Friday, July 27, 2007

ကိုးကွယ်မှုနဲ့ အသုံးချမှု အပေါ် ကျွန်မနဲ့ ကိုဖြိုးရဲ့ စကားဝိုင်း သုံးသပ်ချက်

ဒီနေ့ စည်းအပြင်က ကိုဖြိုးနဲ့ ချတ်ရင်း ရလာတဲ့ အတွေးစလေးတွေအကြောင်းပါ။ မြန်မာ ဘလော့ဂါ အဖွဲ့အစည်းရဲ့ လိုဂိုနဲ့ ပတ်သက်ပြီး ရှုထောင့်တွေအကြောင်းဆွေးနွေးရင်း နဲ့ လိုဂိုအကြမ်းဆွဲထားတာကို ကျွန်မက နိမိတ်ကောက်ပြပါတယ်။ သူက နိမိတ်ကို အယုံအကြည် မရှိဘူးလဲ မဟုတ်ပေမယ့် အားမကိုး လောက်လို့ မယုံချင်ဘူး လို့ ပြောပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ လွတ်လပ်စွာ ကွဲလွဲခွင့်တွေကို လေးစားစွာ တန်ဖိုးထားရင်း ဆွေးနွေးဖြစ်ကြပါတယ်။

ကျွန်မကတော့ အယူတော် မင်္ဂလာ နိမိတ်ကျမ်းတို့ ဗေဒင်တို့ကို အားကိုးဖို့ ယုံကြတာ မဟုတ်ကြောင်း၊ အသုံးချဖို့ ဆန်းစစ်တာ သာ ဖြစ်ကြောင်း၊ ဗေဒင်ပညာနဲ့ နိမိတ်ကောက် အတတ်ပညာ တွေဟာ အားကိုး စရာ အဖြစ် ကိုးကွယ်ဖို့ မဟုတ်တဲ့ အကြောင်း အသုံးချစရာ ဖော်မြူလာ တစ်မျိုးသာ ဖြစ်ကြောင်း ပြန်လှန် ပြောဆို ဆွေးနွေးရင်းနဲ့ သည် နိမိတ်ကောက် ပညာတွေဟာ အသုံးချ တတ်ရင် ဆားပုလင်း နှင်းမောင် ၀တ္ထု ထဲက ဇာတ်လိုက်လို ဆက်စပ် စဉ်းစား တတ်ဖို့ အတွက်တော့ အထောက်အကူ ဖြစ်ပါတယ် လို့ ဆွေးနွေး ပါတယ်။

နောက်တော့ကိုဖြိုးက တရားနဲ့ယှဉ်ပြပြီး ဆက် ဆွေးနွေး ပါတယ် .. ဗုဒ္ဓ ဟောထား တာက ပစ္စုပ္ပန်ပဲ တည့် တည့် ကြည့်ခိုင်းတာဗျ အနာဂတ်ကို ကျော်မကြည့်ခိုင်းဘူးပေါ့လေ အတိတ်ကိုလည်း ပြန်မဆွေးခိုင်း ပါဘူး တဲ့ ။ ဟုတ်ပါတယ် တရားအားထုတ်တဲ့ နေရာမှာတော့ ပစ္စုပ္ပန်ပဲ တည့်တည့် ရှုခိုင်းတာ မှန်ပေမယ့် ကျန်တဲ့ နေရာမှာတော့ ရှေ့ရေးကို မြော်မြင်မှုကို ဘုရားက အားပေးပါတယ်။ ဘုရားကတော့ အနာဂတ်ကို ကြိုမြင် လို့ ဒေ၀ဒတ်ကို တံတွေးစားလို့ ကဲ့ရဲ့ပြီး နှင်ထုတ်တာ .. ဘုရားက အမြော်အမြင် ကြီးတာကို ခွင့်ပြုပါတယ် လို့ ကျွန်မက ပြန် ဆွေးနွေးပါတယ်။ သည်တော့ ကိုဖြိုးက ဗေဒင်ယတြာ ထိပ်ခေါင် ကောဏ္ဍည ပုဏ္ဏားကြီး တောင်မှ ဘုရားကို ကိုးကွယ် ခဲ့သားပဲ… ဘုရားက ဒေ၀ဒတ်ကို မကဲ့ရဲ့ပါဘူး… မင်းနဲ့ငါ အယူမတူတော့ဘူး မင်းဟာမင်း သတ်သတ်နေ လို့ပဲ ပြောတာပါ လို့ ကိုဖြိုးက ပြောပြန်ပါတယ်.. ဘလော့ဂါချင်း ပညာစမ်းပြီး တမင်ပဲ မေးတာ လားတော့ မသိပါ။ ကျွန်မကတော့ ဘုရားက ဒေ၀ဒတ်ကို တံတွေးစားသူလို့ ကဲ့ရဲ့တာ ဖြစ်ကြောင်း၊ ကောဏ္ဍည ပုဏ္ဏားက ဘုရားကို ကိုးကွယ်ရခြင်း အကြောင်းရင်းမှာ သူက ဗေဒင်ကို ခုခေတ် ကွန်ပြူတာ ပညာလို ထမင်းစား လက်မှတ် အဖြစ်ပဲ အသုံးချတာ ဖြစ်ပြီး ကိုးကွယ်စရာ မဟုတ်မှန်း သိတဲ့ အတွက် ဖြစ်ကြောင်း၊ အယူတော်မင်္ဂလာ ပဲဖြစ်ဖြစ် ဗေဒင်ပဲ ဖြစ်ဖြစ် ကျွမ်းကျင်မှုကို မကိုးကွယ်ဘဲ ပညာ တစ်ရပ်လိုပဲ အသုံးချဖို့သာ လိုကြောင်း ပြောဆို ဆွေးနွေးရင်း ကျွန်မတို့ နှစ်ယောက် သည်နေရာမှာ သဘော တူသလို ဖြစ်သွားခဲ့ ကြပါတယ်။

ဒေ၀ဒတ်က သက်သတ်လွတ် စားခြင်း အပါအ၀င် အချက် ငါးချက်ကို သံဃာကို ကျင့်ခိုင်းဖို့ တောင်းဆို တဲ့အခါ နဲ့ ဘုရား ပရိနိဗ္ဗာန်ပြုတဲ့အခါ သံဃာကို ဒေ၀ဒတ်က ကိုယ်စား ဘုရားအဖြစ် ဆက်လက် အုပ်ချုပ် ခွင့်ကို တောင်းတဲ့အခါ ဘုရားက ဒေ၀ဒတ်ကို တံတွေးစားသူလို့ ကဲ့ရဲ့ပြီး နှင်ထုတ်တာ ဒေ၀ဒတ်ရဲ့ သံဃာ ကို သင်းခွဲလိုတဲ့ အကြံကို သိလို့ရော၊ သည်အချက်တွေကို ခွင့်ပြုရင် သံဃာတွေ နောင်နှစ်ပေါင်း များစွာ ကြာအောင် သာသနာ ပြုနိုင်မှာ မဟုတ်တာ ကြောင့်ရော သာသနာမှာ ညစ်နွမ်း ကြောင်းတွေ ဖြစ်လာ နိုင်တာ တွေကြောင့်ပါ စဉ်းစားမိလို့ ခွင့်မပြုဘဲ ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုရတာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ကို မြော်မြင် နိုင်မှုဟာ သာသနာ အတွက်ပါ အရေးကြီး လှပါတယ်။ ဒါပေမယ့် အနာဂတ်ကို သိမြင် မြော်မြင် နိုင်မှု အတွက် ဗေဒင်နဲ့ နိမိတ်ကောက် ပညာ ကိုချည့် အားကိုး နေစရာ တော့လဲ မလိုအပ် လှပါဘူး။ သည်ပညာတွေက ခက်ခဲနက်နဲ ရှုပ်ထွေးတဲ့ အတွက်ရော အာရုံ စူးစိုက်မှု အားကောင်း ခြင်းပါ လိုအပ်တဲ့ အတွက် တော်ရုံလူက မှန်ကန်အောင် မကောက် တတ်တာလဲ ရှိနိုင် ပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန် ဆန်းစစ် နိုင်သူ ဟာလည်း အနာဂတ်ကို ကြိုတင် မှန်းဆ နိုင်တာ ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အတိတ်က လုပ်ရပ် အကြောင်း တွေကြောင့် ပစ္စုပ္ပန် အကျိုးဆက်တွေ ရသလို ပစ္စုပ္ပန်မှာ လုပ်တဲ့ အကြောင်းတရား ကြောင့်လဲ အနာဂတ်မှာ အကျိုးပေးမှာ ဖြစ်လို့ပါပဲ။

ကောဏ္ဍည ပုဏ္ဏားရဲ့ ဗေဒင် ပညာကို အသုံးချ ပုံကိုတော့ ကျွန်မ သဘောကျ လှပါတယ်။ လက်တစ် ချောင်း သာ ထောင်ပြီး ဘုရားစစ်စစ် ဧကန် ဖြစ်မယ်လို့ ဟောတာကို သဘော မကျတဲ့ သုဒ္ဓေါဒန မင်းကြီး ရဲ့ နှင်ထုတ်မှု ခံရတဲ့အခါ သူဒီလို ဖြစ်မယ် ဆိုတာ သူ့ကိုယ်သူ ဗေဒင် တွက်ရင် သိပါတယ်။ ဒါပေမယ့် ဗေဒင်သစ္စာ ကို စောင့်စည်းပြီး အမှန် အတိုင်း ဖြေပါတယ်။ သူဟာ ဒီဘ၀ မှာတင် ဂေါတမ ဘုရားရဲ့ သာသနာမှာ ပထမဆုံး တရားရသူ ဖြစ်မယ် ဆိုတာလဲ သူ့ကိုယ်သူ သိနိုင် ပါတယ်။ ဒီတော့ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသား တောထွက်တော့ သူတို့ငါးဦး အတူတူ နောက်ကနေ လိုက်သွား ကြပါတယ်။ မြတ်စွာဘုရား ဒုက္ကရ စရိယာ ကျင့်စဉ် မှာတောင် ရေပူ ရေအေး ကပ်ပြီး စောင့်နေကြ ပါသေးတယ်။ မြတ်စွာဘုရားက အကျင့်မှားကို ဆင်ခြင်မိပြီး အစားပြန် စားတော့ သူတို့ သံသယ၀င်ပြီး ဘုရားလောင်းကို စွန့်ခွာ ခဲ့ကြပါတယ်။ ဒါပေမယ့် ဘုရားပွင့်မှာ သေချာ တာကို သိနေတဲ့ သူတို့ဟာ ဘုရား ပထမဦးဆုံး တရားဦး ဟောမယ့် မိဂဒါဝုန် တောမှာ ရသေ့ဝတ်ရင်း သွားစောင့် နေပါတော့တယ်။ စောင့်နေတဲ့ သူတို့ဆီကို ဘုရားက ကြွလာပြီး တရားဟော တော်မူ ခဲ့သလို သူတို့ ငါးဦးလုံးလဲ ရဟန္တာများ ဖြစ်ခဲ့ကြ ပါတယ်။ သူ့ရဲ့ ဗေဒင် ပညာကို အသုံးချနည်း လေးပါပဲ။ သည်တော့ ကျွန်မတို့လဲ သူ့ကို နမူနာ ယူပြီး ဗေဒင်ကို အသုံးချခံ ပညာ တစ်ရပ်လို သဘောထားပြီး အသုံးဝင်အောင် အသုံးပဲ ချကြပါစို့။ အသုံး ချစရာ ပညာဟာ ကိုးကွယ် စရာ မဟုတ်ပါကြောင်း သည်မှာ တခါတည်း ပြောခဲ့ချင်ပါတယ်။

ဒီနေရာမှာ တလက်စတည်း ကျွန်မရဲ့ သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုး ဆောင်းပါးမှာ ကိုဖြိုးရဲ့ မှတ်ချက်လေး ကို အဖြေပြန်ချင်ပါတယ်။ ကိုဖြိုးက ဗုဒ္ဓနဲ့ ဓမ္မ ယတြာ ဆိုတဲ့ အသုံးအနှုံးကို မကြိုက်ပါဘူး။ ဘုရားရဲ့ တရား တော် တွေကို လိုက်နာ ကျင့်သုံးတာပဲ ဖြစ်စေချင်ပြီး ယတြာ တစ်ရပ်လို အသုံးချ တာကို မနှစ်မြို့နိုင်တာ ဖြစ်ပါတယ်။ ကျွန်မလဲ တကယ်တော့ ဘုရားရဲ့ တရားတော် တွေကို ရိုရိုသေသေ ကျင့်သုံးတာကိုပဲ လိုလား ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ မြန်မာတစ်နိုင်ငံလုံး ဂမ္ဘီရနဲ့ ဗေဒင်၊ အထက်လမ်းကျင့်စဉ်တွေ တရားလွန် လွှမ်းမိုး နေတာကို စိတ်မကောင်း စဖွယ် တွေ့နေရတာ မငြင်းနိုင်ပါဘူး။ သည်လို အခြေအနေ မှာ ဘုရား တရားလို့ တိုက်ရိုက်ပြောရင် လှည့်ထွက် သွားမယ့်သူ များနေပါတယ်။ လူတွေဟာ ယတြာ တစ်ရပ် ကို ထွက်ပေါက် တစ်ခုလို သဲကြီးမဲကြီး နောက်က လိုက်နေချိန်မှာ တရားကို ထိုးပေးရင် မယူနိုင်ပဲ လှည့်ထွက်သွားခဲ့ရင် လုံးဝ မရရုံသာ ရှိပါမယ်။ ဒါကြောင့် တရားတော်တွေကို ယတြာတစ်ရပ် လောက် တောင် အားမကိုးနိုင် ဖြစ်နေတဲ့ သည်လူတွေကို ရွယ်စူးပြီး ယတြာ ခေါင်းစဉ်တပ် ဆောင်းပါးမှာ တရား တော် တွေရဲ့ အစွမ်းကို ထည့်ရေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာထပိဏ် သူဌေးသား မောင်ကာဠလို ပိုက်ဆံအတွက် တရားနာရင်း သောတာပန် ဖြစ်ခဲ့သလို ဖြစ်စေဖို့ ရည်ရွယ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထည့်ရေးခဲ့ပါသေးတယ်။ လင်းနို့သား ငါးရာတောင် တရားသံကို ကြည်ညိုစိတ် ဖြစ်ရုံနဲ့ လူ့ဘ၀ရောက် တော့မှ ပဌာန်း တရားကို နာကြားရာမှာ အထုံပါ ခဲ့ဖူးလို့ တရားအဆုံးမှာ ရဟန္တာ ငါးရာ ဖြစ်ခဲ့ရတဲ့ အထိ စွမ်းတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဘယ်လိုနည်း နဲ့ပဲ ဖြစ်ဖြစ် အထုံပါ စေချင်တဲ့ စေတနာနဲ့ အဲဒီ ဆောင်းပါးကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မ တွေကို တလွဲအသုံးချစေချင်တဲ့ စိတ်စေတနာ လုံးဝ မရှိခဲ့ ပါဘူး။ ဗုဒ္ဓရဲ့ ဓမ္မ တွေရဲ့ တန်ဖိုးကို ယတြာ တစ်ရပ် အဖြစ် အဆင့် နှိမ့်ချ ပစ်တာလဲ မဟုတ်ပါဘူး။

မြတ်စွာဘုရားဟာ သူ့ရဲ့ အဖေတူ အမေကွဲ (အမေသာ ကွဲသော်လည်း သူ့အဒေါ်ရင်း ဖြစ်သူ) ညီတော် နန္ဒရဲ့ မင်္ဂလာဆောင်မှာ သတို့သားကို သပိတ်ထမ်းပြီး ကျောင်းကို လိုက်ပို့ခိုင်းပြီး တခါတည်း ရဟန်းပြု ပေးခဲ့စဉ်က ညီတော်နန္ဒဟာ မပျော်နိုင်ဘဲ လူထွက်ချင် နေချိန်မှာ နတ်သမီးနဲ့ မျှားခဲ့ရပါတယ်။ သူ့ သတို့ သမီးထက် အဆရာထောင်ချီ လှပသူ နတ်သမီးများကို ပြပြီး ရဟန်းတရားအားထုတ်ရင် နတ်သမီး ရနိုင် တယ်လို့ ပရိယာယ် ဆင်ခဲ့ရပါတယ်။ တရားမရရင်တောင် သီလကြောင့် နောက်ဘ၀မှာ အနည်းဆုံး နတ်ပြည် ရောက်နိုင်လို့ပါ။ ဒါပေမယ့် အားထုတ်ရင်း ညီတော်နန္ဒ ရဟန္တာ ဖြစ်ခဲ့ပါတယ်။ ဒီသဘော တရား လေး အတိုင်းပါပဲ။ သတို့သမီး သိပ်လွမ်းနေတဲ့ ညီတော်ကို အသုဘ ကမ္မဌာန်း သွားပေးလို့ အရာမထင် နိုင်သလို ယတြာကို သိပ်တောင့်တ နေတဲ့ လူများစုကြီးကို တရားအတင်းနာခိုင်း ကျင့်သုံးခိုင်းလို့ မရနိုင် ပါဘူး။ ဒါပေမယ့် ဘုရားက သူ့တရားတော်ကို မကိုးကွယ်ခိုင်းဘဲ ကျင့်သုံးခိုင်းတာပါ။ ဘုရားကို တစိမ့်စိမ့် ထိုင်ကြည့် ကိုးကွယ်နေတဲ့ ၀က္ကလိရဟန်းကို နှင်ထုတ်ပြီး တရားတော်ကို မကျင့်သုံးရင် အချည်းနှီးသာ လို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တိုင် တရားတော်ကို ကျင့်သုံးတဲ့ နည်းမှတပါး သံသရာမှ ထွက်မြောက်စရာ အခြား အားကိုးရာမရှိ ဆိုတာကမှ ဓမ္မံ သရဏံ ဂစ္ဆာမိ ရဲ့ အဓိပ္ပာယ် အစစ်ပါ။ ဒါကြောင့် ကျွန်မရဲ့ ဆောင်း ပါး ဖြစ်တဲ့ သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုးကို ဆိုလိုရင်း မပျောက်စေဖို့ တခါတည်း ဒီမှာပဲ ဆက်ရှင်း ပေးခဲ့ ပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုက တရားတော် အစစ်အမှန်တွေဟာ ဘာအတွက်ပဲ ကျင့်သုံးတာ ဖြစ်ပါစေ၊ စေတနာ မှန်ရင် ကောင်းကျိုး ပေးတာ အမှန် ပါပဲရှင်။

No comments: