေတဲ့ သည်စုံတွဲကို သည်ဘလော့လာ မိတ်သဟာ များနဲ့ ဗဟုသုတ အဖြစ် ဝေမျှ လိုက်ပါတယ်။ ကေသရာဇာ ခြင်္သေ့ဟာ သူ့ကိုလာ မနှောင့်ယှက်ရင် ဘယ်သူ့ကိုမှ ရန်မလုပ် တဲ့အပြင် သူဗိုက်ဆာလို့ အစာရှာ ထွက်တော့မယ် ဆိုရင် တခြား သားစား တိရိစ္ဆာန် တွေလို သားကောင်ကို ချောင်းမြောင်း ဖမ်းဆီးတာ လုံးဝမလုပ်တဲ့အပြင် ၃ကြိမ်အရင် ဟောက်ပြီးမှ အားလုံးကို အရင်ပေး ပြေးပြီးမှ နောက်ကလိုက် ဖမ်းပါသတဲ့။ သားကောင် ငယ်လေးတွေ ကိုတော့ ဘယ်တော့မှ မဖမ်းဘဲ ဘေးမဲ့ပေးလေ့ ရှိပါသတဲ့။ ကိုယ်ဖမ်းတဲ့ သားကောင် ကိုသာ ကိုယ်စားလေ့ ရှိပြီး မကုန်လို့ ကျန်နေရင် စားချင်သူ စားနိုင်အောင် သည်အတိုင်း ထားခဲ့လေ့ ရှိပါသတဲ့။ အခြား အမျိုး ခြင်္သေ့တွေ ကျားတွေလို သူများ အကျန်နဲ့ မြက်၊ သစ်ရွက်ကို စားဖို့ ဝေးလို့ သူရှာတဲ့ သူ့အမဲ ကိုတောင် အကျန်ဆိုရင် မစား လောက်အောင် ကြီးကျယ် ပါသတဲ့။ သူ့ကို လာ အကဲစမ်းတယ်လို့ ယူဆလို့ ကတော့ ၂ကြိမ် တိတိ ရှောင်ထွက်တဲ့ အထိ ရန်လိုစိတ် နည်းလေ့ ရှိပါသတဲ့။ အဲ.. ၃ကြိမ်မြောက် လာအကဲ စမ်းတဲ့ အခါ မှာတော့ အပြတ်ရှင်းလေ့ ရှိပါသတဲ့။ သူ့ကို စိမ် ခေါ်ခဲ့တဲ့ ကိုးတောင် ကျားကြီး (ကျားက သူ့ထက် ကြီးပါတယ်) ကို ဘယ်လိုအသေ ကိုက်ခဲ့၊ နပမ်းလုံးခဲ့တယ် ဆိုတာ ရိုက်ပြထားတဲ့ ဗွီဒီယိုကလစ် လေးကိုတော့ ဘလော့မှာ ဘယ်လိုတင် ရမယ်ဆိုတာ သိတဲ့နေ့ တင်ပေးပါဦး မယ်ရှင်။ တဆက်တည်း တွေးမိတာက လူတိုင်းသာ အဟိတ် တိရိစ္ဆာန် ဖြစ်တဲ့ သည်ခြင်္သေ့လောက် စည်းစောင့်ပြီး အသိတရားရှိရင် လောကကြီး ပိုသာယာမယ်ဆိုတာပါပဲ။

No comments: