Thursday, June 21, 2007

ကိုယ့်ဝန်းကျင်ကို ပန်းအလှဆင်မယ်

၂၀၀၃ခုနှစ်မြို့ပြအင်ဂျင်နီယာ ကျောင်းဆင်းတော့ အလုပ်သင် အင်ဂျင်နီယာလခက ၃သောင်းတဲ့။ ကျောင်း သူဘ၀ အားလပ်ချိန်မှာ ပန်းအိုးထိုး သင်တန်းက ၀ါသနာအရ တက်ထားမိတော့ ပန်းအိုးထိုးနည်း သင်ပေး တဲ့ဆရာမက ပြောထားဖူးသည်။ ဟိုတယ်တွေမှာ ဖက်ရှင်ပြပွဲတွေ၊ ပညာရေးပြပွဲတွေ၊ အစည်းအဝေး ပွဲကြီး တွေနဲ့ မင်္ဂလာဆောင်တွေမှာ ပန်းထိုးဖို့ ဆရာမကို လာငှားရင် သမီးကူနိုင်မလားတဲ့။ မင်္ဂလာဆောင်မှာ သတို့သား၊ သတို့သမီးရှေ့မှာ အလှထိုးတဲ့ ငွေဖလားတစ်လုံးကို ပန်းထိုးခ ကျပ် တစ်သောင်းခွဲတဲ့။ နေပူထဲမှာ တနေကုန်ပင်ပင်ပန်းပန်း အသက်အန္တရာယ်နီးနီးမှာ တလလုံးအလုပ်လုပ်ခက ဟိုတယ်ထဲ လေအေးစက် အောက်မှာ ပန်းအိုး၂လုံး ထိုးရုံနဲ့ ရမယ့်လက်ခနဲ့ တူနေပါလားလို့ ရင်နာသွားတယ်။ အင်ဂျင်နီယာ လုပ်နိုင်ဖို့ ၆နှစ်သင်ခဲ့ရတယ်။ ပန်းအိုးအလှ ထိုးတတ်ဖို့ ၆ရက်သင်ခဲ့ရတယ်။ “လောကကြီး က ဘာတွေဖြစ်နေလဲ မသိတော့ပါဘူး.. ပန်းအိုးပဲ ထိုးတော့မယ်ပေါ့”

ပန်းအိုးထိုးနည်း စာအုပ်တွေကို လိုက်ရှာ စုဆောင်း တော့ ပြသနာစရော… ရှားလိုက်တဲ့စာအုပ်။ ပန်းအိုး ထိုးနည်း ပုံစံလေးတွေ လိုက်စုမယ် ဆိုတော့ တိုရေရှားရေ နိုင်လိုက်တဲ့ လုပ်ဖော်ကိုင်ဖက်များ။ နောက်ဆုံး အမေရိကန် စင်တာနဲ့ ဗြိတိသျှသံရုံး စာကြည့်တိုက်တွေမှာ သွားရှာတော့ ဇာတ်စုံကျင်းသွားတယ်။ သူတို့ အုပ်စုလိုက် အလှည့်ကျ စာအုပ်ကို မောင်ပိုင်စီးထားလိုက်တာ.. မနက်ဖြန် သည်စာအုပ် လာပြန်အပ် လိမ့် မယ် အစ်မ .. ဆိုတဲ့ စာကြည့်တိုက် ၀န်ထမ်းလေးရဲ့စကားအရ နောက်နေ့ မနက် စာကြည့်တိုက် မဖွင့်ခင် ကတည်းက စာကြည့်တိုက် စာအုပ်အပ်တဲ့ ကောင်တာလေးမှာ ခြေညောင်းအောင် စောင့်နေခဲ့ရတယ်။ ဘယ်အချိန် လာအပ်မယ်မှန်း မသိလို့။ ဟော… လာအပ်တော့ ၂ယောက်သား သည်စာအုပ်ကို သူဆက်ယူ မယ်တဲ့။ အဲ ၂ပတ်ငှားခွင့်ရှိဆိုလို့ စောင့်ပါတယ်။ နောက်တစ်ခေါက်လဲ ထိုနည်းလည်းကောင်း… တန်ပါ တော့ လို့ ကိုယ့်ကိုယ်ကို ချွေးသိပ်ပြီး ကတည်းက သံဓိဌာန်ချလိုက်တယ်။ သူများစေတနာနဲ့ လှူတဲ့စာအုပ် ကိုတောင် ကိုယ်ကလွဲရင် သူတပါးဖတ်ဖို့ မသဒ္ဓါတဲ့ စိတ်ဓာတ်ကို ကိုယ်ပိုင်စာကြည့်တိုက် ထောင်ပြီးကို တိုက်ဖျက်ပစ်မယ်လို့။ စာအုပ်ဖိုးတွေက ကြောက်ခမန်းလိလိမို့ ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီး ဖြိုမယ်ကြံ၊ ခါးမသန် ဖြစ်နေရာက အကြံကောင်း ရလာတာက အီလက်ထရောနစ် စာကြည့်တိုက်ပါ။ ကြိုက်တဲ့ အီလက်ထရောနစ် စာအုပ်၊ သတင်းအချက်အလက်များကို စိတ်ကြိုက် အခမဲ့ လာရောက်ကူးယူ ဖတ်ရှုလေ့လာနိုင်ကြစေဖို့ … မကြာခင်လာမည်။ မျှော်ပါလို့ သတင်းကောင်းပါးလိုက်ပါသည်။

1 comment:

yuyusan said...

အမရေ ပန်းအလှဆင်နည်းလေးတွေကို ဘယ်မှာကူးယူနိုင်မလဲ ပြောပြပေးပါနော်