တောင်ကြီး တန်ဆောင်တိုင်၊ ယဉ်ကျေးမှု နဲ့ အမိမြေ
(သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ပို့စ်လေး ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ နိုဝင်ဘာမှာ ထွက်ဖို့ ကြိုးစား ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် နောက်ကျ သွားခဲ့ရ ပေမယ့် အတတ် နိုင်ဆုံး ဆက်လက် ကြိုးစား ခဲ့ကြတဲ့ သံလွင်အိပ်မက် ၀ိုင်းတော်သားများ အားလုံး ရဲ့ ကြိုးစား မှုကြောင့် ခုတော့ စာဖတ်သူများ ရှေ့မှောက်ကို ရောက်လာခဲ့ပါပြီ။ စာဖတ်သူများ တခုခု ရသွားရင် ကြိုးစားရကျိုး နပ်ပါပြီရှင်။)
မှတ်မှတ်ရရ ၁၉၉၇ နိုဝင်ဘာမှာ ရန်ကုန် ချမ်းမြေ့ရိပ်သာကျောင်းမှာ လာရောက် တရား အားထုတ် ကြတဲ့ နိုင်ငံခြားသား ဘုန်းတော်ကြီးနဲ့ သီလရှင်များက တောင်ကြီး ချမ်းမြေ့ ရိပ်သာကို သွားမှာမို့ စကားပြန်နဲ့ သာသနာရေး နားလည်သူ ကျွန်မက ကပ္ပိယ ဖြစ်ခဲ့ရ ပါတယ်။ တောင်ကြီးမြို့ အရှေ့ဘက် ပအို့ဝ် ရွာလေး တစ်ရွာ ဖြစ်တဲ့ ထီဟန်ဆွေး ရွာမှာ ရွာပေါင်း ၆၄ရွာ စုပေါင်း ဘုံကထိန် လုပ်မှာမို့ အတူ အဲဒီရွာကို သွားရင်း အဲဒီရွာက ဘုန်းတော်ကြီး ကျောင်းမှာ တစ်ညတာ တည်းခို ကြပါတယ်။ ရွာဦးကျောင်းက ကြီးကျယ် ခမ်းနား ထည်ဝါလိုက်တာ ရွာကျောင်း လို့တောင် မထင် ရပါဘူး။
ရေသန့်စက်နဲ့ တစ်ရွာ လုံးကို ရေသန့် ဝေနိုင်ပါတယ်။ ပတ်ဝန်းကျင် မှာလဲ ရေတံခွန်တွေ၊ တောင် တွေနဲ့မို့ လှပ သာယာ လိုက်တဲ့ ဖြစ်ခြင်း။ ရောက်ရောက်ချင်း ညမှာ တစ်လမ်းလုံး ဖုန်ပေ လာလို့ ရေချိုး ချင်တဲ့ ကျွန်မနဲ့ သီလရှင် ငယ်လေးကို ချမ်းမြေ့ရိပ်သာ ကျောင်းက သီလရှင် အုပ်ကြီးက ရေပေးမချိုးပါဘူး။ အေးလွန်းလို့ လေဖြတ်တာ၊ နေမကောင်း ဖြစ်တာ မဖြစ်ရ အောင်ပါ။ ကျွန်မ တို့ကတော့ သူမသိအောင် ခိုးချိုး ပါတယ်။ ရေချိုးရင်း ခုန်ပေါက်ရင်း ရီမောရင်းနဲ့ပေါ့။ မခုန်လို့ ရှိရင် သွေးခဲပြီး သေသွား နိုင်တယ် လို့တောင် ထင်ရအောင် အေးတာပါ။ ညစ်ပတ်နေရင် မနေတတ် တော့လဲ ဖြစ်အောင် ချိုးတာပေါ့။ ပြီးမှ ရေနွေးကြမ်း ဓာတ်ဘူး နှစ်ဗူး ကုန်အောင် သောက်ရင်း အချမ်းဖြေ ရပါတယ်။
ပါလာတဲ့ လူတွေကို ညစာ ကျွေးတော့ ရယ်ရခက် ငိုရခက်ပါ။ တောင်ပေါ် မြို့မို့ ဘဲရှားတဲ့အတွက် ဘဲဥကို တန်ဖိုးကြီး စားစရာအနေနဲ့ ဘဲဥသုတ် လုပ်ကျွေး ပါတယ်။ တခြား ရှမ်းဟင်း တွေလဲ ထူးထူး ဆန်းဆန်း အများကြီး စားရ ပါတယ်။ ကျွန်မ တို့တွေက စားရခဲတဲ့ ရှမ်းဟင်းတွေကို တ၀ကြီး လွေးနေချိန်မှာ သူတို့က ဘဲဥ ဟင်းတွေ ထည့်ပေး ပါရော။ ရှင်းပြရပါတယ်။ အောက်ပြည် အောက်ရွာမှာ ဘဲပေါတဲ့ အတွက် ဘဲဥ ပေါကြောင်း၊ မုန်းအောင် စားရလေ့ ရှိကြောင်း၊ တောင်ကြီး ရောက်ခိုက် ရှမ်း အစားအစာ ကိုသာ ကြုံတောင့် ကြုံခဲ စားရ တာမို့ ရှမ်းစာ ကိုသာ သူတို့လို စားပါရစေ ပိုကြိုက် ပါတယ်လို့ ပြောပြ ရပါတယ်။ တကယ်လဲ ဒီအချိန်မှာ ဟော်တယ်စာ မှာကျွေးရင် စိတ်ညစ် ဦးမည်။ ဟိုတယ် စာက ဘယ်ဟိုတယ် တက်တက် ဒီအရသာချည့်။ ခရီး ထွက်ချိန် မှာတော့ အရသာ အပြောင်း အလဲ ဖြစ်တဲ့ ဒေသခံ အစားအစာကိုသာ ကျွန်မတို့ မက်မော တာပါလို့ ရှင်းပြတော့ သူတို့တွေ ၀မ်းသာအယ်လဲ။
နောက်နေ့မနက် နေမထွက်ခင် အစောကြီး ကတည်းက ရှမ်းအိုးစည်နဲ့ မောင်းသံ စည်းချက် ညီညီ အသံကို ကြားရလို့ နိုးလာပါသည်။ ကြက်သရေ ရှိလိုက်တဲ့ မနက်ခင်း ပါပေ။ ချမ်းလွန်း ပေမယ့် အနွေးထည် အထပ်ထပ်နဲ့ ရွာထဲကို ထွက်ကြည့်တော့ နက်ပြာရောင် ရိုးရာ ၀တ်စုံ၊ လိမ္မော်ရောင် တဘက်တွေ ခေါင်းမှာ ပေါင်းပြီး ပဒေသာ ပင်တွေ ထမ်းလို့ ခုန်ပေါက် ကခုန်နေတဲ့ လူတန်း ကြီးကို တွေ့ပါရော အိုး မြတ်စွာ ဘုရားလို့ တမိပါတယ်။ ထင်းရှူး ပင်ပျို တစ်ပင် လုံးကို အရွက် သပ်ပြီး အလှ စက္ကူနဲ့ ပတ်ကာ တစ်ပင်လုံး ကို ၂၀၀ တန်နဲ့ ၅၀၀ တန် ငွေစက္တူ များချည်း ပဒေသာပင် သီး ထားပါတယ်။ အဲဒီခေတ်က ရွှေ တစ်ကျပ် သား မှ ကျပ် သုံးသောင်းသာ ရှိတဲ့ခေတ်ပါ။ နောက် ပဒေသာပင် တစ်ခုကလဲ ဘုန်းတော်ကြီး ကျောင်း ခေါင်မိုး ထိအောင် မြင့်ပြီး တစ်ပင်လုံးကို မယ်လမင်းနဲ့ စတီး အသုံးအဆောင် များချည်း တန်ဆာ ဆင်ပြီး ဘုန်းကြီး ကျောင်းကို လှူဖို့ သယ်လာ ကြပါတယ်။ တမူးရလို့ တပဲလှူ တို့ရှမ်း တောင်သူ တူနိုင် ရိုးလား ဆိုတဲ့ စကားကို လက်တွေ့ သိမြင် လိုက်ရ ပါတယ်။ ပြီးတော့ ပဒေသာ ပင်က မှတ်မှတ် ရရ ဆယ်ပင် ကျော်ပါတယ်။ ခေတ်ကာလ တန်ဖိုးအရ အများကြီးကို အဖိုးတန် တာပါ။ တောင်ပေါ် ရွာလေးက ရွာသူ ရွာသားများ က အဲလောက်ကို လှူနိုင် တန်းနိုင် တာပါ။
ပဒေသာပင်ကို လှည့်ရာ မှာလည်း ဒီအတိုင်း သယ်ရုံမက အိုးစည်တီး မောင်းတီးရင်း ရှမ်းဓားသိုင်း ကနေတဲ့လူ နောက်ကနေ ပဒေသာ ပင် ထမ်းသူ များကပါ ခြေထောက်ကို ရှေ့တိုး နောက်ဆုတ် အကွက် ကျကျ ကခုန်ရင်း ကကွက် ညီညာစွာ စီတန်း လှည့်လည် လာတာ ကိုလဲ အံ့သြ တကြီး တွေ့ရပါတယ်။ ကထိန်ပွဲ ပြီးတဲ့ နောက်နေ့ မှာ ရွာထဲကို လျှောက်လည် ပါတယ်။ တောင်ယာ ခုတ်ဖို့ လူတိုင်း ထွက်နေ ချိန်မို့ အိမ်များ အားလုံး လူမရှိ ပေမယ့် တံခါး မရှိ တာကို တွေ့ရပါတယ်။ ခြံစည်းရိုး ဆိုတာကလဲ ရင်ခေါင်းလောက် အမြင့် ရောက်ရုံ စိုက်ထူ ထားတဲ့ ၀ါးပိုးလုံးကို အပေါက်ဖောက်၊ ၀ါးပိုးလုံး သုံးချောင်းကို အစိတ်အကျဲ ညီညီနဲ့ စိုက်ထားတဲ့ ၀ါးပိုး လုံးရဲ့ အခေါင်း ပေါက်မှာ စွပ်ပြီး ခြံစည်းရိုး လုပ်ထား တာဟာ လူတစ်ဖွဲ့ ကောင်းကောင်း ကျော်ခွ စရာတောင် မလိုဘဲ ခြံထဲကို ၀င်နိုင် တာပါ။ နောက်ပြီး သီးပင် စားပင် တွေကို ခြံစည်းရိုး နားမှာ ကပ်စိုက် ထားပြီး သစ်သီး ခူးဖို့ တံချူ ကိုတော့ ခြံအပြင်ဖက် ကနေ ထောင်ပေး ထားတာ တွေ့လိုက် ရပါတယ်။ ဒါကြောင့် လိုက်ပြသူ ဒေသခံ အစ်ကိုနဲ့ အစ်မကြီး တို့ကို မေးမိပါတယ်။
ခွန်.. ခြံကလဲ လူက အသာလေး ၀င်လို့ ရနေတယ် နော်
ဒေသခံ။ နွားတွေ ခြံထဲ မ၀င်အောင်ဘဲ စည်းရိုးခတ်ထားတာလေ လူမ၀င်အောင် ခတ်တာမှ မဟုတ်ဘဲ (မြတ်စွာဘုရား သူခိုးရန်ကို လုံးဝ ပူစရာ မလိုတဲ့ သဘောပဲ၊ သူ့လူမျိုးကို စော်ကားသလို ဖြစ်မှာ စိုးလို့ မေးတောင် မမေးရက်။)
ခွန်.. ရွာထဲမှာ လူလဲ မရှိဘဲ အိမ်တံခါးတွေက ပွင့်လို့
ဒေသခံ။ ဧည့်သည်က ကြိုက်တဲ့ အိမ်ပေါ်တက်ပြီး အိမ်လည်ခေါင်က မီးလင်းဖိုမှာ ရေနွေးကျို သောက် မီးလှုံရင်း ကြပ်စင်ပေါ်က အသားခြောက်တွေ စိတ်ကြိုက် ကင်စားလို့ ရတယ်လေ။ အိမ်ရှင် မရှိလဲ လာတဲ့ ဧည့်သည်ကို ဧည့်ခံနိုင်တဲ့ သဘောပေါ့။ (ဆက်တွေးရမှာတောင် ရှက်လာသည်။ ရိုးသားပွင့်လင်း အကောင်း မြင်ကြ သလောက်လဲ တစ်ရွာလုံးတင်မက ရွာနီးချုပ်စပ်က ရွာသားများပါ အကျင့် စာရိတ္တ ဖြူစင် ကောင်းမြတ်လွန်း လှသည်ဟု ကောက်ချက် ချရမလို ဖြစ်နေပါပြီ)
ပြောပြောဆိုဆိုပင် လိုက်ပို့သူ ဒေသခံ အစ်ကိုနဲ့ အစ်မတို့က နီးရာ အိမ်တစ်အိမ်ထဲ ၀င်ပြီး ရေနွေး ကျို သောက် အပန်းဖြေရင်း ဆတ်သား ခြောက် ကင်ဖို့လုပ်သဖြင့် တားရပါသည်။ ကောင်း လိုက်တဲ့ လက်ဖက်ခြောက် မွှေးမွှေး လတ်လတ် ဆတ်ဆတ်လေး။ ကောက်ညှင်း ရွက်ခေါ် လက်ဖက်မွှေး ရွက်ကလေး ခတ်ထား သောကြောင့် ချိုရီ မွှေးမြ အရသာ ရှိလှသည်။
တောသား အရိုင်းအစိုင်း၊ မြို့သား လူယဉ်ကျေး ဆိုသော အမြင်ကျဉ်း သတ်မှတ်ချက် အခေါ် အဝေါ် များကို ပြန်သတိရရင်း စိတ်ထဲမှာ နင့်နင့်သီးသီး ခံစားလိုက်ရသည်။ ရွာလေးမို့ ဆင်းရဲမှာပဲ ဟု ထင်ထားသော်လည်း စိတ်ထား အလွန် မွန်မြတ် သိမ်မွေ့သော တောသူ တောင်သား တိုင်းရင်းသား များကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဦးညွတ် မိလေသည်။ ဇိမ်ခံ အသုံးအဆောင် ပစ္စည်း ဆင်းရဲ သယောင် ရှိသော်လည်း စိတ်ကောင်း စိတ်မြတ် အကျင့် စာရိတ္တ ကောင်းမြတ်မှုများ အတုမရှိ ချမ်းသာ လှပါပေတယ်လို့ ကောက်ချက် ချမိပါသည်။
အိမ်ပေါ်က ပြန်အဆင်း ခြံထဲက အထွက် ခြံတံခါးနားက မာလကာပင်မှာ ခြံအပြင်ကနေ မှီပြီး ထောင် ထားတဲ့ တံချူကို တွေ့ပါတယ်။ ဘာလို့ တံချူကို အိမ်ထဲ မသိမ်းဘဲ အပြင်ကနေ ထောင် ပေး ထားတာလဲ လို့ မေးမိတဲ့ မေးခွန်းကို ပြန်ဖြေတဲ့ အဖြေကြောင့် ကျွန်မ တော်တော် ရှက်သွား ပါတယ်။
အိမ်ထဲသိမ်းထားတော့ တံချူကို အိမ်သားပဲ သုံးရမှာပေါ့။ အိမ်သားက ခူးမစားဖြစ်ရင် ဒီအသီးက အလကား ဖြစ်သွား နိုင်တယ်လေ။ အပြင်မှာ ထားပေးမှ လမ်းသွားရင်း မြင်တဲ့သူ စားချင်သူက အလွယ်တကူ ခူးသွား နိုင်တော့ အသီးလည်း အလကား မဖြစ်တော့ဘူးပေါ့တဲ့။
ကျွန်မ မြင်ဖူး နေကျ အသီးမခူးရ၊ အိမ်ရှေ့ ကားပိတ်မရပ်ရ၊ ခြံစည်းရိုးတွင် သေးမပေါက်ရ စသဖြင့် စုံလင်လှစွာသော ဆိုင်းဘုတ် များကို ပြန်မြင်ယောင်ရင်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဒီ ရိုးသား ဖြူစင်ပြီး အကျင့် စာရိတ္တကောင်းလွန်းလှသော ဒီရွာလေးကို တအား ချစ်သွား ပါတယ်။ စိတ်ထဲမှာလဲ ဒီရွာလေးမှာ တစ်ညနဲ့ တစ်ရက် တာ အချိန် ကုန်လွန် ရတာ ကြက်သရေ ရှိလိုက်တာ အေးချမ်း လိုက်တာ လို့ ခံစား ရေရွတ် မိပါတယ်။ ပြန်အထွက်မှာ ဆယ်နှစ်တောင် မပြည့်တတ် သေးတဲ့ ကလေး သုံးယောက်လောက် လမ်းမှာတွေ့ပါ တယ်။ ဒါနဲ့ အိတ်ထဲက ချောကလက်နဲ့ ချိုချဉ်ကို ထုတ်ပေးတော့ ပြူးကြောင်ကြောင်နဲ့ ကြည့်ပြီး မယူဘဲ လှည့်ပြေး ကြပါတယ်။ လိုက်ပို့တဲ့ အစ်မက ပြောပါတယ်။ သူတို့ ဒါမျိုးတွေ မစားတတ်ဘူး တဲ့။ စားနေကျ ရာသီစာ သီးနှံတွေနဲ့ သူတို့အဖို့ လုံလောက် ပါတယ်။ ထူုးထူး ဆန်းဆန်းတွေ မလိုအပ်ပါဘူးတဲ့။ သိပ်ခေါင်ပြီး မြို့ပြနဲ့ အဆက်အသွယ် ပြတ်နေတာ မဟုတ်တဲ့ ဒီရွာလေးမှာ တက္ကသိုလ် ဘွဲ့ရတွေ ဒုနဲ့ ဒေး ရှိပေမယ့် အားလုံးက ရွာလေးဆီကို ပြန်လာ ကြပြီး ရိုးရာ မပျက် ခေတ်ပညာ တတ်အောင် သင်ကြား ပေးနေကြ ကြောင်းလဲ ကြားသိခဲ့ ရပါတယ်။ သူတို့တွေက မြို့ပြ က ခေတ်ပညာ တွေကိုပဲ သူတို့ ရွာလေးကို သယ်လာ ခဲ့ကြ ပါတယ်။ မြို့ပြက အငွေ့ အသက် ဆိုး တွေကို မသယ်လာ ခဲ့ကြဘူးတဲ့၊ သူတို့ ရွာလေးရဲ့ ချစ်စရာ ဓလေ့ စရိုက် ရိုးရာလေး တွေကို ဆက်လက် ထိန်းသိမ်း ထားခဲ့ကြတဲ့ သူတို့ကို ကျွန်မ ပိုလို့ လေးစားစွာ ဦးညွတ် အသိ အမှတ် ပြုလိုက် မိပါတယ် ရှင်။ ငါ အဘွားကြီး ဖြစ်ရင် ဒီရွာလေးမှာ လာနေရင်း ခေါင်းချမယ် လို့တောင် တွေးမိ ဆုံးဖြတ် မိရတဲ့ အထိပါပဲ။
သူတို့ လိုသာ ကမ္ဘာ အရပ်ရပ်မှာ ပညာသင်နေ၊ အလုပ်လုပ် နေသူတွေ ကျွန်မတို့ရဲ့ အမိမြေ မြန်မာ ပြည်ကြီး ဆီကို အဆင့်မြင့် ပညာတွေ၊ ကောင်းမွန် စုံလင်တဲ့ အသိ ပညာတွေ ကိုချည်း သယ်လာပြီး နိုင်ငံ တကာက မကောင်းတဲ့ အကျင့်ဆိုး တွေကို ခ၀ါချ ခဲ့ကာ ရောက်ရာ နေရာ ကနေ မြန်မာ ပြည်ကြီး ဆီကို ပြန်လာမယ် ဆိုရင်ဖြင့် အမိမြေ ခမျာ ဘယ်လောက်များ ၀မ်းသာရှာ မလဲနော်။
No comments:
Post a Comment